spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်း ပညာရေး အဆောက်အဦးဆောက်ဖို့ တင်ဒါရ ကုမ္မဏီက ရပ်ဝေးက အလုပ်သမားရောက်ရှိ

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်အတွင်းမှာ ပညာရေးဦးစီးဌာနကနေ အဆောက်အဦး ၂၂ ခုဆောက်ဖို့ တင်ဒါရကုမ္ပဏီ ၁၇ခုအနိုင်ရရှိပြီး ပြည်နယ်ပြင်ပကနေ အလုပ်သမားတစ်ဖွဲ့ရောက်ရှိနေပါတယ်။

“ ဖရူဆိုမြို့နယ်မှာကတော့ ၂၂ခုပေါ့။ ၂၂ကျောင်းမှာ ကုမ္ပဏီက ၁၇ခုအကြမ်းဖျင်းရှိတယ်လို့ သိရတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဝင်တဲ့ဟာ ကုမ္ပဏီ တစ်ဖွဲ့ရှိတယ်။ ကုမ္ပဏီတစ်ဖွဲ့က အလုပ်သမား ၁၂ယောက်ရှိတယ်။” လို့ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူကပြောပါတယ်။

၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းတည်ဆောက်ရေး ခေါင်းစဉ်နဲ့ ကျောင်းဆောင် ၁၅ ဆောင် ၊ ဝန်ထမ်းအိမ်ယာ ၅လုံး ၊ မြို့နယ်ပညာရေးမှူးခန်းမဆောင်တစ်ဆောင်၊ သိပ္ပံဆောင် ၁ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀၊ ဒီဇင်ဘာလ ၁၄ရက်နေ့မနက်ပိုင်းက ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတွေ၊ တင်ဒါရကုမ္ပဏီတွေ၊ ဖရူဆိုမြို့နယ်ပညာရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့နဲ့ ဒေသခံတစ်ချို့တို့က ဆောက်လုပ်သွားမဲ့ ကျောင်းဆောင်အရည်အသွေးပိုင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားဝင်ရောက်လာမှုတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွးပွဲမှာ ရွေ့ပြောင်းအလုပ်သမားတွေကို စနစ်တကျထားဖို့နဲ့ အလုပ်သမားတွေကိုနေထိုင်တဲ့နေရာမှာ ကျေးရွာလူထုတွေနဲ့ရောပြီးမထားဖို့ကိုပြောခဲ့တယ်လို့ ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

“ အလုပ်သမားတင်သွင်းလာတဲ့အပေါ်မှာလဲ စနစ်တကျလုပ်ပေးဖို့ရယ်ပေါ့နော်။ နောက်ပြီးတော့မှ ဒီအဆောက်အဦးဆောက်လုပ်တဲ့ အလုပ်သမားတွေကိုထားတဲ့နေရာမှာလဲ ကျေးရွာလူထုတွေနဲ့ရောပြီးတော့မှ မထားဖို့လဲ မှာကြားတာတွေလဲ လုပ်ခဲ့ပါတယ်ပေါ့။ ဒါပေမယ့် သူတို့က ဘယ်လောက်အထိ လိုက်နာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရအုံးမာပေါ့နော်။” လို့ ဦးသဲရယ်က ပြောပါတယ်။

ကုမ္ပဏီတစ်ခုကနေ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၂ယောက်ကို ဒေါပိုရှေ့နဲ့ လောခုခူ ကိုဗစ်စင်တာတွေမှာ ကွာရာတင်း ဝင်ခိုင်းထားတာဖြစ်ပါတယ်။ ကိုဗစ်ဆေးစစ်ချက် နှစ်ကြိမ် ယူပြီးနောက် ပိုးမတွေ့မှသာလျှင် လုပ်ငန်းခွင်ထဲသွားခွင့်ပေးမယ်လို့ဆိုပါတယ်။တခြားသော တင်ဒါရ ကုမ္မဏီတွေကတော့ ပြည်တွင်းအလုပ်သမားတွေကိုသာ ခေါ်ထားတာဖြစ်ပြီး အမည်စာရင်းတွေကိုလည်း သက်ဆိုင်ရာကို တင်ပြထားကြတယ်လို့ သိရပါတယ်။

လင်းလက်ရွှေစင် ကုမ္ပဏီမှ MD ဦးမြင့်လွင်ဦး က “ ဟုတ်တယ်ဗျာ့။ ကျနော်တို့ ပြည်နယ်အတွင်းက အလုပ်သမားပဲ သုံးတယ်ဗျာ့။” လို့ပြောပါတယ်။

ကယားညီနောင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဆန်းရယ်က “ မြို့နယ်တို့ ဘာတို့ အကုန်လုံးလုပ်သားစရင်းပို့ရတာပေါ့။ လုပ်သားစာရင်းတွေပို့ပြီးတော့ မြို့နယ်ပညာရေးမှူးရုံးရယ်၊ နောက်ပြီးတော့ ထွေအုပ်ရယ်၊ ကျန်းမာရေးဌာနကို ပို့ရတာ။”လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် ပညာရေးမှူးဦးလှဝင်း “ မူလတန်းကျောင်းက များများပါပဲ။ မူလတန်းကျောင်းတွေများတယ် ဆိုတော့ နည်းနည်းဝေးလံခက်ခဲတဲ့ တကယ်လိုအပ်တဲ့နေရာတွေရရှိပါတယ်။ ဖရူဆိုမြို့နယ်က ခက်ခဲတဲ့ဒေသဖြစ်တာမလို့ လိုအပ်မှုအပိုင်းတော့ရှိနေပါသေးတယ်။” လို့ဖရူဆိုမြို့နယ် ပညာရေးမှူး ဦးလှဝင်းကပြောပါတယ်။

နေပြည်တော်အခြေစိုက် IDM ကုမ္ပဏီမှ မိုးဗြဲ ပရောဂျတ် မန်နေဂျာ(မိုးဗြဲရုံးခွဲတာဝန်ခံ) ဦးထွန်းထွန်းအေးက ပြည်နယ်အတွင်းက အလုပ်သမားတွေကိုပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။

“ ကျနော်ဒီ အဲ့ဒီဖရူဆိုကျတော့ ကျနော် ကယားပြည်နယ်က လူတွေကိုပဲ သုံးပါ့မယ်ဗျာ့ အလုပ်သမား၊ စာရင်းတွေကိုလဲ ကျနော် အဲ့ဒီမြို့နယ်ပညာရေးမှူးကို ပို့ထားပါတယ်။” လို့ ဦးထွန်းထွန်းအေးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ ပညာရေး အဆောက်အဦး ၂၂ခုဆောက်လုပ်ဖို့ တင်ဒါရှိခဲ့တဲ့ ပြည်မအခြေစိုက် ကုမ္ပဏီတစ်ချို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါ။

အဆိုပါ လုပ်ငန်း၂၂ခုအတွက် လုပ်ငန်းတန်ဖိုးငွေအနေနဲ့ ကျပ်သန်းပေါင်း ၁၁၁၁.၂၉သန်းဖြစ်ပြီး တင်ဒါတန်ဖိုးခွင့်ပြုငွေ လုပ်ငန်း ၂၂ခုအတွက် စုစုပေါင်း ၁၉၈၆.၇၁၂၀သန်းဖြစ်ပါတယ်။

spot_img
spot_img

Recent posts