ပန်ပက်ရွာအဝင် ဈေးဆိုင်တန်း ရည်ရွယ်ဘယ်ကိုလှမ်း

မူအက်စတာ

ကယန်းရိုးရာဂျပ်ခုတ်ထည်တွေ၊ လက်မှုလုပ်ငန်းလေးတွေရှိတဲ့ ပန်ပက်ကျေးရွာသို့ တစ်နေ့တာ ခရီးဆန့်ခဲ့ပါတယ်။ ရိုးရာဂျပ်ခုတ်ထည်တွေ၊ လက်မှုပစ္စည်းလေးတွေ၊ ကယန်းအထည်၊ ကယန်းအသုံးအဆောင်ပစ္စည်းတွေ၊ အရုပ်ကလေးတွေ သီးသန့်ရောင်းချတဲ့ ဆိုင်တန်းလေးကို ဦးစွာရောက်ရှိခဲ့ပါတယ်။

မိုးတွင်းဖြစ်တဲ့ ဒီလိုအချိန်က ဆိုင်တန်းလေးဆီကို လာရောက်လည်ပတ်တဲ့ ရပ်ဝေးရပ်နီးဧည့်သည်တွေ နည်းပါးနေစေပါတယ်။ ဧည့်သည်တွေ မရောက်သေးတဲ့အချိန်မို့ ခရီးသွားရာသီချိန်မှာ လာရောက်လည်ပတ်သူတွေနဲ့ စည်စည်ကားကား ရှိနေတက်တဲ့ ဆိုင်တန်းလေးက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

ဆိုင်ခန်းအချို့ကတော့ ဖွင့်လှစ်ထားခြင်းမရှိတာကို တွေ့နေရပါတယ်။ ပိတ်ထားတဲ့ ဆိုင်ခန်းရဲ့ ပိုင်ရှင်တွေကတော့ မိုးတွင်းမှာ မိုးကျနေတုန်း ထွန်ယက်စိုက်ပျိုးဖို့ လယ်တောထဲဆင်းနေကြတာပါ။ ပိုင်ရှင်တွေ လယ်ယာလုပ်ငန်းဆင်းရာသီတွင်းမှာဆိုရင် အဝေးကနေကြည့်လိုက်ရင် ဆိုင်လေးဖွင့်ထားတယ်လို့ ထင်ရပေမယ့် ဆိုင်ခန်းတွေက ပိတ်လျှက်သား ဖြစ်နေပါတယ်။

ဆိုင်ခန်းတွေကို ပိတ်ထားတယ်ဆိုပေမယ့် ဧည့်သည်ကို ရောင်းချနေတဲ့ ပစ္စည်းလေးတွေကိုတော့ ဒီအတိုင်းပုံမှန်ခင်းထားပြီးတော့ ဆိုင်ခန်းရှေ့မှာ ဝါးလုံးလေးနဲ့ပဲ ပိတ်ထားကြပါတယ်။ သူတို့တွေဟာ ပန်ပက်ကို လာရောက်လည်ပတ်ကြတဲ့ ၎င်းတို့ရဲ့ ဧည့်သည်တွေရဲ့ စိတ်ထားလေးကို ယုံကြည်တဲ့ သဘောဖြစ်ပါတယ်။

ဆိုင်တန်းမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက “ကျမတို့ဆိုရင် ဒီလိုပဲ ထားထားတယ်၊ ဘာလို့လဲဆိုရင် ကိုယ်ရိုးသားသလို သူတို့တွေလည်း ရိုးသားကြမှာပဲ၊ ကိုယ်မရှိတဲ့အချိန်မှာလည်း သူတို့တွေ ကြည့်သွားချင်တယ်ဆိုရင်လည်း ကြည့်လို့ရအောင် အဲ့လိုပဲ ခင်းထားပေးတယ် အရှေ့မှာ ဝါးလုံးတားထားတာကတော့ ကျမတို့ဓလေ့အနေနဲ့တော့ ပိတ်ထားတယ်ပေါ့” လို့ တစ်ဖက်ဆိုင်မှာ ရောင်းနေတဲ့အစ်မက ပိုက်ဆံအိတ်လေးကို ပန်းပွင့်ပုံထိုးရင်းနဲ့ ပြောပြနေပါတယ်။

ပန်ပက်ရွာအဝင် ဆိုင်တန်းမှ ပိတ်ထားသော ဆိုင်တဆိုင် (ဓါတ်ပုံ – မူအက်စတာ)

ဖွင့်လှစ်ထားတဲ့ တချို့သောဆိုင်ခန်းတွေမှာ ဈေးထိုင်ရောင်းနေတဲ့ ကယန်းမလေးတွေဟာ ဈေးရောင်းရင်းနဲ့ ရိုးရာဂျပ်ခုတ်ထည်တွေကို ကိုယ်တိုင် ရက်လုပ်နေကြပါတယ်။ ရိုးရာ ဂျပ်ခုတ်ထည်တွေကို ရောင်စုံချည်လေးတွေနဲ့ ရက်လုပ်ထားတာဖြစ်ပေမယ့် အများအားဖြင့် အဖြူနဲ့ အနီရောင်ချည်တို့ကို တစ်ပိုင်းစီရက်လုပ်ကြပါတယ်။ ကယန်းရိုးရာစောင်၊ ရိုးရာထဘီတို့ကိုလည်း ချည်အနီရောင်တွေနဲ့ တွဲသုံးလေ့ရှိပါတယ်။ ရိုးရာထည်တွေမှာ အများအားဖြင့် ချည်အနီရောင်ဟာ မပါမဖြစ်ပါပဲ။

ဒီဆိုင်ခန်းတွေမှာ ရိုးရာရက်ကန်းအထည်တွေကို ထိုင်ရောင်းနေတဲ့ လူကြီးအစ ကလေးအဆုံး ဂျပ်ခုတ်ထည်တွေကို ရက်လုပ်တတ်နေကြပါတယ်။ ဆိုင်ခန်းထိုင်ရင်း ဂျပ်ခုတ်ထည်တွေကို ဝင်ငွေရ အလုပ်အကိုင်တစ်ခုအဖြစ် ရက်လုပ်ကြတာပါ။ ဧည့်သည်တွေ ရောက်လာရင်တော့ဖြင့် အထည်ရက်လုပ်တာကို ခဏရပ်နားပြီး ဧည့်သည်တွေကို ဧည့်ခံဈေးရောင်းပေးကြပါတယ်။ ဧည့်သည်ပြန်မှ သူတို့ရဲ့ ရက်ကန်းလုပ်ငန်းကို ပြန်စကြပါတယ်။

လက်ရက်ချည်ထည်တွေကိုသာ အသားပေး ရောင်းချနေကြပေမယ့် ဆိုင်အခင်းအကျင်းမှာ အမှတ်တရလက်ဆောင်ပစ္စည်းနဲ့ ဆက်စပ်ဖန်စီပစ္စည်းတွေက ထက်ဝက်လောက်ကို နေရာယူထားကြပါတယ်။ ကျောပိုးအိတ်၊ ပုံသွင်းပန်းပုရုပ်ထု၊ အိမ်အလှဆင်ပစ္စည်းလေးတွေနဲ့ အခြားဆက်စပ်ပစ္စည်းလေးရဲ့ မူလထုတ်လုပ်တဲ့ နေရာတွေဟာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံစတဲ့ နိုင်ငံကြီးတွေရဲ့ ထုတ်ကုန်ဖြစ်နေတာပါ။ ထုတ်ကုန်ရည်ညွှန်းပစ္စည်းအချို့မှာတောင် နိုင်ငံရဲ့ နာမည်တွေကို အထင်းသား တွေ့ရပါတယ်။

တကယ်တမ်း ဒီနေရာကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်လေးတွေဟာ နိုင်ငံခြားဖြစ်အထည်တွေ၊ အလှဆင်ပစ္စည်းလေးတွေ၊ နိုင်ငံခြားဖြစ်ဖန်စီပစ္စည်းလေးတွေကို ကြည့်ချင်လို့ သက်သက်မဲ့ရောက်လာတာမဟုတ်ပဲ ကယန်းကြေးကွင်းပတ်တွေရဲ့ နေ့စဉ်လူနေမှုပုံစံကို မြင်ကွင်းအမှန်တွေကို ကြည့်ရှုမှတ်တမ်းတင်ချင်လို့ ရောက်လာတာဖြစ်ပါတယ်။

သို့ပေမယ့် ယခုလို နေထိုင်နေတဲ့ ရွာအိမ်လေးကို မရောက်ခင် ရွာထိပ်မှာ ဈေးဆိုင်ခန်းလေးတွေ တည်ထားတော့ အဝေးကနေရောက်လာတဲ့ ဧည့်သည်တွေက ဒီနေရာနဲ့တင် ဂိတ်ဆုံးပြီအထင်နဲ့ ဈေးဆိုင်ခန်းလေးနဲ့ ဈေးရောင်းရင်း ဂျပ်ခုတ်နေတဲ့ ကယန်းပျိုမယ်လေးတွေရဲ့ အလှတွေကိုသာ ဓာတ်ပုံရိုက်ပြီး လာရာလမ်းကို ပြန်လှည့်ခဲ့ကြပါတယ်။ ဒါကြောင့် အချို့ ဧည့်သည်တွေက ပန်ပက်ဆိုတာ ဒါလား ဆိုတာ ဖြစ်လာခဲ့ပါတယ်။

ဈေးဆိုင်ခန်းလေးကို ကျော်ပြီးကျောက်ခင်းလမ်းအတိုင်းဆက်ဝင်ရင် ရွာလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရွာလေးမှာ ရိုးရာအတိုင်းနေထိုင်တဲ့ ကယန်းပျိုမယ်လေးတွေ၊ အမယ်အိုတွေ နေ့စဉ်ဘယ်လိုလှုပ်ရှားရုန်းကန်နေလဲ စတာတွေကိုပါ လေ့လာရမှာဖြစ်ပါတယ်။ ရိုးရာအတိုင်း နေ့စဉ်ကြေးကွင်းပတ်နဲ့ လယ်တောထဲဆင်းတာတွေ၊ ဂျပ်ခုတ်ထည်ရက်နေတာတွေ အိမ်မှုကိစ္စတွေ ဆောင်ရွက်နေတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပဧည့်သည်တွေ အလည်လာဖို့အတွက်မှာ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ဒေသခံလမ်းပြတွေ၊ စကားပြန်တွေနဲ့ သွားမှသာ အဆင်ပြေမှာပါ။ အကြောင်းကတော့ ရွာသူ/သား အတော်များများ အထူးသဖြင့် အမယ်အိုတွေဟာ သူတို့ရဲ့ တိုင်းရင်းသားစကားတစ်ခုကိုပဲ ပြောတတ်ကြပါတယ်။ ဒါကြောင့် နဲ့ ဒေသခံဧည့်လမ်းညွှန်ကို ငှားရမ်းအသုံးပြုပြီး သွားရောက်လည်ပတ်တာက ပိုအဆင်ပြေစေမှာပါ။

ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ဒေသခံဧည့်လမ်းညွှန်၊ ဒေသခံစကားပြန်၊ ဒေသခံလမ်းပြကို ခေါ်ယူ အသုံးပြုခြင်းဖြင့်လည်း ကျေးရွာနေ ဒေသခံဧည့်လမ်းညွှန်တွေအတွက် တစ်ဖက်တစ်လှမ်းက ဝင်ငွေရစေမှာ ဖြစ်ပါတယ်။ ခရီးသွားကုမ္ပဏီတွေမှာ ဒီလိုအစီအစဉ်တွေ ရှိနေပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းက အိမ်တစ်အိမ်ကို ဝင်လည်ပြီး ရိုးရာအစားအသောက်တွေကို စားသောက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးထားပါတယ်။

​ဈေးဆိုင်​ခန်​း​လေး​တွေမှာ ​နောက်​ထပ်​လုပ်​ဖို့လိုတာက​တော့ လက်​ရှိ​ရောင်​းချ​နေပြီဖြစ်​တဲ့ ရိုးရာ​ခေါင်​ရည်​​တွေနဲ့ ရာသီ​ပေါ်ရိုးရာအစားအစာ​တွေကို ဦးစား​ပေးအ​နေနဲ့​ရောင်​းချ​ပေးရင်​ ပိုသင်​့​တော်​ပြီး ပန်​ပက်​ဆိုင်​တန်​း​လေးဟာ ဒီထက်​ပိုမို​ကောင်​းမွန်​တဲ့ ဆွဲ​ဆောင်​မှု​လေး ဖြစ်​လာမှာပါ။

Comments

comments

Next Post

ရုန်းကန်ရှာဖွေရတဲ့ လူငယ်တွေရဲ့အသက်မွေးဝမ်းကျောင်းဘဝ 

Sat Aug 5 , 2017
ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက အမဲနယ်မြေလို့ သတ်မှတ်ခဲ့တဲ့ ဒေါတမကြီး ကျေးရွာအုပ်စုဟာ နယ်မြေမအေးချမ်းခဲ့လို့ အဲဒီဘက်က လူငယ်တွေအများစုဟာ ဇာတိမြေတွေကို စွန့်ခွာပြီး ပြည်ပဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ သူတွေ များခဲ့ကြပါတယ်။  ဒေါမကြီးကျေးရွာအုပ်စုက ဒေသခံတွေဟာ ရွှေ့ပြောင်းသွားလာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရလို့ လူငယ်တွေက ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။  နယ်မြေမအေးချမ်းခဲ့လို့ လူငယ်တွေဟာ အိမ်တွေမှာ မနေရဲကြတော့ဘဲ ပြည်ပဒုက္ခသည်စခန်းတွေဘက် ထွက်ပြေးတဲ့သူကပြေးထိုင်းနိုင်ငံဘက်မှာ အလုပ်သွားလုပ်သူကလုပ်ခဲ့ကြရပါတယ်။  ဒေသထွက် သီးနှံတွေကလည်း ဈေးကွက်နှင့်အညီ ထွက်ကုန်တွေကလည်း မကိုက်ညီတဲ့အတွက် လူငယ်တွေ အများစုဟာ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။  ဒေါမကြီးကျေးရွာက လူငယ်တစ်ဦးဖြစ်တဲ့ ကူးရယ်က ပြည်ပရောက်သွားကြတဲ့ သူတွေအကြောင်း အခုလို ပြောပြပါတယ်။  “ခြံတွေသွားလုပ်တယ်။ စတော်ဘယ်ရီသွားခူးတယ်။ အိမ်မှာမနေရဘူး။ရွာမှာမနေရဘူး တောတွေမှာ […]