ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ KSCC တောင်းဆို

0
5436
ကရင်နီပြည်ရှိ စစ်ဘေးရှောင်လူထုများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ကျန်းမာရေးလုပ်သားများ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က ပြည်သူလူထုအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) က ထုတ်ပြန်ကြေညာစာဖြင့် ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

KSCC ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး လုပ်သားတစ်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ခုက စစ်ဆေးမေးမြန်းတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ KSCC ကျန်းမာရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာရဲဇော် က ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတစ်ယောက်ကို အဖွဲ့အစည်း တစ်ခုက စစ်ဆေးတဲ့အခါမှာ ပုံမှန်စစ်ဆေးတဲ့ ပုံစံမျိုး စစ်ဆေးတာမျိုးမဟုတ်ပဲ မင်္သကာလို့ စစ်ဆေးတဲ့ ပုံစံမျိုးဖြစ်သွားတဲ့ အခါမျိုးမှာ ကျနော်တို့ ကျန်းမာရေးဝန်ထမ်း အရမ်းခက်ခဲ ဖြစ်သွားတယ်ပေါ့နော။ လမ်းလယ်ခေါင်ကြီးမှာ စစ်သွားတဲ့ ပုံစံမျိုး ကျနော်တို့တွေ သူဒီလို ခက်ခဲနေတာ ဖြေရှင်းပေးဖို့လိုတယ်။ နောက် အဲ့လိုမျိုးတွေ မလုပ်ဖို့အတွက် ကျနော်တို့တွေ မေတ္တာရပ်ခံဖို့လိုတယ်။ အဲ့လို ပုံစံနဲ့ ကျနော်တို့ ဒါကို ထုတ်ပြန်လိုက်တာပါ“ လို့ ဒေါက်တာရဲဇော်က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ဆေးခံခဲ့ရတဲ့ ကျန်းမာရေးလုပ်သားနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ကိုတော့ နှစ်ဖက်ညှိနှိုင်း ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ ဒေါက်တာရဲဇော်က ဆက်ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ပြည်သူ့ ကျန်းမာရေး လုပ်သားတွေ၊ ကျွမ်းကျင် လုပ်သားတွေ ၊ နယ်လှည့် ကုသပေးနေတဲ့ ကျန်းမာရေး လုပ်သား တွေရဲ့ အရေးကိစ္စ ဆိုရင်လည်း KSCC ရဲ့ တာဝန် တစ်ခုဖြစ်တဲ့အတွက် ယခုဖြစ်စဉ်လို ထပ်မံမဖြစ်ဖို့ လိုအပ်သလို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လူ့ဂုဏ်သိက္ခာနဲ့ အညီ စစ်ဆေးဖို့နဲ့ ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ရင်လည်း KSCC ကို ချိတ်ဆက်အသိပေးဖို့ တောင်းဆိုထားပါတယ်။

တော်လှန်ရေးကာလမှာ စစ်ဆေးမေးမြန်းတာတွေတော့ လုပ်ဆောင်ရပေမယ့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းနဲ့အညီ စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကရင်နီပြည်ရဲဌာန KSP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဘိုဘိုက ဆိုပါတယ်။

“ဟုတ်ကဲ့ ကျနော့် အမြင်ကိုပဲ ပြောရရင်ပေါ့နော ဒီကာလမှာ စစ်ဆေးမေးမြန်းတာတွေကတော့ လုပ်တော့ လုပ်ရတာပေါ့နော လုံခြုံရေးအရ လုပ်ရတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ က အခု ပြည်သူကို ကျနော်တို့က မှီခိုပြီးတော့မှ ရပ်တည်နေရတာဖြစ်တဲ့အတွက် ဒီအပြစ် မကျူးလွန်တဲ့ သူကို မှားပြီးတော့မှ စွပ်စွဲမိတာမျိုး မဖြစ်အောင် တတ်နိုင်သမျှ ရှောင်ကြည်သင့်တာပေါ့နော။ ပြီးတော့မှ ရိုင်းရိုင်း စိုင်းစိုင်း ပြောဆိုဆက်ဆံတာမျိုးတော့ အဆင်မပြေဘူးပေါ့ “ လို့ ဘိုဘိုက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် ကရင်နီလူထုတွေရဲ့ ကျန်းမာရေးကို ပုံစံမျိုးစုံနဲ့ စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးအဖွဲ့အစည်း၊ CDM ကျန်းမာရေးလုပ်သားတွေအပြင် စေတနာ့ဝန်ထမ်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ သူတွေလည်း ရှိပါတယ်။