မော်ဦးမြာ

ကျောင်းနေအရွယ် ကလေးတစ်စုက ခြံဝင်းထဲမှာ ပေါက်ပြားကိုင်သူကိုင် ဓားကိုင်သူ ကိုင်နဲ့ ခြံရှင်းနေကြတာကို ကြည့်လိုက်တော့ သူတို့တွေ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားရဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ကိုယ်တိုင် စိုက်ပျိုးနေကြတာဖြစ်ပါတယ်။

သူတို့ကတော့ ရှားတောမြို့ နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာက ပညာဆက်လက်ဆည်းပူးဖို့ အခက်အခဲရှိတဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပညာဆက်လက် သင်ကြားနိုင်ဖို့ ကရင်နီလူငယ်တစ်စုက ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်မှာ လာရောက်ပြီး စုပေါင်း နေထိုင်ကြပါတယ်။

ဘော်ဒါဆောင်ကိုတော့ “ ဖေစိုးလေး လွိမိုး ကလွှီး ဘော်ဒါဆောင် ” လို့ အမည်ပေးထားပါတယ်။

ဘော်ဒါဆောင် ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တာဝန်ခံဖြစ်သူ ခူးရားရယ်က “အထူးသဖြင့်ကလေးသူငယ်တွေ မြို့ပေါ်မှာ အလယ်တန်း (သို့) အထက်တန်းကျောင်းကို ဆက်လက်ပညာသင်ယူ နိူင်ရန်အတွက် တဖက်တလမ်းကနေ ကူညီပေးဖို့ဒီဘော်ဒါဆောင်ကို ဖွင့်ရခြင်းဖြစ်ပါတယ်။” လို့ ရှင်းပြပါတယ်။

လက်ရှိမှာတော့ ဘော်ဒါဆောင်မှာ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၃၅ ယောက် ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အများစုဟာ ရှားတောမြို့ နယ်ထဲက ဝေးလံတဲ့ ကျေးရွာတွေကနေ လာရောက်နေထိုင်ပြီး ပညာ ဆက်လက် ဆည်းပူးနေကြတာ ဖြစ်ပါတယ်။

သူတို့ ကျေးရွာဟာဆိုရင် ယခင်က စစ်ဘေးဒဏ်ကြောင့် ရွေ့ပြောင်း ပြေးလွှားရင်းနဲ့ ယခုအချိန်မှာ နေရပ်ကို ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ပေမဲ့ စာသင်ကျောင်း မရှိတာတွေကြောင့် မိမိနေရပ်နဲ့ ဝေးလံတဲ့ ရှားတောမြို့ အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်မှာ လာရောက်ပြီး ပညာဆည်းပူးနေကြရတာ ဖြစ်ပါတယ်။

ရှားတောမြို့နယ်၊ မြောက်ပိုင်းစုစည်းကျေးရွာတွင် ဖွင့်လှစ်ထားသော ဖေစိုးလေး လွိမိုးကလွှီး ဘော်ဒါဆောင်မှ ကျောင်းသူ၊ ကျောင်းသားများအား တွေ့ရစဉ်

ဘော်ဒါဆောင်ကိုတော့ ရှားတောမြို့ နယ် မြောက်ပိုင်းစုစည်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကရင်နီ ဒုက္ခသည်စခန်းကနေ့ UN ရဲ့ အကူအညီနဲ့ တတိယနိုင်ငံကို ရောက်ရှိသွားတဲ့ ကရင်နီလူငယ်တချို့ ၊ ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှ Morning Star ဆိုတဲ့ ကရင်နီလူငယ်တစ်ဖွဲ့ဲ့နဲ့ ရှားတောမြို့ နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဖရေစိုးလေး လူငယ်တို့က အချင်းချင်း ဆွေးနွေးတိုင်ပင်ရာမှ ပညာဆက်လက် မသင်ယူနိုင်တဲ့ ဖရေစိုးလေးဒေသ ( ရှာတောမြို့ နယ်) မှ ကလေးတွေကို ပညာဆက်လက် သင်ယူစေလိုပြီး ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တတိယနိုင်ငံကို ရောက်ရှိသွားတဲ့ ကရင်နီလူငယ် ( ၅) ဦး ( Phay Soe Lay Dream) လို့ အမည်ပေးထားတဲ့ လူငယ်တွေကနေ စုပြီး ထောက်ပံ့တဲ့ ငွေတွေနဲ့ ရပ်တည်နေရတာ ဖြစ်ပြီး စေတနာရှင် တချို့ က တတ်နိုင်တဲ့ အလှူတွေကို လာရောက်လှူဒါန်းတာတွေရှိတယ်လို့ သိရပါတယ်။

အဆောင် လာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ တစ်လကို တစ်ဦးလျှင် ဆန်တစ်ပုံး သတ်မှတ်ထားပေးပြီး ဟင်း၊ စာအုပ်၊ ဘော်ပင်၊ ခဲတံ၊ ဆပ်ပြာ စတဲ့ တိုလီမှုတ်စ တွေကိုတော့ တာဝန်ရှိသူတွေက ပေးလှူသွားတယ်လို့ သိရပါတယ်။

အလှူရှင်တွေအနေနဲ့ ငါး နှစ်အတွင်းသာ လှူဒါန်းနိုင်မှာ ဖြစ်တဲ့အတွက် ကလေးတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ဘော်ဒါဆောင်ကို ဆက်လက် ဖွင့်လှစ်ထားချင်ပေမဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ခူးရားရယ်က ပြောပါတယ်။

“ အရေးကြီးဆုံး လိုအပ်တာကတော့ ကျောင်းသားတွေ နေ့၊ည စာကျက်ဖို့နေရာလေးပေါ့နော။ ကျတော်တို့ ဟောခန်းလို သီးသန့်ထားပေးတာ မရှိသေးဘူး။ အိပ်ယာပေါ်မှာ ထိုင်ပြီး ဖတ်ရတယ်။ အဲ့လိုပဲဆိုတော့ ခနလေးနဲ့ အိပ်ငိုက်တာရှိတယ်။ အဆင်မပြေဘူး။ ခုံလည်း လုံးဝ မရှိဘူး။ အရေးကြီးဆုံး လိုအပ်ချက်တာ ဒါလေးပေါ့နော။ စာဖတ်ဖို့နေရာတော့ ဟောခန်းလိုပုံစံမျိုး သီးသန့် လုပ်ပေးချင်တယ်။” လို့ တာဝန်ခံ ခူးရားရယ်က လက်ရှိမှာ ဘော်ဒါဆောင်ရဲ့ အခက်ခဲဆုံးဖြစ်တဲ့ အရာကို ပြောပြသွားပါတယ်။

အပေါ်ထပ်၊ အောက်ထပ်ကို ဝါးထရံနဲ့ ပြုလုပ်ထားတဲ့ နှစ်ထပ်အိမ်ငယ်လေးထဲမှာ ကျောင်းသူ၊ ကျောင်းသား ၃၅ ယောက်နဲ့ တာဝန်ခံ ဆရာ၊ ဆရာမ နှစ်ဦး၊ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ချက်ပြုတ်ရေးမှာ တာဝန်ယူသူ တစ်ဦးတို့က စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာကျက်ဖို့ နေရာ သီးသန့်မရှိတာကြောင့် မိမိတို့ အိပ်မဲ့နေရာမှာသာ ထိုင်ပြီး စာအုပ်ကိုင်ကာ စာကျက်ရတာ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ်လို့ တာဝန်ခံတွေ ပြောပါတယ်။

ရှားတောမြို့ နယ်ဟာ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ ဖွံ့ ဖြိုးမှုနောက်ကျနေဆဲ မြို့ နယ်တစ်ခု ဖြစ်ပါတယ်။ ယခင် ဖြတ်လေးဖြတ်ကာလမှာ စစ်ဘေးဒဏ်ကို ခံရမှု အများဆုံး မြို့ နယ်လည်း ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံရေး တည်ငြိမ်လာပြီလို့ ပြောစမှတ်ပြုနေကြတဲ့အချိန်မှာ ပညာမသင်ခဲ့ရတဲ့ မိဘတွေက မိမိတို့ သား၊ သမီးတွေကို ပညာသင်ယူနိုင်အောင် ကြိုးပမ်းနေကြပါတယ်။ ရှားတောမြို့ နယ်အတွင်းက ကျေးရွာမှာရှိတဲ့ ဆက်ကျော်သက် အရွယ် လူငယ်တွေဟာ ပညာဆည်းပူးခဲ့ရသူတွေ အလွန်နည်းပါးပါတယ်။

“ဟိုးအရင်က ဖြတ်လေးဖြတ်ကာလမှာ တချို့က ရှမ်းပြည်နယ်စပ်အထိ ပြေးသွားတာ ရှိတယ်ပေါ့နော။ နောက်ပိုင်း နည်းနည်းလေး ငြိမ်လာမှ ရှားတောမြို့နယ်ထဲကို ပြန်လာနေတယ် အဲ့လိုတွေ ရှိတာပေါ့နော။ အဲ့လို ကလေးတွေ လာနေတာ များတယ်။ ပြီးတော့ သူတို့ရွာမှာက ကျောင်းမရှိတဲ့သူတွေပေါ့။ တိုက်ပွဲတော့ မဖြစ်တော့ဘူး ဆိုပေမဲ့ သူတို့တွေက ဟိုပြေးဒီပြေး ပြေးပြီး တိမ်းရှောင်ရတဲ့သူတွေပဲ။” လို့ အဆောင်နေ ကလေးတွေနဲ့ ပတ်သက်ပြီး ခူးရားရယ်က ရှင်းပြသွားတာပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်စပ် တေလဲ ကျေးရွာမှာ နေထိုင်တဲ့ နဝမတန်းကျောင်းသား ခူးကေးရယ်က ယခင်နှစ်တွေမှာ တခြားသော ဘော်ဒါဆောင်၊ ကက်သလစ်ကျောင်းတွေမှာ နေထိုင်ပြီး ပညာသင်ယူခဲ့ပေမဲ့ မိဘတွေက ငွေကြေး မတတ်နိုင်တာကြောင့် ယခုလက်ရှိ ဘော်ဒါဆောင်မှာ လာရောက်နေထိုင်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“ ကျတော် ကျောင်းဆက်တက်ချင်လို့ ဒီမှာ လာနေတာပါ။ ရွာမှာလည်း ကျောင်းက ၄ တန်းအထိပဲ ရှိတယ်လေ။” လို့ ခူးကေးရယ်က ဘော်ဒါဆောင်မှာ လာရောက်နေထိုင်ရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

ကျောင်းပိတ်ရက်တွေမှာတော့ အဆောင်တွင်း သန့်ရှင်းရေးလုပ်ပြီး ခြံထွက်သီးနှံပင်များ စိုက်ပျိုးခြင်း၊ မိမိအမျိုးသားနဲ့ သက်ဆိုင်တဲ့ ပညာရပ်များ လေ့လာခြင်း၊ ရှားတောမြို့တွင်းမှာ သန့်ရှင်းစေဖို့အတွက် အမှိုက်ကောက်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

တချိန်က စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်ရင်းနဲ့ ပညာမသင်ခဲ့ရတဲ့ မိဘတွေအနေနဲ့ ယနေ့အချိန်မှာတော့ သား၊ သမီးတွေကို ပညာသင်ယူနိုင်ဖို့ အားပေးတဲ့ မိဘတွေ နည်းပါးနေသေးတယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။ ဒါ့ကြောင့် ကရင်နီလူငယ်တွေကလည်း သူတို့ရဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူတို့ကိုယ်တိုင် တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ရှာကြံ ကြိုးစားပြီး အနာဂါတ်ခေါင်းဆောင်တွေ ဖြစ်လာမဲ့ ကျောင်းနေအရွယ် ကလေးတွေကို ပညာသင်ယူနိုင်အောင် ဆောင်ရွက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

Comments

comments