spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပျက်စီးသွားတဲ့ ပန်းပု အိမ်မက်

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ငူးပလော့ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဒေါမိနစ်က အများနဲ့မတူပဲ ပန်းပုပညာကို ထူးထူးခြားခြား စိတ်၀င်စားရူးသွပ်နေသူတစ်ယောက်ပါ။
သူက အသက် ၁၈နှစ်အရွယ်လောက်မှာ ပန်းပုစထုခဲ့ပြီး ပန်းပုပညာကို သီးသန့်သင်ကြားခဲ့တာရယ်လို့မရှိခဲ့ဘူး။

ကိုယ်တိုင်ပန်းပုထုရင်း ထုရင်းနဲ့ပဲ အလုပ်က လူကိုသင်သွားတယ်ဆိုတဲ့အတိုင်း အချိန်တွေကြာလာတာနဲ့ ဒေါမိနစ်ကလည်း ပန်းပုထုကျွမ်းကျင်လာ လက်ရာသေသပ်လှလာခဲ့တာ လို့သူကပြောပါတယ်။

“ပန်းပုထုတာကတော့ အာရုံထဲမှာတော့ရှိနေ။ ကိုယ်လည်းဝါသနာပါလို့လားတော့မသိဘူး။ နေ့ညတောင်မှတစ်ခါတလေမေ့တယ်။ ပန်းပုတစ်ရုပ်ကိုပြီးအောင်ဘယ်လိုလုပ်ရမလဲ လှအောင်ဘယ်လိုလုပ်ရမလဲဆို။ ထုထုရင်းနဲ့တစ်ခေါတလေဆိုမေ့တယ် အိမ်ကလုပ်ခိုင်းတဲ့အရာတွေဆိုလုပ်ဖို့မေသွားတယ်ပေါ့ အ့လိုမျိုး။ ပန်းပုက တော်တော်လေးကိုဝါသနာပါတော့ကိုကရူးသွပ်တယ်ပြောရမှာပေါ့”

သူရူးသွပ်နေတဲ့ပန်းပုလုပ်ငန်းကနေတစ်ဆင့် ၀င်ငွေတွေရလာတဲ့အခါမှာတော့ ပန်းပုထုတာနဲ့ အသက်မွေးဝမ်းကြောင်းပြုလာခဲ့ပါတယ်။ ဒီးမော့ဆိုတစ်ခွင်မှာ သူတစ်ယောက်သာ ထုခဲ့ပြီး ရုပ်လုံး၊ရုပ်ကြွ အစုံထုလုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။

“အရင်တုန်းကတော့ ပုံမှန်အားဖြင့်တော့တစ်လကို ပန်းပုရောင်းရငွေဆိုတော့ ၅သိန်း ၇သိန်းပေါ့။ အော်ဒါများရင်များသလို ၀င်ငွေတော့ရတာပေါ့နော့။ ဒါပေမဲ့အခုကျတော့ပြန်တော့သတိရပါတယ်။ အရင်ကလုပ်ထားခဲ့တဲ့အလုပ်တွေ ပန်းပုတွေဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတာ ပြန်လွမ်းတာပေါ့တစ်ခါတလေ”

သူ့ရဲ့ပန်းပုရုပ်တွေကတော့ ပြည်တွင်း ပြည်ပ နိုင်ငံခြားထိရောင်းထွက်ခဲ့တယ်လို့ဆိုပါတယ်။ သို့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူကစစ်ရှောင်နေရပြီး အရင်တုန်းကလိုအော်ဒါမရတော့ပါဘူး။ ပို့ရပြုရလည်းမလွယ်တော့လို့ ပန်းပုမထုတော့ပဲ တောင်ယာငှားလုပ်နေရပါတယ်။

တစ်နှစ်ကျော်ကြာစစ်ရှောင်နေတဲ့ကာလအတွင်း စစ်ရှောင်စခန်း ပုံတူရုပ်ကြွတစ်ခုကလွဲရင် အခြားမထုဖြစ်တော့ဘူးလို့ဆိုပါတယ်။

အခက်အခဲတွေရှိလာပေမဲ့ ပန်းပုလုပ်ငန်းရူးသွပ်နေတဲ့ဒေါမိနစ်တစ်ယောက်က အငြိမ်မနေနိုင်ပါဘူး။ ကျောင်းသားလူငယ်တွေကို အခကြေးမယူပဲ ပန်းပုသင်တန်းဖွင့်ပေးနေပြန်ပါတယ်။ သူတို့တတ်ရင်ကျေနပ်တယ် ကျန်တာဘာမလိုဘူး လို့ပဲဆိုပါတယ်။

အာဏာမသိမ်းမှီအချိန်တုန်းက ကိုယ်ပိုင်ဆိုင်ခန်းလေးဖွင့်ပြီး ပြခန်းပုံစံမျိုး သူ့ရဲ့ပန်းပုရုပ်တွေကိုခင်းကျင်းပြသ ချင်ခဲ့တဲ့ဒေါမိနစ်ရဲ့အိပ်မက်ကတော့ ပျက်စီးသွားခဲ့ရပါတယ်။

ရည်မှန်းချက်တွေပျက်စီးသွားခဲ့ပေမဲ့ အခြေနေကောင်းလို့အိမ်ပြန်ရောက်ကျရင်တော့ ပန်းပုသင်တန်းကို စနစ်တကျလေးပြန်ဖွင့်မယ်။ သင်တန်းပေးရင်း အော်ဒါရရင် သင်တန်းသားလက်ရာကိုသူတို့၀င်ငွေရဖို့ ပြန်ရောင်းပေးမယ်လို့လည်း ဇွဲမလျော့ပဲပြောလာပါတယ်။

လက်ရှိသင်တန်းသားတွေထုထားတဲ့ပန်းပုရုပ်တွေလည်းပြန်ရောင်းဖို့အစီစဥ်လဲရှိတယ်လို့အခုလိုပြောလာပါတယ်။

“အခုလက်ရှိထုထားတဲ့ပန်းပုရုပ်တွေပေါ့ နည်းနည်းလေးတော့ပုံကကြမ်းပေမဲ့ချောရအုံးမှာပေါ့။ ဖိုင်ဘာစက်တွေနဲ့ ကော်ဘတ်တွေနဲ့ သုတ်ပြီးတော့ ဆေးတွေတင်အုံးမှာပေါ့။ အကယ်၍ကြိုက်နှစ်သက်မယ်ဆိုရင်လည်း အားပေးလို့ရပါတယ်။ ကိုယ်လိုချင်တဲ့အရုပ်တွေရှိရင်လည်းမှာလို့ရပါတယ်ပေါ့နော”

ဒေါမိနစ်လိုပဲ စိတ်ကူးအိပ်မက်ကိုယ်စီနဲ့ ကရင်နီပြည်သူတွေက စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရည်မှန်းချက်တွေတစ်စစီပျက်စီး သွားကြတာလည်း မနည်းလှပါဘူး။

spot_img
spot_img