မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )
အသက် ၅၀ ကျော်အရွယ် ဒေါ်နော်ကောရယ် ကတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးဒုက္ခသည် စခန်းတစ်နေရာက သူမရဲ့ တဲအိမ်လေးထဲ ထိုင်ရင်း သူမဟာ နာတာရှည်ဝေဒနာကို ခံစားနေရတာကြောင့် တခြားသော စစ်ဘေးရှောင်ပြည်သူတွေလို ရုန်းကန် လှုပ်ရှားရတာ ပိုခက်ခဲကြောင်းကို သက်ပြင်းချရင်းတလှည့်၊ ပြုံးရင်းတလှည့် ပြောပြနေပါတယ်။
သူမဟာ ငယ်စဉ်ကတည်းက ပန်းနာရင်ကြပ်ဝေဒနာကို ခံစားရတာဖြစ်ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ သွေးတိုး၊ ဆီးချို စတဲ့ နာတာရှည်ဝေဒနာတွေကို ထပ်မံခံစားလာရတဲ့အပြင် သွေးဆုံးသားဆုံး ဝေဒနာတွေကြောင့်လည်း ပန်းနာရင်ကြပ်ကို ပိုမိုခံစားလာရတယ်လို့ ဆိုပါတယ်။
သူမဟာ နာတာရှည်ရောဂါကို ငယ်ရွယ်စဉ်ကတည်းက ခံစားလာခဲ့ရတာဖြစ်ပြီး ယခု အသက် ၅၀ ကျော်အရွယ်အထိ ရှင်သန်လာနိုင်ပေမယ့် ရံဖန်ရံခါ ဝေဒနာပြင်းထန်လာတဲ့အခါ သေမင်းနဲ့ အမြဲ စစ်ခင်းနေရတာပါ။ အခုလို ဆောင်းရာသီကာလနဲ့ မိုးတွင်းမှာဆိုရင် သူမဟာ ဝေဒနာကို ပြင်းထန်ပါတယ်။
သူမရဲ့ တဲအိမ်လေးဟာ ဝါးပိုးထိုးကုန်တာကြောင့် ကျလာတဲ့ဝါးအမှုန်တွေကို နေ့စဉ်ညတိုင်း ရှုရတဲ့အခါ အသက်ရှုပ်ကြပ်တာကို ပိုမိုခံစားရတယ်လို့ ပြောပြပါတယ်။
သူမ စစ်ရှောင်နေစဉ် တစ်နှစ်ခွဲကျော်ကာလအတွင်း သူမနဲ့အတူ စစ်ဘေးရှောင်နေတဲ့ ရွယ်တူအမျိုးသမီးတစ်ဦးဟာ နာတာရှည်ဝေဒနာခံစားရတဲ့အတွက် ဝေဒနာပြင်းထန်နေချိန်မှာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီ မပို့ဆောင်နိုင်တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
“ သူ နောက်ကျသွားတယ်လေ ဆေးရုံ၊ နောက်ကျတယ်လေ။ နာတာရှည်ပဲ။ ဆီးချို၊ သွေးတိုး၊ သွေးဆုံးသားဆုံး သူ့ဟာ သုံးမျိုးပါတယ်ကော။ ဆေးခန်းသွားဖို့လည်း သူ့ယောက်ျားလည်း သူ့ကို မသယ်နိုင်ဘူး။ သူ တအားဝတယ်လေ။ ကားလည်း ငှားဖို့ အဆင်မပြေဘူး အဲ့လိုမျိုး။ နောက် တခါတလေလည်း သူများ မအားရင် မပို့ပေးနိုင်ဘူးပေါ့။ တစ်ပတ်နှစ်ပတ်လောက်နေတော့ သူ ဆုံးသွားတယ်။” လို့ သူမနဲ့ စစ်ရှောင်ရင်း အသက်ဆုံးရှုံးသွားရသူနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောပြတာပါ။
သူမဟာ အားနည်းလာတဲ့အချိန်မျိုးတွေမှာ ဝေဒနာကို ပိုပြီးခံစားရတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ရှောင်ပြည်သူ ဖြစ်နေရတာကြောင့်လည်း အဟာရပြည့်မယ့် အစားအသောက်တွေကို ဝယ်ယူစားသောက်နိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါ အဟာရဖြစ်စေမယ့် နို့မုန့်၊ ဂျုံမုန့် စတာတွေကို စစ်ရှောင်စခန်းရှိ ကလေးငယ်များအတွက် အလှုရှင်များက လာရောက်ပံ့ပိုးပေးတဲ့အခါ သူမဟာ သူမမှာ ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ လဲလှယ်ပြီး စားသုံးရတာမျိုးတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ကလေးတွေမှာလည်း အဟာရဓာတ်လိုအပ်တာကြောင့် သူမအနေနဲ့ မကြာခနလဲလှယ်ဖို့လည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။
သူမဟာ စစ်ရှောင်ဘဝ တစ်နှစ်ခွဲကျော်အတွင်း နှစ်ကြိမ်ရွေ့ပြောင်း စစ်ရှောင်ရသူဖြစ်ပါတယ်။ ယခင်နေရာမှာနေတုန်းက သောက်နေကျ ဆေးတွေ ပြတ်လပ်သွားတာမျိုးကို ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းမှာ နေထိုင်တာကြောင့် ဆေးရှိတဲ့နေရာကို သွားယူဖို့ အခက်အခဲရှိတဲ့အတွက် ဆေးပြတ်ရခြင်းဖြစ်တယ်လို့ သူမက ဆိုပါတယ်။
“အရင်တုန်းက တဖို(ကျေးရွာ) မှာနေရင် ပြတ်တောက်ပြတ်တောက်၊ နောက် တခါတလေလည်း ကိုယ့်ဟာကို လာယူဖို့ဆိုရင် ဆိုင်ကယ်လည်း မစီးတတ်ဘူး။ အခက်အခဲ ရှိတယ်လေ။ ဆေးပြတ်သွားတယ်ဆိုတာ သွားမယူနိုင်လို့ ပြတ်သွားတာ အဲ့လိုမျိုး၊ ဆရာမလာရင်တော့ ရတယ်။ လာယူပြောတယ် ဆိုင်ကယ်မစီးတတ်ဘူး။ နောက် သူများကို မှာလည်း မရဘူးကော။ ကိုယ့်ကို လာယူရတယ်လေ။” လို့ သူမက စစ်ရှောင်နေစဉ်အတွင်း ကြုံရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ပြောပြတာပါ။
အာဏာမသိမ်းခင်ကာလတွေတုန်းကတော့ ဝေဒနာကို ခံစားရချိန်မှာ ဆေးရုံ၊ ဆေးခန်းကို အချိန်မရွေးသွားလို့ ရပေမယ့် အခုတောတောင်ထဲမှာ စစ်ရှောင်နေရတဲ့အခါမှာတော့ ပတ်ဝန်းကျင်က ရတဲ့ အကူအညီတွေနဲ့ စစ်ဘေးဒုက္ခသည် စခန်းရဲ့ ဆေးခန်းလေးမှာပဲ ကုသနေရပါတော့တယ်။
“အသက်ကြီးလာတော့လည်း ပိုဆိုးလာတယ်လေနော။ အသက်တဖြည်းဖြည်းကြီးလာတော့ ခံနိုင်ရည်သိပ်မရှိတော့ဘူးလေ။ အဲ့လိုမျိုးပေါ့။ ပိုဆိုးလာတာပေါ့။ အိမ်မှာနေရင် ဖြစ်လာပြီဆို ကိုယ်က နည်းနည်းဖြစ်တယ် ဆေးသောက်ရင်းနဲ့ ပျောက်မယ်ထင်လို့ တစ်ပတ်နှစ်ပတ် မပျောက်ဘူးဆို ဆေးခန်းသွားပြတယ်။ ဆေးထိုးတယ်။ သက်သာတယ်။ ဒီမှာကျတော့ နည်းနည်းဝေးဝေး ခံစားရတာပေါ့။ တစ်ပတ်ပျောက်မဲ့ဟာ နှစ်ပတ်ခံစားရတာပေါ့။” လို့ လက်ရှိမှာ သူမ ခံစားနေရတဲ့ သူမရဲ့ ဝေဒနာအခြေအနေကို ပြောပြပါတယ်။
သူမဟာ ခင်ပွန်းဖြစ်သူရယ်၊ ကျောင်းနေအရွယ် သားဖြစ်သူနဲ့ အတူ စစ်ဘေးဒုက္ခသည် စခန်းတနေရာမှာ နေထိုင်ကြပါတယ်။
သားဖြစ်သူကျောင်းတက်ချိန်၊ အမျိုးသားဖြစ်သူ အလုပ်သွားချိန်တွေမှာ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလာရရင် ကူညီရာမဲ့ပြီး သေမင်းတမန်နဲ့ အမြဲတဆေ စစ်ခင်းနေရတယ်လို့ ပြောပြရင်း သူမရဲ့ ဝေဒနာဟာ မည်မျှလောက် ပြင်းထန်ပြီး အကူအညီလိုအပ်နေကြောင်းကို စကားပြောနေစဉ် သူမရဲ့ ပျော့ပျောင်းလာတဲ့ စကားသံ၊ မျက်ဝန်းထဲက စီးကျလာတဲ့ မျက်ရည်နဲ့ အံကြိတ်ပြီး ခံစားနေရတဲ့ သူမရဲ့ နေ့ရက်တွေက သက်သေပါပဲ။
“ကျန်းမာရေးကောင်းရင် ပျော်ပါတယ်။ ဘာမှမဖြစ်ဘူး။ မပျော်လည်း နေတတ်တယ်။ စစ်ရှောင်လည်း ပျော်ပါတယ်။ ဒီလိုနေတာ ပိုတောင်ပျော်သေးတယ်။ ဘာမှ မမက်မောပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်လာရင် တအားခံစားရတယ်။ အဖော်ရှေ့မှာဆိုတော့ ဟန်ဆောင်ပန်ဆောင်ပေါ့ စကားကောင်းကောင်း ပြောရတယ်။ ဒါပေမယ့် တအားခံစားရတယ်။” လို့ သူမက ဝေဒနာခံစားရတဲ့သူမအဖို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် သာမန်စစ်ဘေးရှောင်ပြည်သူတွေထက် ပိုပြီးခက်ခဲပင်ပန်းကြောင်းကို ဝမ်းနည်းစွာ ဖွင့်ပြောလာတာပါ။
စစ်ဘေးဒုက္ခသည် စခန်းက ဆေးခန်းမှာ သောက်ဆေးတွေကို တစ်လတစ်ခါ ယူနေရပေမယ့်
ခံစားရတဲ့ ဒေါ်နော်ကောရယ်တို့လို နာတာရှည် ဝေဒနာသည်တွေအတွက် ဆေးမစုံလင်လင် တော့ မရနိုင်ပါဘူး။
ဒီဇင်ဘာလအတွင်းမှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးဒုက္ခသည် စခန်းတနေရာမှာ ဆေးဝါးကုန်သွားတာကြောင့် ဆေးခန်းကို ယာယီပိတ်လိုက်ရတာလည်း ရှိခဲ့ပါတယ်။
ဒေါ်နော်ကောရယ်တို့ လို နာတာရှည်ဝေဒနာသည်တွေဟာ ဆေးဝါးကို အချိန်ပြည့် ဆောင်ထားဖို့လိုအပ်ပြီး ဆေးဝါးပြတ်လပ်လာရင်တော့ အသက်အန္တာရာယ်အထိပါ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ စေတနာ့ဝန်ထမ်း ကျန်းမာရေးဆရာမတစ်ဦးက ဆိုပါတယ်။
နာတာရှည်ဝေဒနာသည်တွေဟာ ဆေးရုံ၊ ဆေးခန်းနဲ့ အနီးဆုံးနေရာမှာ မနေနိုင်ရင်တောင် သက်ဆိုင်တဲ့ ဆေးတွေကို အမြဲမပြတ် ဆောင်ထားဖို့ လိုအပ်တယ်လို့ အဆိုပါ ဆရာမက ဆက်ပြောပါတယ်။
“ကြုံရတာပေ့ါ။ ဆေးဝါးက အမြဲမလောက်ဘူး။ မလောက်ဘူးဆိုတာ သူ့ဟာက ရောဂါ အခြေအနေပေါ် မူတည်ပြီးတော့မှ ဒီတစ်ယောက်ကိုမှ သုံးမျိုးလောက် ပေးရမဲ့ဟာကိုမှ။ အခုက ဆေးတွေက ဘာလို့ပြတ်လဲဆိုရင် လမ်းခရီးအနေအထားကြောင့်လည်းပါတယ်။ စစ်ကောင်စီဖက်က ဆေးဝါးသယ်ယူမှုတွေက ကန့်သတ်ထားတယ်ပေါ့နော။ လိုအပ်သလောက်လည်း ဆေးတွေ မှာလို့ မရဘူး။ ဆေးတွေလည်း ပေးမသယ်တာတွေ အဲ့လိုမျိုး ဖြစ်လာခါကျတော့ ဆေးတွေ ပြတ်တာလည်း ရှိတယ်။” လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးမှာ ပါဝင်လှုပ်ဆောင်ပေးနေတဲ့ CDM ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဆေးဝါးပြတ်လပ်လို့ အရေးပေါ် လူနာတွေ ဖြစ်ခဲ့မယ်ဆိုရင် တခြားသော စစ်ရှောင်စခန်း သို့မဟုတ် စစ်ဘေးရှောင်ပြည်သူတွေဆီက စုဆောင်းထားတဲ့ ဆေးတွေကို ချေးငှားပြီး အရေးပေါ်လူနာ၊ နာတာရှည်လူနာတွေကို ကုသပေးနေခြင်းဖြင့် ဖြေရှင်းနေရတယ်လို့ သိရပါတယ်။
ဆေးဝါးတွေအတွက် အလှူရှင်တွေကိုသာ အားထားရတာဖြစ်လို့ ဆေးဝါးပြတ်လပ်မှုတွေ ဆိုးဝါးမသွားအောင် အလှူရှင်တွေရဲ့ ပံ့ပိုးမှုကိုလည်း ထပ်မံလိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစ စစ်ဘေးရှောင်ဘဝဖြစ်လာရတဲ့ ပြည်သူတွေထဲက နာတာရှည်ဝေဒနာသည်တွေ အပါအဝင် မြို့နဲ့အလှမ်းဝေးပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ ကျေးရွာတွေက နာတာရှည်ဝေဒနာသည်တွေဟာလည်း ဆေးရုံ၊ဆေးခန်းကို အချိန်မီပြေးလွှားပြသနိုင်ဖို့ ခက်ခဲလာပါတယ်။
လမ်းခရီးအခြေအနေကြောင့်ဖြစ်စေ၊ စစ်ဆေးမှုတွေ အချိန်မရွေးပြုလုပ်လေ့ရှိပြီး သူတို့ မသင်္ကာတာနဲ့ ဖမ်းဆီးတာမျိုးတွေကို ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကြောင့် ကြောက်ရွံပြီး ဆေးရုံ၊ဆေးခန်းကို မသွားရဲလို့ပဲဖြစ်စေ ရှိတဲ့ဆေးတွေကိုသာ ရသလောက် အမှီသဟဲပြုရင်း စစ်ဘေးရှောင်ဘဝကို ခက်ခက်ခဲခဲပင်ပန်းဆင်းရဲစွာ ဖြတ်သန်းရှင်သန်နေကြတာရပါပဲ။