ပွန်ချောင်းတံတား(ဝမ်အောင်း) တည်ဆောက်ခြင်းလုပ်ငန်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်မည်

0
850
ပွန်ချောင်းတံတား(ဝမ်အောင်း)တွင်အောက်ထည်အုတ်မြစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ - Department of Highways - Kayah

အန်ထော်နီ

ပွန်ချောင်းတံတား(ဝမ်အောင်း)တွင်အောက်ထည်အုတ်မြစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ – Department of Highways – Kayah

၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်အတွင်း တည်ဆောက်နေတဲ့ ပွန်ချောင်းတံတားကို ယခုနှစ် ( ၂၀၂၁ ခုနှစ်) အတွင်း အပြီးဆောက်လုပ်သွားမယ် လို့တံတားအထူးအဖွဲ့ (၆) ဦးစီးအရာရှိ ဦးမြင့်သူ ကပြောပါတယ်။

ယခုဆောက်လုပ်နေတဲ့တံတားဟာ ပွန်ချောင်းတစ်ဘက်ကမ်းမှာရှိတဲ့ ဝမ်အောင်းကျေးရွာ၊ ချီးကွဲ့ကျေးရွာတွေအပြင် သံလွင်အရှေ့ဘက်ခြမ်းက ကျေးရွာတွေအတွက် ခရီးသွားလာရေး အပိုင်းမှာ အများကြီး အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ ဦးမြင့်သူကဆက်ပြောပါတယ်။

“ ဒီတံတားပြီးသွားရင်တော့ နောက်ပိုင်းကဒီဖက်မှာရှိတဲ့ရွာတွေပေါ့နော် ဝမ်အောင်းတို့ ဆောင်းလော့တို့ ချီးကွဲတို့က ဘောလခဲဖက်ကနေပတ်ပြီးတော့မှ မယ်စဲ့တို့ မော်ချီးတို့ကို သွားစရာမလိုတော့ပဲနဲ့ သူကတော့ဖြတ်လမ်းပေါ့နော်။ ကျနော်တို့ကဖြတ်ဖောက်ထားတာ။ အချိန်လည်းတိုသွားမယ်ပေါ့။ လမ်းပန်းဆက်သွယ်မှုလည်းမြန်သွားမယ်ပေါ့။ နောက်ပိုင်းတော့ ပြီးတော့မှ ကုန်စီးဆင်းတဲ့နေရာမှာလည်း ဒေသခံပြည်သူတွေအတွက် အများကြီးအကျိုးရှိမှာပါ။ တံတားပြီးသွားရင်လေး” လို့တံတားအထူးအဖွဲ့ (၆) ဦးစီးအရာရှိ ဦးမြင့်သူက ပြောပါတယ်။

လက်ရှိအနေအထားအရ ဝမ်အောင်းကျေးရွာ၊ ချီးကွဲ့ကျေးရွာနဲ့ သံလွင်တစ်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာက ဒေသခံတွေဟာ ဖားဆောင်းဖက်သို့လာမည်ဆိုလျင် သံလွင်မြစ်နဲ့ ပွန်ချောင်းကို စက်လှေတွေနဲ့ ဖြတ်သန်းကြရပါတယ်။

ဒါ့အပြင် ဒေသထွက် သီးနှံတွေဖြစ်တဲ့ နှမ်း၊ ပြောင်းတို့ကို ရောင်းချဖို့ ပွန်ချောင်းနဲ့ သံလွင်မြစ်ကို စက်လှေတွေနဲ့ သယ်ယူနေကြရတာပါ။

ဝမ်အောင်းကျေးရွာမှာနေထိုင်တဲ့ ဦးသန်းမောင်က “ စက်လှေနဲ့က ကြာလည်းကြာတယ် နောက်ပြီးတော့မှ အန္တရာယ်လည်းရှိတယ် ပြီးတော့မှလည်း အိမ်တိုင်ရာရောက်မရောက်တဲ့ စက်လှေတွေလည်းရှိတယ်” လို့ပြောပါတယ်။

လက်ရှိတည်ဆောက်နေဆဲဖြစ်တဲ့ ပွန်ချောင်းတံတား(ဝမ်အောင်း)ဟာ ဖားဆောင်းမြို့အဝင် ၊သံလွင်မြစ်နဲ့ ဆုံရာ နေရာမှာ တည်ဆောက်နေတာဖြစ်ပြီး တံတားအမြင့်ပေ ၄၀ ၊ အကျယ်( လူသွားလမ်းပလက်ဖောင်းပါ) ပေ၂၀၊ အရှည် ပေ၄၀၀ ရှိပါတယ်။

စုစုပေါင်းဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း(၁၄၀၀) အသုံးပြုကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။