ပျောက်ကွယ်လာတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်ရေးစနစ် (ခေါ်) “ကေး” စနစ်

0
300

စိုးထိုက်အောင်

“ကေး” ဆိုတာ ကယား(ကရင်နီ) အသုံးနှုန်းတခုကပါ။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ “ပြည်၊ တိုင်းပြည်၊ ပိုင်နက်” လို့ အဓိပ္ပါယ်ရပါတယ်။

ကယား(ကရင်နီ) လူမျိုးတွေဟာ ရှေးကတည်းက ဒေသအလိုက်၊ ကျေးရွာ အလိုက် သတ်မှတ်ထားတဲ့ ကိုယ်ပိုင် “ကေး” တွေ ရှိပါတယ်။

မိရိုးဖလာ ရိုးရာဓလေ့တွေအရ မြေယာပိုင်ဆိုင်မှု နဲ့ မြေယာစီမံခန့်ခွဲမှု တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေနဲ့ စီရင် ဆုံးဖြတ်ကြပြီး အဲဒါကို “ကေး”စနစ် လို့ခေါ်ဝေါ်ကြပါတယ်။

ဒီလိုခေတ်အဆက်ဆက် အသုံးပြုလာတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုတွေနဲ့ ကိုယ်ပိုင် ဓလေ့ထုံးတမ်းမြေယာအုပ်ချုပ်ရေးစနစ် တွေဟာ ယနေ့ ခေတ်မှာ ပျောက်ကွယ်လာနေပြီဖြစ်ပါတယ်။

ဒီ “ကေး” စနစ်ဟာ မြန်မာအစိုးရခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့နောက်မှာ တစ်စ တစ်စ ပျောက်ကွယ်နေတာဖြစ်တယ်လို့ တိုင်းရင်းသားတွေရဲ့ ဓလေ့အရ မြေယာအုပ်ချုပ်မှု စနစ်တွေကို အားကောင်းလာအောင် လုပ်ဆောင်ပေးနေတဲ့ ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ(KSWDC)အဖွဲ့ ဖွံ့ဖြိုးရေးစီမံကိန်း တာဝန်ခံ မော်ရီးမြာ ကပြောပါတယ်။

“ ကေး စနစ်ဆိုပြီးတော့မှ ကျမတို့ အုပ်ချုပ်လာခဲ့ကြတယ်။ ကေး လို့ ပြောတဲ့နေရာမှာ ကျေးရွာပိုင်တဲ့နယ်မြေကို ပြောတယ်။ ဆိုတော့ ဒေသခံအသီးသီးရဲ့ကျေးရွာတွေက ပြည့်ပြည့်၀၀နဲ့ ကိုယ်တိုင်စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်လာခဲ့ကြတာပေါ့နော်။ ကျမတို့ကရင်နီပြည်က ဗမာပြည်ထဲကိုသွတ်သွင်းခံပြီးတဲ့နောက်မှာ ကျမတို့ ကေးစနစ်တွေက လှစ်လျူရှုခြင်းခံရတယ်။ မြန်မာအစိုးရ ခေတ်အဆက်ဆက် ဗဟိုချုပ်ကိုင်မှုများတဲ့အတွက်ကြောင့်မလို့ ကျမတို့ ကေးစနစ်တွေက တစ်ဖြေးဖြေးနဲ့ မှေးမိန်၊ ပျောက်ကွယ်လာတာပေါ့နော်။” လို့ မော်ရီးမြာက ပြောပါတယ်။

၁၉၄၈ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ သီးခြားလွတ်လပ်တဲ့ ကယား(ကရင်နီ) ပြည်နယ်ဟာ မြန်မာနိုင်ငံ အောက်ကိုရောက်ရှိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေအောက်မှာ တိုင်းရင်းသားတွေ ကျင့်သုံးခဲ့ကြတဲ့ ကျေးရွာပိုင်နယ်မြေတွေက မြေယာတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေဟာ တဖြေးဖြေး ပျောက်ဆုံးလာတာဖြစ်တယ်လို့ မရီးမြာကပြောပါတယ်။

မော်ရီးမြာတို့ ရဲ့ ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ(KSWDC)အဖွဲ့ ဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့အရ မြေယာအုပ်ချုပ်မှု စနစ် (“ကေး”စနစ် ) တွေကို ပြန်လည် အားကောင်းလာအောင်နဲ့ တဖန် ပြန်လည်ကျင့်သုံးလာနိုင်စေဖို့အတွက် စံပြအနေနဲ့ ဒေါတမကြီးကျေးရွာအုပ်စုမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒေါတမကြီးကျေးရွာအုပ်စုအတွင်းမှာ ကျေးရွာပိုင် ကာကွယ်တောနဲ့ ကန့်ကွက်တောတွေကို ထားရှိပြီး ကေးစနစ်ကိုထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဒေသခံလူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်မှုစနစ် (“ကေး”စနစ်) တွေဟာ သစ်တော ပြုန်းတီးမှုကို အကာအကွယ်ပေးနိုင်တာကြောင့် သူတို့အနေနဲ့ ထောက်ခံတယ်၊ အသိအမှတ်ပြုတယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး(လယ်ယာမြေ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံ) ဦးစောလုသာသန်း ကပြောပါတယ်။

“ဖယ်ဒရယ်ရဲ့အခြေခံကဒါပဲ လူထုတွေက သူ့ဒေသအလိုက်၊ သူ့လူမျိုးစု၊ သူ့ရိုးရာ၊ သူ့ဓလေ့ သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်။ သူ့မှာလုပ်ပိုင်ခွင့်အာဏာတွေရှိတယ်ပေါ့။ ဒီဟာတွေ ကျနော်တို့လုပ်ခြင်းအားဖြင့် ဒါကလည်းကျနော်တို့နိုင်ငံရေးဖြစ်စဉ်တစ်ခုထဲမကဘူးဒီကမ္ဘာပေါ်မှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ရာသီဥတုကိုလည်းဒါထိန်းသိမ်းတဲ့အနေနဲ့လည်းပါတယ်။” စောလုသာသန်းကပြောပါတယ်။

“ကေး” စနစ်အရ ကျေးရွာအုပ်စု အတွင်းရှိ နတ်နန်းတွေ၊ သင်္ချိုင်းတွေ ၊ တောင်တွေနဲ့ တချို့သော နေရာတွေကို ကော်မတီအဖွဲ့တွေဖွဲ့ပြီး စုပေါင်းပြီး ကာကွယ်ထားကြပါတယ်။

သစ်ဥသစ်ဖု၊ ကျေးရွာအတွက်လိုအပ်တဲ့ သစ်တွေ၊ သစ်သီးတွေ ဆိုရင် ကာကွယ်တောထဲမှာသွားယူကြပြီး သားရဲတိရိစ္ဆာန်တွေကို အမဲလိုက်တာကိုတော့ကန့်သတ်ထားပါတယ်။ ကန့်ကွက်တောမှာဆိုရင် သင်္ချိုင်းမြေ၊ ရိုးရာဓလေ့ထိန်းတဲ့မြေဖြစ်တဲ့အတွက်ကြောင့် သစ်တွေ၊ ထင်းတွေလဲ ခုတ်လို့မရပါဘူး။
ကန့်ကွက်တော ဧရိယာမှာ သစ်ခုတ်တာတွေ၊ ထင်းယူတာတွေ လုပ်မယ်ဆိုရင် ရိုးရာဓလေ့အရကြက်ရိုးထိုးပြီး ပြစ်ဒဏ် ပေးတယ်လို့ “ ဆိုတလူးဖရဲ့ဒူး” ဓလေ့ထုံးတမ်းမြေယာနှင့် သစ်တောစီမံအုပ်ချုပ်ရေးကော်မတီတာဝန်ခံ(၁) ဦးဖဲရယ်ကပြောပါတယ်။

“ ကန့်ကွက်တော ဧရိယာထဲမှာ ထင်းသွားယူတာတို့ အဲ့လိုမျိုးဆိုကျနော်တို့ ပြစ်မှု၊ ပြစ်ဒဏ်က ကျနော်တို့လုပ်ထားတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ သတ်မှတ်လို့ မရဘူး။ ကန့်ကွက်တောက ကျနော်တို့က ရိုးရာဓလေ့အရ ကျနော်တို့ ကြက်ရိုးထိုးပြီးတော့ ကြက်ရိုးအပေါ်မှာ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်တဲ့ဟာတွေ ဥပမာ. ကြက်ဆိုရင်ကြက်၊ ဝက်ဆိုရင်ဝက်၊ အခန့်မသင့်ရင် နွားဆိုရင်နွား အဲ့လိုအဆင့်ထိရှိတယ်။” လို့ ဦးဖဲရယ်ကပြောပါတယ်။

ဒီလိုစနစ်တွေကို ကရင်နီလူမျိုး ဖြစ်ပေါ်လာကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး ကျေးရွာနယ်နမိတ်အတွင်းမှာ ရှိတဲ့ အရာအားလုံးကို “ကေး” လို့ခေါ်တာဖြစ်တယ်လို့ ဆိုတလူးဖရဲ့ဒူး ဓလေ့ထုံးတမ်းမြေယာနှင့် သစ်တောစီမံအုပ်ချုပ်ရေးကော်မတီ အကြံပေး ဦးကိုရယ်က ပြောပါတယ်။

“ ကေးဆိုသည်မှာ ကျနော်တို့ ကျေးရွာအုပ်စုနယ်နမိတ်အတွင်းမှာရှိတဲ့အရာအားလုံးကို ကေး လို့ခေါ်တာပေါ့နော်။ အဲ့ဒီကေးစနစ်ကိုကျင့်သုံးလာခဲ့တာ ကျန်နော်တို့ကယားလူမျိုးတွေဖြစ်ပေါ်လာကတည်းက ကေးဆိုတာရှိ တယ်ပေါ်နော်။”လို့ ဦးကိုရယ်ကပြောပါတယ်။

ကယားလူမျိုးတွေသာနေထိုင်ကြတဲ့ ဒေါတမကြီကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၆ရွာရှိပြီး ကျေးရွာအုပ်စုအကျယ်အဝန်း ဧက ၄၀၀၀၀ ကျော်ရှိပါတယ်။ ကေးစနစ်ဖြင့် ကာကွယ်တောနဲ့ ကန့်ကွက်တောတွေကို ထားရှိပြီး သစ်တော ဧက ၁၅၀၀ ဝန်းကျင်ကိုထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဓလေ့ ထုံးတမ်း မြေယာအုပ်ချုပ်ခွင့်စနစ်က အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေတွေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေတွေနဲ့ ဆန်ကျင်ဘက်ဖြစ်နေတဲ့အတွက်ကြောင့် အစိုးရကအသိအမှတ်ပြုချင်မှ ပြုလိမ့်မယ်လို့ ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ (KSWDC) အဖွဲ့ ဖွံ့ဖြိုးရေးစီမံကိန်း တာဝန်ခံ မော်ရီးမြာက ပြောပါတယ်။

“ တကယ်တမ်းဆို အမတို့လုပ်နေတဲ့ဟာက အစိုးရအထိအသိအမှတ်ပြုပေးဖို့က လုပ်ဖို့စဉ်းစားတာပေါ့နော်။ အခုအခြေအနေမျိုးက အစိုးရကို ဒီဟာကိုအသိအမှတ်ပြုပေးပါဆိုရင်လဲ သူတို့ကလက်ခံနိုင်ခြေရှိချင်မှရှိမယ်။ ဘာလို့လဲဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက်မှာက ဒီ ၂၀၁၂လယ်ယာမြေဥပဒေရယ်၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေရယ်ကိုက အမတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။”လို့ မော်ရီးမြာကပြောပါတယ်။

အကယ်၍ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ မြေယာ အုပ်ချုပ်မှုစနစ်”ကေး” ကို သာ အသုံးပြုခွင့် ရမယ်ဆိုရင် လက်ရှိ ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုတွေ၊ သဘာဝသယံဇာတ အငြင်းပွားမှု တွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ Law Home ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင်က ပြောပါတယ်။

“ကောင်းတာကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ် ပြဌာန်းပိုင်ခွင့်ရှိမယ်။ မြေယာနဲ့ပတ်သက်ရင်တော့ ကိုယ့်ပြည်နယ်နဲ့ကိုယ်ပြဌန်းပိုင်ခွင့်ရှိမယ်၊ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိမယ်ဆိုရင်တော့ လက်ရှိထိပြသာနာတက်နေတဲ့မြန်မာနိုင်ငံ မြေယာအရှုပ်အရှင်းတွေကို ပိုပြီး တော့ဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်။ ယုံကြည်တယ်ဆိုတဲ့အခါမှာကျနော်တို့ဖယ်ဒရယ်ကို သွားတော့မယ်ဆိုရင်လည်း တကယ်ကိုယ့်ပြည်နယ်က သယံဇာတ လို့ပြောလိုက်ရင် မြေတွေရော တစ်ခြားသယံဇာတ၊ သစ်တောတွေကအစပေါ့ စီမံခန့်ခွဲပိုင်ခွင့်ကပြည်နယ်မှာဘဲရှိတယ်ပေါ့။” လို့ ကိုကျော်ဝဏ္ဏအောင်ကပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်မှု စနစ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ မြေယာမှုဝါဒရှိပါတယ်။ ဒါကို ပြည်နယ်အတွင်းက တချို့သော အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပူးပေါင်းရေးဆွဲထားတာပါ။

ဒါပေမဲ့လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒီမူဝါဒကို အကောင်ထည်ဖော်ဖို့ ခက်ခဲနေသေးတယ်လို့ ဆက်ပြောပါတယ်။

ဒေါတမကြီးအုပ်စုမှာ စတင်ပြီးတော့ ပြန်လည်အကောင်ထည်ဖော်တဲ့ ကေး စနစ်ကို ကျေးရွာအုပ်စု အတွင်းက ဒေသခံတွေကနေပြီးတော့ အသိအမှတ်ပြုပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။

ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းမြေယာ အုပ်ချုပ်မှုစနစ် တွေကို ပြန်လည်ဖော်ထုတ်ပေးတဲ့အဖွဲ့တွေကတော့ KSWDC အပြင် KEAN ၊ ဂရုဏာ(လွိုင်ကော်) ၊ ကရင်နီတောင်သူလယ်သမားသမဂ္ဂ ၊ MATA နဲ့ တခြား လူမှုအသင်းအဖွဲ့အစည်းတွေလည်း ဆောင်ရွက်နေတာတွေရှိပါတယ်။