ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေဆို

ခွန်းကလိုင်းဖရီး

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ) ပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအတွက် ဝန်းရံကူညီသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ခုပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကရင်နီပြည်လူမျိုးစုလူငယ်ထု တွေ့ဆုံနှီး နှောဖလှယ်ပွဲကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အတိုင်းဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးစုလူငယ် ဦးဆောင် ကော်မတီ ဘုတ်အဖွဲ့ဝင် ခွန်းသောမတ်က ပြောပါတယ်။

“ စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပေးတာမျိုးပေါ့။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ကယောခွင်ထဲရောက်ရင်တော့ ကယောလူငယ်တွေကို လွှတ်ပေးတာမျိုး၊ ကယန်းခွင်ထဲရောက်ရင်တော့ ကယန်းလူငယ်တွေကို လွှတ်ပေးထားမျိုး။ အဲဒါမျိုးနဲ့ ဝန်းရံဖို့ အားလုံးက သဘောတူထားကြတယ်လို့” ၎င်းက ဆက်ပြောပါတယ်။

အဆိုပါ ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီကို ကယားလူမျိုးစုလူငယ်၊ ကယောလူမျိုးစုလူငယ်၊ ကယန်းလူမျိုးစုလူငယ်၊ ကော်ယော်လူမျိုးစုလူငယ်၊ ယင်းတလဲလူမျိုးစုလူငယ်နဲ့ ကရင်လူမျိုးစုလူငယ် စတဲ့ ကယား(ကရင်နီ)ပြည်နယ်တွင်းမှာ နေထိုင်တဲ့ လူမျိုးစုလူငယ် (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

“အဓိကက တိုင်းရင်းသားပါတီ ပြည်နယ်အခြေစိုက် နှစ်ပါတီက KNP ရယ် KySDP ရယ် ဝန်းရံဖို့ပေါ့နော်။ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့က သဘောထားကျထားပြီ၊ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အတိုင်းပဲပေါ့နော်။” လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

ထို့အပြင် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ နော်ဖောဝါးကလည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ခုလို ပြောပါတယ်။

“ ကျမတို့ LAIN အနေနဲ့ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေသအခြေစိုက်ပါတီတွေကို ဝန်းရံသွားဖို့ ကျမတို့ ဆုံးဖြတ်ထားပါတယ်။ ဒေသအခြေစိုက်ပါတီတွေဖြစ်တဲ့အတွက် ကျမတို့ ပြည်နယ်ရဲ့ အခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေ သူတို့က ပိုပြီးသိတယ်” လို့ ပြောပါတယ်။

ဒေသအခြေစိုက်ပါတီတွေသာ အစိုးရယန္တရား၊ လွှတ်တော်ကဏ္ဍတွေမှာ ရောက်လာမယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမို ထိရောက်စေနိုင်သလို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုခရီးလမ်းကို ပိုပြီး သွားနိုင်မယ်လို့ သူက ဆိုပါတယ်။

ဒေသအခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ(KNP)နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီ (KySDP) တို့ မဟာမိတ်ဖွဲ့ထားပြီး ကယားတစ်ပြည်နယ်လုံး မဲဆန္ဒနယ်မြေ (၃၄) နေရာအနက် KysDP က နေရာ (၃၀) နဲ့ KNP က (၄) နေရာသာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

Comments

comments

Next Post

ပြည်သူတွေ ရသင့်တဲ့ မြေတွေကို တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာ မူဝါဒနဲ့အညီ ဆောင်ရွက်ပေးနေ

Sat Jul 25 , 2020
နော်ဒွေးအယ်ခူ တပ်သိမ်းတောင်ယာမြေပြဿနာနဲ့ပတ်သက်ပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ တောင်ယာမြေတွေကို ပြည်ထောင်စုအစိုးရထံတင်ပြထားပြီး တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာမူဝဒါနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ “ပြည်သူတွေ ရသင့်ရထိုက်တဲ့ ပြန်လည်တောင်းဆိုတဲ့ ပိုင်ဆိုင်သင့်ပိုင်ဆိုင်ထိုက် ပြန်လည်တောင်းဆိုတဲ့မြေတွေကိုတော့ ကျတော်တို့ပြန်လည်စွန့်လွှတ်ပေးနိုင်ဖို့အတွက် တင်ပြပါတယ်။ဒီလိုစွန့်လွှတ်ဖို့တင်ပြတဲ့နေရာမှာလည်းပဲ မူနဲ့အညီစီစစ်ပြီး ခရိုင် မြို့နယ် ပြည်နယ်အဆင့်ဆင့်စီစစ်ပြီး ပေးသင့်ပေးထိုက်တဲ့မူဝါဒတွေနဲ့အညီ ပြည်ထောင်စုအစိုးရ သိမ်းဆည်းလယ်ယာမြေဗဟိုကော်မတီ တင်ပြပြီး စီမံဆောင်ရွက်ပြီးပါပြီ” လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် စတုတ္တ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန္တာရဝတီတိုင်း(မ်)ရဲ့ တောင်သူတွေရဲ့ တပ်သိမ်းမြေပြဿနာကို ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေလဲဆိုတဲ့ မေးခွန်းကို ဝန်ကြီးချုပ်က ဇူလိုင်လ ၂၄ ရက်နေ့က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့သိမ်းဆည်းခြင်းဆိုင်ရာ မူဝါဒနည်းလမ်းစဉ် (၅၂)ချက်နဲ့အညီ စီစစ်ပြီး တပ်မြေသိမ်းဆည်းမှုများနှင့်စပ်လျဉ်းတဲ့ […]

ဆက်စပ်သတင်းများ