spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရက ကရင်နီလူငယ်တွေကို ပြင်ဆင်ချက် ထပ်တက်မည့်အပေါ်ပြည်နယ်အတွင်း တက်ကြွလှုပ်ရှားသူတွေရဲ့ ထင်မြင်သုံးသပ်ချက်

Author

Date

Category

ပြည်နယ်အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲဆိုထားတဲ့ ကရင်နီလူငယ် ၆ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြင်ဆင်ချက် ထပ်တက်မယ်လို့ ကရင်နီလူငယ်တွေဆီကို စာရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကယား(ကရင်နီ)ပြည်နယ်အတွင်းက တက်ကြွလှုပ်ရှားသူတွေရဲ့ ထင်မြင်သုံးသပ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

မော်မိုးမြာ – ကရင်နီအမျိုးသားလူငယ် အစည်းအရုံး(KNYO) အထွေထွေ အတွင်းရေးမှုး

သူတို့က အဲ့လို ပြန်ပြင်ဆင်တယ် ပြန်တက်တယ်ဆိုတော့ လူငယ်တွေကို သက်သက် ဖိနှိပ်တယ်လို့ မြင်တယ်။ ပြီးတော့မှ လူငယ်တွေက သူတို့ကို အဲ့လောက်ထိ ပြောခဲ့တာမျိုးတွေ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ သူတို့ လက်ရှိအစိုးရက သူတို့လက်ထဲမှာ အာဏာရှိတယ်။ အမိန့်ပေးလို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ လုပ်ချင်တယ်လို့ မြင်တယ်။ ပြီးတော့မှ လူငယ်တွေကို သက်သက်ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။

——————————

ဦးဗညား – ကရင်နီလူ့အခွင့်အရေးအဖွဲ့ (ဒါရိုက်တာ)

ပြန်ပြီးတော့ ဒီလိုတင်တာကတော့ စဉ်းစားစရာ ဖြစ်တယ်ပေါ့နော နံပါတစ်အချက်က ခုနက ပြောသလို ကျတော်တို့ရဲ့ လက်ရှိ ဖြစ်ထွန်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေခံ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါက လုံးဝကို မလုပ်သင့်တဲ့ အချက်တစ်ချက်လို့ ကျတော်တို့ မြင်တယ်။ လွယ်လွယ်လေးပြောရရင် ရိုးရိုးပုံစံနဲ့ ပြစ်မှုတွေ မဟုတ်ဘူး။ ခိုးမှုတွေ၊ဓားပြမှုတွေ၊ လူသတ်မှုတွေ မဟုတ်ဘူး။ ဒီဟာက နိုင်ငံရေးအရ တိုင်းရင်းသားတွေရဲ့ အခြေခံ အခွင့်အရေးအရ လှုပ်ရှားမှုကနေ ဖြစ်ထွန်းလာသော အပြန်အလှန် တရားစွဲဆိုမှုဖြစ်တယ်။ အဲ့ဒီအပေါ်မှာ နောက်ထပ် လျှောက်လဲချက် တင်ခြင်းဟာ ကျတော်တို့ တတွေကို နှိပ်ကွပ်လိုတယ်။ ကျတော်တို့ တိုင်းရင်းသားတွေအပေါ် နှိပ်ကွပ်လိုတယ်။ ဒီလူငယ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို ခံစားချက်တွေကို နိုင်ငံရေးအရ နှိပ်ကွပ်တယ်လို့ပဲ ကျတော်က မြင်တယ်။

——————————

နော်ဖောဝါး – နည်းပညာအထောက်အကူပြု ကွန်ယက် ( သုတေသီ)

ဒီထောင် ၆ လကို မကျေနပ်လို့ ပြန်ပြီး ပြင်ဆင်မှုတက်တယ်ဆိုတော့ လာမဲ့ ၆ ရက်နေ့ကို သူ ရုံးပြန်ချိန်းထားတယ်။ ဆိုတော့ စောင့်ကြည့်ရမှာပေါ့ တရားရုံးရဲ့ ဆင်ခြင်တုံတရား ဘယ်လိုရှိလဲဆိုတာကိုပေါ့ ဆိုတော့ အဲ့ဒီအပေါ်မှာ စောင့်ကြည့်ပြီးရင်တော့ ဒီအမှုပေါ်မှာ ဆက်ပြီးတော့ ကိုင်တယ်ဆိုရင်တော့ တရားရုံးကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြီပေါ့နော။ တရားစီရင်ရေးက လွတ်လပ်မှု မရှိဘူး။ independent မရှိဘူး။ အုပ်ချုပ်ရေးက ဘယ်လောက်ထိ လွှမ်းမိုးလဲဆိုတာကိုတော့ အဲ့မှာတော့ ကောင်းကောင်းလေး တွေ့နေရပြီပေ့ါ။ တကယ်လို့များ ဒီလာမဲ့ ၆ ရက်နေ့မှာ ဒီ တရားရုံးရဲ့ ဆုံးဖြတ်မှုအပေါ်မှာ ဒီဟာကို ဆက်လက်ခံရေး၊ မခံရေး၊ ပလပ်ရေး၊ မပလပ်ရေးဆိုတဲ့အပေါ်မှာ ဒါတော့ ကျမတို့တွေ အကုန်လုံးကတော့ မေးခွန်းထုတ်စရာ ရှိသလို တနည်းအားဖြင့်လည်း ပြန်ထောက်ပြစရာတွေလည်း အများကြီး ဖြစ်လာမယ်။ ဒါကတော့ မတရားတဲ့တစ်ခုကို အာဏာအရ လုပ်မယ်ဆိုရင် တကယ်လို့များ အဲ့နေ့ရဲ့ အဖြေတစ်ခုက တရားရေးကို အုပ်ချုပ်ရေးက လွှမ်းမိုးမှုရှိတာ သိပြီးတော့ မေးခွန်းမေးစရာ တစ်ခုပဲ ရှိတယ်။ အလုပ်ရှုပ်ခံပြီး တရားရုံးဖွင့်ထားစရာ လိုမလားပေါ့။ ဒါပေမဲ့ တရားရုံးက တရားမျှတဖို့တော့ မျှော်လင့်ပါတယ်။ တရားရုံးရဲ့ ဂုဏ်ကိုလည်း ထိန်းဖို့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ တရားရုံးရဲ့ independent ကို ပြဖို့တော့ လိုတာပေါ့။

——————————

ကိုကျော်ထင်အောင် – တက်ကြွလှုပ်ရှားသူ

လူထု သဘောထား ဆန္ဒမပါပဲ အတင်းအဓ္ဓမ တည်ထားခြင်းကြောင့်ကန့်ကွက်ရာကနေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူငယ်တွေအနေနဲ့ကတော့ ဒါထုတ်ပြန်မှာပဲ ဖြစ်တယ်။ ဒီအပေါ်မှာကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကတော့ အာဏာကို အလွဲသုံးစားလုပ်ပြီးတော့မှ မတရားစွဲဆိုတဲ့ ပုံစံဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်ပြီးသား ဖြစ်နေတာတောင်ကိုမှ ပြစ်ဒဏ်နည်းလို့ တိုးမြင့်ချထားပေးဖို့ဆိုတဲ့ ပုံစံလုပ်လာခြင်းသည် ပြည်သူနဲ့အတူဆိုတဲ့ အရပ်သား အစိုးရလက်ထက်မှာ ဘယ်လိုမှကို မဖြစ်သင့်သလို ကျတော်တို့ တိုင်းရင်းသား ပြည်နယ်တွေရဲ့ မူလ အခွင့်အရေးတွေ ကိုယ့်ဌာနေတိုင်းရင်းသားတွေရဲ့ သဘောထားတွေ ဆိုတဲ့အပေါ်မှာ လေးစား အသိအမှတ်ပြုမှု မရှိပဲနဲ့ လက်ရှိ အာဏာအပေါ်မှာ လုပ်ပိုင်ခွင့်အပေါ်မှာ ဥပဒေကို အလွဲသုံးစား ပြုတယ်လို့ပဲ သုံးသပ်ပါတယ်။

spot_img
spot_img

Recent posts