spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေပူပြင်းပြင်းအောက်မှာ နွားချေးခြောက်ကောက်တဲ့ ဒေါ်စံပယ်

စောအယ်ကညော / ကန္တာရဝတီတိုင်း(မ်)

နွေရာသီရဲ့ ပူပြင်းလှတဲ့ နေအပူရှိန်ကို ရင်ဆိုင်အံတုရင်း လယ်ကွင်းပြင်ကျယ်ကြီး တစ်နေရာမှာ စစ်ဘေးဒုက္ခသည်တချို့ နွားချေးခြောက်တွေ ကောက်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အသက်အားဖြင့် ၃၂ နှစ်အရွယ်ရှိပြီး၊ သူမရဲ့ တစ်နှစ်ဝန်းကျင်အရွယ် ကလေးငယ်ကို ကျောပိုးထားရတဲ့ ဒေါ်စံပယ်လည်း ပါဝင်ပါတယ်။

သူမကတော့ ၂၀၂၁ ခုနှစ် ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက စစ်ရှောင်ခဲ့ရတဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ စစ်ရှောင်ကာလ ၂ နှစ်ဝန်းကျင်ရှိလာပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲလာပါတယ်။

ကျောပိုးထားတဲ့ ကလေးဟာ နုနယ်ငယ်ရွယ်သေးပေမယ့်လည်း အိမ်မှာချန်ထားလို့မရတဲ့ အတွက် ဒေါ်စံပယ်တစ်ယောက် အပိုဝင်ငွေရရှိအောင် နွားချေးခြောက်ကောက်တဲ့နေပူပူထဲ ခေါ်သွားနေရပါတယ်။

နွားချေးခြောက်တွေ ကောက်နေရတယ်ဆိုပေမယ့်လည်း လွယ်ကူလှတယ်လို့မဟုတ်ပါဘူး။ ဒေါ်စံပယ်တို့လိုပဲ မိသားစုဝင်ငွေအပိုလေးရအောင် နွားချေးခြောက်ကောက်နေတဲ့ သူတွေအများကြီးရှိနေပါတယ်။

သူမတို့ မိသားစုဟာ နွားချေးခြောက် ကောက်စုပြီး ပြန်ရောင်းရတဲ့ ဝင်ငွေနဲ့ စားသောက်နေရတာပါ။ သို့ပေမယ့် သူမမိသားစုအတွက်တော့ မဖူလုံပါဘူး။

“စားဝတ်နေရေးလည်း အဲ့လိုမျိုးပေါ့ ၊ အလှူရှင်ကို မျှော်ပဲမျှော် စားရတဲ့အခါကျတော့ အဲ့လိုမျိုးလည်း မလုံမလောက်ဘူးပေါ့နော။ အဲ့လိုမျိုး လိုက်ကောက်နေရတယ်။ တစ်ခါတလေလည်း တောင်ယာပိုင်ရှင်တွေ့ရင်လည်း ကန့်ကွက်သေးတယ် အဲ့လိုမျိုးပေါ့။ ငါတို့တောင်ယာထဲမကောက်နဲ့ ငါတို့လည်း လိုတယ် အဲ့လိုမျိုးပေါ့။ တချို့ကလည်း လိုက်လုကောက်ကြတယ်။ ဒီတစ်ယောက်လည်း ကောက် ဟိုတစ်ယောက်လည်း ကောက်။ လိုက်ကောက်တာပဲပေါ့။” လို့ ပြောပါတယ်။

စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ကရင်နီပြည်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေဆီကို လာရောက်တဲ့ အလှူရှင်တွေ ကျဲပါးလာပါတယ်။ နှစ်လ၊ သုံးလ တစ်ခါမှသာ ရောက်ရှိတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဒေါ်စံပယ်တို့မိသားစုအပါအဝင် အခြားဘဝတူ စစ်ဘေးရှောင်တချို့ကလည်း အပိုဝင်ငွေလေးရရှိဖို့အတွက် လယ်ကွင်းပြင်ကျယ်ကြီးထဲမှာ နွားချေးခြောက် ကောက်ကြပါတယ်။

ကောက်ထားတဲ့ နွားချေးခြောက်ကို ပြန်ရောင်းတဲ့အခါ ငါးပုံးဝင်အိတ်နဲ့ တစ်အိတ်ကို တစ်ထောင်ကျပ်သာ ရရှိပါတယ်။ အလုပ်ကြိုးစားတဲ့ ဒေါ်စံပယ်ကတော့ နွားချေးခြောက်များများ ကောက်ရတဲ့နေ့တွေမှာ ဝမ်းသာနေတတ်ပါတယ်။ တခါတလေ အများဆုံး ၅ အိတ် အထိကောက်ရတတ်တာပါ။

အခြားဝင်ငွေရတဲ့ အလုပ်လည်းမရှိတဲ့အတွက် နွားချေးခြောက်မှ မကောက်ရင် အပိုဝင်ငွေသုံးစရာမရှိဘူးလို့ ပြောပါတယ်။

“နေပူလည်းကောက်ရတယ်။ နေပူလည်း ကလေးငယ်နဲ့ဆိုတာလဲ အဆင်မပြေဘူးပေါ့နော်။ ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ်ပဲရှိတယ်ကော။ နွားချေး။ ဒီလိုမျိုး နွားချေးမကောက်လဲ ငါတို့သုံးစရာမရှိဘူး အဲ့လိုမျိုးပေါ့နော်” လို့ ဒေါ်စံပယ်ကပြောပါတယ်။

နေပူတဲ့အချိန် အိမ်ရဲ့ အရိပ်က‌လေး တစ်ခုမှာ နားနားနေနေ နားနေချင်ပေမဲ့လည်း မိသားစုဝမ်းရေးအတွက်ဆိုပြီး မနားနိုင်ဘဲ၊ နွေအပူဟာ ရင်ထဲကအပူနဲ့ယှဉ်လိုက်ရင် ဖွဲနဲ့ ဆန်ကွဲသာသာ ရှိတယ်လို့ ဒေါ်စံပယ်က မှတ်ယူထားပါတယ်။

လယ်ကွင်းပြင်ကျယ်ထဲမှာ နွားချေးခြောက်ကောက်ရတာ မလွယ်လှပါဘူး။ ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်ရရှိမှသာ ကောက်ယူရတာပါ။ တချို့ပိုင်ရှင်ကတော့ ၎င်းတို့ကိုယ်တိုင် သုံးဖို့လိုတဲ့အတွက် မကောက်ခိုင်းတာလည်း ရှိနေပါတယ်။

” မြေပိုင်ရှင်လည်း လက်မခံဘူး။ အဲ့လိုမျိုးပေါ့။ မြေပိုင်ရှင်က မကောက်နဲ့ဆိုလည်း သူပြောတဲ့ တစ်ကွက်ထဲမှာပဲ ငါတို့မသွားဘူးပါ့နော်။ ဒါပေမဲ့ အဲ့လိုမျိုးဘေးပတ်ပတ်လည်ပဲ ကျွန်မတို့ ဒီလိုမျိုး သွားလိုက်ကောက်နေရတယ် အဲ့လိုမျိုးပေါ့။ ဒီတစ်ကွက် ကျွန်မတို့ဟာနော် မဝင်နဲ့ဆိုလည်း ကျွန်မတို့မဝင်ဘူးပေါ့နော်” လို့ ဒေါ်စံပယ်က ပြောပါတယ်။

နွေရဲ့ အပူဒဏ်တွေထဲ နွားချေးခြောက်ကောက်သူတွေထဲမှာ စစ်ရှောင်တွေအပြင် ကျေးရွာခံတွေကလည်း ပါဝင်ပါတယ်။ နွားချေးကောက်သူတွေ အများအပြားရှိနေတာကြောင့် နွားချေးခြောက်ပိုရအောင် အခြားသူထက် ဝီရိယပိုရှိရပြီး၊ မနက်စောစော သွားရောက်ကောက်ယူနိုင်မှပဲ ပမာဏများများ ပိုရတယ်လို့ ဒေါ်စံပယ်က ရှင်းပြပါတယ်။

ဝမ်းရေးအပူဟာ ဒီနွေရဲ့ အပူထက်ပိုပြင်းထန်တာကြောင့် ဒေါ်စံပယ်ကတော့ နေပူပူမှာ အပိုဝင်ငွေရရှိအောင် ရုန်းကန်လှုပ်ရှားရအုံးမှာပဲ ဖြစ်ပါတယ်။

spot_img
spot_img