“ဖက်ဒရယ်စနစ်ကိုမထူထောင်နိုင်ခဲ့ပဲ တစ်ပြည်ထောင်စနစ်ကြောင့် ပြည်တွင်းစစ်တွေဖြစ်ပြီး အမျိုးသမီးတွေနဲ့ခလေးတွေက ဓားစာခံအဖြစ် ရှိလာခဲ့ရတယ်။”

မော်ဦးမြာ

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တစ်စို့နေတဲ့ နေအထားမှာရှိနေပြီး အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခိုုင်မာမှုလည်း မရှိနေသေးတာကတစ်ကြောင်း၊ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်တာကတစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) မှ မမီးမီးက ပြောပါတယ်။

မကြာမီရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ စစ်ဘေးရဲ့ အကျိုးဆက်က ဘယ်သူ့အပေါ်မှာ အကျိုးသက်ရောက်မှု များသလဲ၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်ပြီလဲ ၊ နှစ်ရှည် ပြည်တွင်းစစ်ကြောင့် ကရင်နီအမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကြောင်းဆုံမေးမြန်းခဲ့ပါတယ်။

မေး ။ ။ ဆရာမတို့အနေနဲ့ စစ်ရှောင် အမျိုးသမီးတွေအတွက် လတ်တလောမှာ ဘာတွေလုပ်ပေးနေလဲ။ ဘယ်လိုအစီအစဉ်တွေရှိလဲ။

ဖြေ ။ ။ စစ်ရှောင်အမျိုးတွေလို့ပြောရင် ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေနဲ့ ပြည်တွင်းမှာပဲ ရွာရှောင်တွေမှာ စုစည်းရွာတွေမှာနေတဲ့ သူတွေလည်းပါတယ်။ သူတို့တွေ အတွက် ကိုတော့ ကရင်နီ အမျိုးသမီးအစည်းအရုံး / KNWO အနေနဲ့ အမျိုးသမီးအခွင့်ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်းနှင့် သင်တန်းခြင်းများလုပ်ပေးခြင်း၊ အကြမ်းဖက်ခံရသောအမျိုးသမီးများကို တရားမျှတမှု၊လုံခြုံမှုပိုင်းဆိင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးခြင်းများအပြင် အသက်မွေးဝမ်းကြောင်းသင်တန်းတွေဖြစ်တဲ့ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အစားအသောက် လုပ်ခြင်းသင်တန်းနှင့် ရိုးရာအဝတ်အထည်နှင့် အိတ်ချုပ်သင်တန်းများကို ပို့ချပေးနေပါသည်။ သို့သော် အကန့်အသတ်အရအားလုံးကိုတော့ လုပ်ပေးနိုင်ခြင်းမရှိသေးပါ။

မေး ။ ။ စစ်ဘေးကြောင့် ဟိုပြေးဒီပြေးနဲ့ စစ်ရှောင်နေရပြီး အဆင်ပြေတဲ့ နေရာတွေမှာ ရွာတည်ပြီး နေလိုက်ရတဲ့ အမျိုးသမီးတွေ ဘယ်လောက်ထိ ရှိနေလဲ။

ဖြေ ။ ။ စစ်ရှောင်အမျိုးသမီးတွေနဲ့ တွေ့ဆုံစကားပြောတဲ့ အခါမှာ သူတို့ အတွက်လုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင် အခွင့်အလန်းတွေ ရှားပါနေတယ်။ လုပ်ကိုင်စားသောက်စရာ မြေကလည်းအကန့်သတ်မှု တွေ များတဲ့ အတွက် အဆင်မ ပြေဘူး။ အခုဆိုရင် မြေလွတ်မြေလပ် မြေရိုင်းဥပဒေ ကလည်း ရိုးရာဓလေ့ အရလုပ်ကိုင်စားသောက်စရာ ခက်ခဲလာတယ် ။ တစ်ချို့ဆိုရင် ပွန်ချောင်းနားအထိ အ ဝေးကြီးကိုသွားလုပ်နေရတယ်။ လိင်ကွဲပြားမှုအပေါ်ခွဲခြားသော အမြင်ကြောင့်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု ( gender base violence/ GBV) များ တော်တော်ဖြစ်ပေါ်နေတယ်။

မေး။ ။ အဲ့ဒီလို အမျိုးသမီးတွေက အများအားဖြင့် ရှားတောမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်တဲ့ ကျေးရွာတွေမှာ နေထိုင်ကြတာကို တွေ့ရတယ်။ ဆိုတော့ သူတို့အနေနဲ့ ဒီလိုနေထိုင်နေရတာဟာ သူတို့ရဲ့ လုံခြုံရေးတွေ ဘယ်လို စိုးရိမ်စရာတွေ ရှိနေလဲ။

ဖြေ ။ ။ ရှားတောဖက်တို့ အပါအဝင် အခြားမြို့နယ်တွင်းမှာရှိတဲ့ ဝေးလန်တဲ့ ကျေးရွာတွေဖက်မှာဆိုရင် GBV အကြမ်းဖက်မှုတွေ ခံနေရတဲ့ အမျိုးသမီးတွေ အနေနဲ့ ဝန်ဆောင်မှုတွေကိုလက်လှမ်းမမှီတာမျိုးရှိနေတယ်။ ထပ်ခါတစ်လဲလဲ ခံနေရကြတယ်။ တောင်ရွာတွေသွားတဲ့ အခါမှာလည်း ဝေးလံတဲ့ အတွက် လုံခြုံမှုမရှိဘူး ။ ရိုးရာဓလေ့အရလည်း ခွဲခြားဆက်ဆံခံနေရတယ်။ အမျိုးသမီးနဲ့ မိန်းခလေးငယ်များကို ကာကွယ်ပေးတဲ့ အစီအစဉ်တွေလည်းကျေးရွာ အဆင့်အနေနဲ့ မရှိနေဘူး ။

မေး။ ။ သူတို့ရဲ့ အခွင့်အရေးတွေကို ပိုသိလာဖို့ ဘယ်သူမှာ တာဝန်ရှိလဲ။ ဘာတွေ လုပ်ပေးသင့်လဲ။

ဖြေ ။ ။ သူတို့ရဲ့ အခွင့်ရေးကို ပိုသိလာဖို့အတွက်က အစိုးရအနေနဲ့ က မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်ပေးဖို့လိုတယ်။ အထူးသဖြင့် မူဝါဒတွေချမှတ်တဲ့ အခါမှာ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေး ဥပဒေ တစ်ရပ်လိုမျိုးရေးဆွဲတဲ့ အခါမှာ conflict area တွေ က အမျိုးသမီးနဲ့ ခလေးတွေအပါအဝင် စစ်ပဋိပက္ခ ကိုရင်ဆိုင်ခဲ့ရတဲ့ နေရာတွေ ၊ ဒုက္ခသည်စခန်း တွေက အမျိုးသမီးတွေကိုပါ ကာကွယ်တားစီးပေးနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အစိုးရ အနေနဲ့လည်း ဒေသနေ အရပ်ဖက်လူမှုအသိုင်းအဝိုင်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ စစ်ဘေးရှောင်ဖြစ်တဲ့အတွက် သူတို့မှာ အဓိက ဘာတွေ ဆုံးရှုံးနေလဲ။ ဘာလုပ်ဖို့ လိုအပ်လဲ။

ဖြေ ။ ။ အဓိက ကတော့ စစ်ပဋိပက္ခတွေ အတွင်းမှာ ခံခဲ့ရတဲ့ အတွက် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေခံခဲ့ရတယ် ။အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုတွေခံခဲ့ရတယ်။ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေဆုံးရှုံးခဲ့ရ သလို ပညာရေး ၊ ကျန်းမာရေး တွေကိုလက်လှမ်းမမှီခဲ့တာတွေ ရှိနေတယ်။ သူတို့ ကို ပြန်လည်နေရာချထားပေးရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ပေးဖို့ လိုအပ်သလို ပြန်လည်ရပ်တည်ထူထောင်နို်င်ရေးအတွက် အသက်မွေးဝမ်းမွေးဝမ်းကြောင်းအခွင့်အလှမ်းတွေဖန်င်္တီးပေးဖို့ လိုအပ်ပါတယ်။ သူတို့ တွေဟာ စစ်ပဋိပက္ခရဲ့ ဆိုးကျိူးတွေကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရတဲ့ သူတွေရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာများခံစားနေရတဲ့အတွက် စိတ်ဒဏ်ရာများကိုကုစားပေးတဲ့ အစီအစဉ်များလည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဘာကြောင့် သူတို့လို အမျိုးသမီးတွေရှိလာရတာလဲ။ ဒီလိုမျိုး မရှိလာတော့ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲ။

ဖြေ ။ ။ တိုင်းရင်းသားတန်းတူ ညီမျှမှုတွေ မရှိခဲ့ လို့ ကိုယ်ပိုင်ပြဌန်းခွင့် မရှိခဲ့ လို့ တိုင်းရင်းသားများနဲ့ တပ်မတော်ကြားမှာ ပြည်တွင်းစစ် ပဋိပက္ခတွေ ဖြစ်ခဲ့ရတာပါ။ ပြောမယ်ဆိုရင် ဖက်ဒရယ်စနစ်ကိုမထူထောင်နိုင်ခဲ့ပဲ တစ်ပြည်ထောင်စနစ် ကြောင့် ပြည်တွင်းစစ်တွေဖြစ်ပြီး သူတို့လိုမျိုး အမျိုးသမီးတွေနဲ့ခလေးတွေက ဓားစာခံအဖြစ် ရှိလာခဲ့ရတယ်။ ဒီလိုမျိုးမရှိလာဖို့အတွက်ကတော့ အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာပါတာဝန်ရှိပါတယ်။ ပြည်သူလူထုတွေ အနေနဲ့လည်း နှစ်ဖက်လုံးကို စောင့်ကြည့်လေ့လာပြီး အမှန်တရားကိုဖွင့်ဟ ပြောဆိုရဲဖို့ လိုအပ်တယ်.။ ပြောဆိုရဲဖို့ဆိုရင် ပြည်သူလူထုတွေရဲ့ လုြုံခုံမှု အပိုင်းကို ကာကွယ် ပေး မှု ယန္တရားရှိဖို့ လည်းလိုအပ်တယ်။

မေး ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေက ဘယ်လောက်ထိ အရေးပါနေလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ။ စစ်ပဋိပက္ခတွေ အတွင်းများ အများအားဖြင့် အမျိုးသမီး တွေက ခံရတဲ့ အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ အတွက် အရေးကြီးပါ တယ်။ ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီ အရ တရားဝင်မှု ရှိပြီး နိုင်ငံသားများ၏ အခွင့်အရေးနှင့်တန်းတူရေးကိုလည်း ဖေါ်ဆောင်ရာရောက်ပါတယ်။ ကျားမ တန်းတူညီမျှရေး ရှုထောင့် ကနေကြည့်ရင်လည်း ခွဲခြားခြင်းမရှိခြင်း နဲ့ ကိုယ်စားပြုပါဝင်ခွင့် ရှိခြင်း ကြောင့် ဖက်ဒရယ် ဒီမိုကရေစီ တိုးတက်ထွန်းကားရန် ၊ ကောင်းမွန်စွာလည်ပတ်နိုင်ရန် အားကောင်းစေပါတယ်။

မေး ။ ။ မပါဝင်နိုင်တဲ့ အဟန့်အတားတွေက ဘာလဲ။

ဖြေ ။ ။ မပါဝင်နိုင်တဲ့ အဟန့်အတားတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဥပဒေဆိုင်ရာအကန့်အသတ်များကြောင့်၊ လူမှုအစဉ်အလာအရ အကန့် အသတ်များကြောင့်နဲ့

အင်စတီကျူးရှင်းဆိုင်ရာ အကန့်အသတ်များဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ ငြိမ်းချမ်းဖြစ်စဉ်က အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်ပြီလဲ။

ဖြေ ။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က တော့ တစ်စို့နေတဲ့ နေအထားမှာရှိနေတယ် လို့မြင်ပါတယ်။ အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့ အတွက် ခိုုင်မာမှုလည်း မရှိနေသေးတာဘူး။ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်သလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူး။

အခုလို အချိန်ပေးပြီး ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Comments

comments

Next Post

၂၀၂ဝမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် CSOs တွေအနေနဲ့ ဘာတွေလုပ်ကြမလဲ

Fri Sep 13 , 2019
ကရင်နီသူ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ ကယားပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အရပ်ဖက်အဖွဲ့အစည်း CSOs တွေအနေနဲ့ စောင့်ကြည့်မှုတွေကို လုပ်ဆောင်ခဲ့သလိုပဲ လာမယ့် ၂၀၂ဝရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိအောင် စောင့်ကြည့်နေသင့်ပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်(UEC)ကနေပြီး စောင့်ကြည့်ဖို့ ညွှန်ကြားလာတဲ့အချိန်ရယ် CSOsတွေအနေနဲ့ လွှတ်တော်ထဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အခုချိန်ကတည်းကနေပြီးတော့ စောင့်ကြည့်မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုနေပါပြီ။ UEC ကနေ စောင့်ကြည့်ရေးကဒ်တွေ ထုတ်ပေးပြီး စောင့်ကြည့်တဲ့နေရာမှာ CSOs တွေအနေနဲ့ အများကြီးပါဝင်ဖို့ လိုပါတယ်။ UEC ကနေထုတ်ပေးလိုက်တဲ့ စောင့်ကြည့်ရေးကဒ်တွေ ကိုင်ဆောင်ထားတဲ့သူတွေဟာ ကဒ်မှာပါတဲ့အတိုင်း ကိုယ်တာဝန်ယူထားတဲ့ နယ်မြေတွေအထိပဲ စောင့်ကြည့်ရမှာပါ။ CSOsတွေကော လူထုတွေပါ ဘာကြောင့်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လိုလဲဆိုရင် အချို့ […]

ဆက်စပ်သတင်းများ