spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ရင်ခွင်ခိုလှုံလာမဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေအတွက် လုံခြုံရေးအာမခံကြောင်း တော်လှန်ရေးအင်အားစုပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအပြင်၊ ဒေသအသီးသီးက ပြည်သူ့စစ်တွေ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူဖက် ပူးပေါင်းပါဝင်လာပေးဖို့နဲ့၊ ပါဝင်လာသူတွေအတွက် လုံခြုံရေးအာမခံချက်ပေးမယ်လို့ တော်လှန်ရေးအင်အားစုတွေက ပူးတွဲထုတ်ပြန်ချက်ထုတ်ပြီး ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF၊ ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ PNFC၊ ချင်းအမျိုးသားတပ်ဦး CNF၊ Kachin Ginra People’s Embrace Zinlum Komiti အဖွဲ့တွေကနေ “အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် အတင်းအဓမ္မရှေ့တန်းစေလွှတ်ခံရသူများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်” ဆိုတဲ့ ထုတ်ပြန်ချက် တစောင်ကိုထုတ်ပြန်ခဲ့တာပါ။

ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ( PNFC ) ရဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက “ဒီအချိန် ဒီကာလမှာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ်ကနေ ရုန်းထွက်ဖို့ ပေါ့နော်၊ အဲ့ဒီရုန်းထွက်ကြဖို့ကို ကျနော်တို့ ပန်ကြားတာဖြစ်တယ်ပေါ့နော်။ ကျနော်တို့က ဒီ ပအိုဝ်းပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အားလုံးကို ကျနော်တို့ ပြောတာဖြစ်ပါတယ်။ အခု ပအိုဝ်းပြည်သူ့စစ်တွေအနေနဲ့ကလည်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဘဝကနေ ရုန်းထွက်ကြဖို့၊ အဲ့ဒီလို ရုန်းထွက်လာကြတဲ့ ရဲတွေ၊ စစ်သားတွေ၊ ပြည်သူ့စစ်တွေ အတွက်ကို ကျနော်တို့ အာမခံချက်ပေးတာ ဖြစ်ပါတယ်။ ဒါ လူမှုအသိုင်းအဝိုင်းမှာ သိက္ခာရှိစွာပြန်ပြီးနေနိုင်အောင်၊ လုံခြုံအောင် ဒါတွေ အတွက်ကို ကျနော်တို့ အာမခံချက်ပေးပြီးတော့ ထုတ်ပြန်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေအတွက် အာမခံချက်အနေနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်မှာ မဟုတ်ဘဲ မိသားစုထံ ပြန်လိုပါက ပြန်နိုင်အောင် ကူညီစီစဉ်ပေးမှာ ဖြစ်ပြီး၊ မိသားစုဝင်များ ပါလာပါက သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးကို တာဝန်ယူမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိက ကျနော်တို့ အခု နွေဦးတော်လှန်ရေးအနေနဲ့ ဆင်နွှဲနေတာက ကျနော်တို့ ခေတ်ပြောင်း စနစ်ပြောင်း၊ အဲ့တာကို ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို ဆင်နွှဲနေတာပါ။ အဲ့တာကြောင့်မလို့ ခု တော်လှန်ရေးမှာ စစ်တပ်တွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေအနေနဲ့က ကျနော်တို့ ပြည်သူလူထုဖက်ကို ဘက်ပြောင်းခိုလှုံဖို့ပေ့ါနော်။ ပြည်သူ့ရင်ခွင်ကို အဓိက ခိုလှုံဖို့ ကျနော်တို့ အဓိကထားပြီးတော့ နှိုးဆော်တာဖြစ်ပါတယ်” လို့ ခွန်မြင့်ထွန်း ဆိုပါတယ်။

တော်လှန်ရေးကာလ ၃ နှစ် ဝန်းကျင်အတွင်း တစ်နိုင်ငံလုံးအနှံ့အပြားမှာ ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ် စုစုပေါင်း (၁၄၀၀၀) ကျော်ရှိပြီး၊ မပါဝင်လာသေးတဲ့ တပ်သားတွေအနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ဆက်သွယ်လာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts