CJ(ကန္တာရဝတီတိုင်း(မ်))
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ (၅) ရွာမှာ ယခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး စုဆောင်းထားတဲ့ ရေသိုလှောင်ကန်မှာ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့ ရေနီကန်ကို အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ ဒီဘက်တကျောမှာတော့ ထီးသဲကူးကနေ ဘူးခူရွာအထိက ရေနဲ့ ပတ်သက်တာက အရမ်းကို ခက်ခဲတယ်၊ အလှူရှင်ကို ရှာနေရတာပေါ့။ နှစ်စဥ် နှစ်တိုင်း လုပ်ရတာပေါ့ ဒီတစ်နှစ်တော့ ဘယ်နေရာမှ မရသေးဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ရေလာလှူရင် ရေပုံးတွေနဲ့ ခွဲပေးကြတာရှိဖူးတယ်”လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။
သန့်ရှင်းကြည်လင်တဲ့ သောက်သုံးရေရရှိဖို့အတွက် တစ်နာရီကျော် ခြေလျင်နဲ့ သွားရတဲ့နေရာမှာ သွားရောက်ခပ်ယူရတယ်လို့ ဆိုပါတယ်။ အဲ့ဒီရေအရင်းအမြစ်ကို ကျေးရွာဒေသခံအပြင် စစ်ရှောင်တွေလည်း အသုံးပြုကြတာကြောင့် ရေမလုံလောက်မှုတွေ ကြုံတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေနည်းနည်းကြည်တာ ခြေလျင်နဲ့ သွားခပ်ရင်တော့ အသွား နာရီဝက်၊ အပြန် တစ်နာရီလောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ကား၊ ဆိုင်ကယ် မရှိတဲ့သူတွေဟာ သောက်သုံးရေ ရရှိဖို့ မနက်စောစော သွားရောက်ခပ်ယူရတယ်လို့ သိရပါတယ်။ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေရှိရာနေရာအထိ စက်တွေ ဆိုင်ကယ်တွေနဲ့ ရေသယ်ယူဖို့ ငွေကြေးမတတ်နိုင်ကြဘူးလို့ ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာအများစုမှာ ရေထွက်ပေါက် မရှိသလို၊ ရေအရင်းအမြစ် မရှိတဲ့ မြေနီဒေသဖြစ်တာကြောင့် နှစ်စဥ် သောက်သုံးရေ ပြဿာနာနဲ့ ကြုံတွေ့နေရတာပါ။
နွေရာသီရောက်ရှိတိုင်း ရေရှားပါးမှုပြဿာနာကို ရင်ဆိုင်နေရတဲ့ အဲ့ဒီ ကျေးရွာတွေမှာတော့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတာ၊ အရေပြားယားယံတာ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။
“ရေနီတွေ သုံးတယ်ဆိုရင်တော့ သူ့ရေက ညစ်ပတ်တယ်လေး၊ ပြီးတော့ သစ်ရွက်တွေနဲ့ဆိုတော့ အရေပြားဖြစ်နိုင်တယ်။ စားပါစားရင် နွေရာသီမှာ ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်နိုင်တယ်။ ကြာလာရင် ကျောက်ကပ်ပါ စိုးရိမ်ရတယ်”လို့ သူက ပြောပါတယ်။
အဲဒီ ရေနီကန်ကို အသုံးပြုနေရတဲ့ ကျေးရွာ ၅ ရွာ အပြင် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ စစ်ဘေးရှောင်တွေလည်း စုပေါင်း အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ရေရှားပါးမှုပြဿနာကြုံတွေ့နေတဲ့ ဒေသခံ နဲ့ စစ်ရှောင်အတွက် ရေအလှူရှင်လိုအပ်နေတယ်လို့ ဆိုပါတယ်။