spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာမှာ အရေးပေါ်ယာယီဖြေရှင်းရေးကော်မတီကိုဖွဲ့ပြီး အမှုတွေကို ဖြေရှင်းပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာမှာ စခန်းအတွင်း ဖြစ်ပေါ်လာတဲ့ အထွေထွေ ပြဿနာတွေကို အရေးပေါ်ယာယီ ဖြေရှင်းရေးကော်မတီတစ်ခုဖွဲ့စည်းပြီး၊ အဲဒီကော်မတီကနေ ဖြေရှင်းပေးတဲ့စနစ်တစ်ခုကို ကျင့်သုံးနေတယ်လို့ ကရင်နီပြည် ဆိုတရှားမြို့နယ်မှူး ဦးဒါဝီကပြောပါတယ်။

“ကျနော်တို့မှာ တရားရေးရုံးလည်းမရှိသေးဘူးလေ။ အမှုစစ် အမှုလိုက်လည်း မရှိသေးတဲ့ အခါကျတော့ ဥပမာသူတို့ အိမ်တွင်းအကြမ်းဖက်မှု တစ်ခုခု၊ ဘေးပတ်ဝန်းကျင် တစ်ခုခု လူသတ်မှု တို့ ကြံစည်မှု တစ်ခုခု စသဖြင့်ပေါ့။ အမှုနဲ့ ပတ်သက်လာရင် ဖြေရှင်းပေးမယ့် လူမရှိလို့သာ မဖြစ်မနေ ကော်မတီဖွဲ့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ဒီ ရှိတဲ့ လူထုတွေစုပြီးတော့မှ ကော်မတီဖွဲ့ ပြီးတော့မှ အရေးပေါ် ယာယီ ဖြေရှင်းရေးကော်မတီဆိုတာ ဖွဲ့စည်းထားရခြင်းဖြစ်ပါတယ်။” လို့ ဆိုတရှားမြို့နယ်မှူး ဦးဒါဝီက ပြောပါတယ်။ ဦးဒါဝီဟာ မြို့နယ်မှူးဖြစ်သလို အဆိုပါ အရေးပေါ်ယာယီဖြေရှင်းရေးကော်မတီရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

အဲဒီကော်မတီဟာ စခန်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ လင်မယားကွာရှင်းပြတ်စဲမှုနဲ့ မူးယစ်သောက်စားပြီး ဘေးပတ်ဝန်းကျင်နှောင့်ယှက်မှု စတဲ့ အမှုတွေကို အဓိက ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဘေးဒုက္ခသည်စခန်းမှာ ကရင်နီပြည် ဒေသပေါင်းစုံက လူထုတွေ လာရောက် တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၄၀၀၀ ကျော် ရှိပါတယ်။

“အခုကျနော်တို့ လောလောဆယ်ဖြေရှင်းနေရတဲ့ အမှုက အိမ်တွင်းအကြမ်းဖက်မှုရယ်၊ နောက်ပြီးတော့မှ ဘေးပတ်ဝန်းကျင်နှောင့်ယှက်မှုရယ် အဲဒီဟာတွေပဲ။ ကျ‌နော်တို့ ဘေးပတ်ဝန်းကျင်နှောင့်ယှက်မှု၊ လင်မယားကွာရှင်းမှု တို့ဘာတို့ ဆိုတာကလည်း ကျနော်တို့ မကွာရှင်းပေးနိုင်ဘူး။ ကျနော်တို့ပြန်လည် ပေါင်းစည်းဖို့ပဲ အဓိက ကျနော်တို့ သူတို့ရဲ့ သဘောထားကို ယူပြီးတော့မှ တစ်ဖက်တစ်လမ်းအနေနဲ့ သူတို့ရဲ့ ထွက်ဆိုချက်အရပဲ ကျနော်တို့ ဖြေရှင်းသွားပေးပါတယ်။” လို့ ဦးဒါဝီက ပြောပါတယ်။

အဆိုပါကော်မတီကို အုပ်ချုပ်ရေးရုံးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ပညာရေးအဖွဲ့၊ ရပ်မိရပ်ဖတွေအပါအဝင် ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး ‌ဖွဲ့စည်းထားတာဖြစ်ပြီး တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အမှုတွေကို ဖြေရှင်းတဲ့နေရာမှာလည်း နှစ်ဖက် ဆက်စပ်သူတွေအားလုံးရဲ့ သဘောတူညီချက်ရယူပြီး ဆုံးဖြတ်ချက်ချ အရေးယူတဲ့ပုံစံ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပြီးကာလအတွင်း အမှုပေါင်း ၉ မှုအထိ ဖြေရှင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ လူသတ်မှု၊ ရာဇဝတ်မှုတို့လို အမှုကြီးတွေကိုတော့ ဖြေရှင်းပေးနိုင်တဲ့ သက်ဆိုင်ရာ တရားရုံးရှိတဲ့နေရာတွေကို လွှဲပြောင်းပေးတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲ့ ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အဖွဲ့များကို ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ကတော့ လက်ရှိမှာ အုပ်ချုပ်ရေးနှင့် တရားရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ပြီလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ရုံတင်မကဘူး၊ အခု တရားစီရင်ရေးလုပ်ငန်းတွေ ကိုပါကျတော်တို့ စလုပ်‌နေပြီပေါ့နော။ ဆိုတော့ ဒီ ဥပဒေပြုရေးလုပ်ငန်း အနေနဲ့ကတော့ ကျတော်တို့ လိုအပ်တဲ့ ဥပ‌ဒေရှိရင်တော့ကျ‌နော်တို့ ရေးဆွဲမယ်၊ ပြဌာန်းမယ်။ လောလောဆယ်ကတော့ ကျတော်တို့ မူဝါဒ အဆင့်လောက်နဲ့ပဲပေ့ါ ကျတော်တို့ သွားမယ် KSCC ကနေပေါ့နော။ အဲလိုမျိုးတော့ ရည်မှန်းထားတာပေါ့။” လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ဘေးဒုက္ခသည်တွေ များပြားလာတဲ့ ကရင်နီပြည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ပျက်ပြားသွားခဲ့ပါတယ်။ လက်ရှိ ကရင်နီပြည်မှာ စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၂၀၀ ကျော်ရှိနေပြီး၊ စစ်ဘေးဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေကတော့ စခန်းတွင်းဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရပါတယ်။

spot_img
spot_img

Recent posts