spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတကာအဖွဲ့အစည်းတွေ ကယ်ဆယ်ရေးလုပ်ငန်းအမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ် ရိက္ခာ တွေပြတ်တောက်ခံနေရပြီဖြစ်လို့ လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံး ဆောင်ရွက်ပေးဖို့လိုနေတယ်လို့ ကရင်နီပြည်အမျိုးသားတိုးတက်​ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“တိုက်ပွဲတွေကဆက်ရှိနေမယ် လေယာဉ်နဲ့ဗုံးကြဲမှုတွေရှိနေမယ်ဆိုရင်တော့ လူထုကတော့ ကျနော်တို့ စစ်ဘေးဒဏ်တင်မကဘူး ငတ်မွတ်ခေါင်းပါးဒဏ်ကိုခံရမှာကျိန်းသေတယ်လေ။ ဒါကြောင့်မလို့ ဒါကို လူထုအတွက် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်း လုပ်နိုင်အောင်အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ လူသားချင်းစာနာတဲ့အဖွဲ့အစည်းတွေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဒါကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ဆိုပြီးတော့မှ ကျနော်တို့လည်း တိုက်တွန်းတယ် ကျနော်တို့လည်း ရရှိအောင် ကြိုးစားနေတာရှိပါတယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းကို ရန်ကုန်၊ မန္တလေးမြို့ကလာတဲ့ ကုန်တင်ကားတွေ လာတဲ့လမ်းကြောင်းတွေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့လမ်းခွဲ- ပင်လောင်း- ဖယ်ခုံ- မိုးဗြဲ ၊ ဆီဆိုင်- ဟိုပုံး နဲ့ တောင်ငူလမ်းကြောင်းဖြစ်တဲ့ လိပ်သို မှာ စစ်ဆေးမေးမြန်းမှုရှိပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတင်ဆောင်မှုကို ပိတ်ပင်ထားတယ်လို့ ယာဉ်မောင်းမောင်တွေက ပြောဆိုနေကြပါတယ်။

လွိုင်ကော်မြို့ထဲဝင်မယ့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း သယ်ဆောင်တဲ့ ကုန်တင်ကားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစပြီး တားမြစ်ထားပါတယ်။

အခုလို ပြည်သူလူထုတွေကို စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေ စားနပ်ရိက္ခာ ဖြတ်တောက်နေတာတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေက အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့၊ ပြည်သူလူထုရဲ့အသက်အိုးအိမ်လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဇန်နဝါရီလ ၈ ရက်နေ့ က KNPP က အရေးပေါ်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဆေးဝါး၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်တင်ဆောင်တဲ့ ကုန်တင်ကားကိုပေးမဖြတ်တာကြောင့် ရေရှည်ကုန်စည်းစီးဆင်းမှုကို ထိခိုက်စေနိုင်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှု တာဝန်ခံ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်တွင်းက ပြည်သူလူထု၊ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လတ်မှု ကြုံတွေ့ရနိုင်တာကြောင့် UN အေဂျင်စီတွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထဲထဲဝင်ဝင်ကူညီမှုမရှိဘူးဆိုရင် လူသားချင်းစာနာထောက်ထားမှု ကပ်ဆိုက်မယ့်ကာလကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့အခြေအနေတွေက ဒီလိုမျိုးဆက်တိုက်သွားနေမယ်ဆိုရင် အန္တာရာယ်အများကြီးရှိတယ်။အထူးသဖြင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကို ကျနော်တို့ခံစားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျနော်တို့ရရှိလာတဲ့ Humanitarian က CSO ကနေ ဖြစ်စေ NGOတွေဖြစ်စေ နိုင်ငံတကာရောက်နေတဲ့ ကျနော်တို့ပြည်သူလူထုတွေကနေ ပေးတာဖြစ်စေ ဒီဟာက ပွင့်ပွင့်လင်းလင်းပြောရရင် အလွန်ဆုံး ကာဗာပေးနိုင်တာက ၃၃၊ ၃၅ရာခိုင်နှုန်းပဲပေးနိုင်တယ်။ အဲ့ဒါကြောင့်မလို့ ရေရှည်မှာ UN အေဂျင်စီတွေ အထူးသဖြင့် World Food Program တွေ ICRC ၊ UNHCR တွေရဲ့ တကယ့်ကို ထဲထဲဝင်ဝင်ကူညီမှုတွေ မရရှိဘူးဆိုရင် ကျနော်တို့ ခုနကပြောတဲ့ Humanitarian Crisis ကျနော်တို့ရင်ဆိုင်ရမှာသေချာပေါက်ပဲလို့ ကျနော်ပြောလိုပါတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က တင့်ကားအပြင်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်အသုံပြုနေပါတယ်။

စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုက်နာစောင့်ထိန်းရမယ့် အပြည်ပြည်ဆိုင်ရာဥပဒေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထောက်ပြထားပါတယ်။

ကရင်နီပြည်အတွင်း စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ဦးရေ တစ်သိန်းခုနှစ်သောင်းထိ ရှိနေပြီလို့ လည်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

spot_img
spot_img