နော်ဒွေးအယ်ခူ
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကိစ္စဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မေလ ရရက်နေ့၊ ကိန္နရာဟိုတယ်တွင် ကျင်းပခဲ့ရာ NRPC နှင့် KNPP ဒုတိယအပိုင်းတွင် ဆက်လက်ဆွေးနွေးမှု မပါဝင်တော့ကြောင်း သိရသည်။
၎င်း ကိစ္စနှင့် ပတ်သက်၍ KNPP ဒုဥက္ကဌ ခူးဦးရယ်က “အခုက အစည်းအဝေးက နှစ်ကြိမ်ရှိပြီပေါ့နော၊ ဆိုတော့ ကျတော်တို့ ပါဝင်တဲ့ အခန်းကဏ္ဍကတော့ ရှင်းရှင်းပြောရရင် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ကျတော်တို့ ဝင်ရောက်ပြီးတော့ ဝန်းရံပေးတဲ့သဘောပေါ့။ အစည်းအဝေးတော့ မစရသေးဘူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြန်သွားပြီဆိုတော့ ကျတော်တို့လည်း အစည်းအဝေးထဲမှာ ဆက်ပြီးတော့ ပါဝင်သွားဖို့အကြောင်းမရှိဘူးပေါ့နော” ဟု အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောဆိုခဲ့သည်။
NRPC အနေဖြင့် ယခုဆွေးနွေးပွဲရလဒ် ကောင်းမွန်စွာထွက်ပေါ်မည်ဟု မျှော်လင့်နေကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
KNPP အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဖိတ်ခေါ်ချက်အရသာ ဗိုလ်ချုပ်ကြေးရုပ်ထုကိစ္စ ဖြေရှင်းရေး ညှိနှိုင်းအစည်းတွင် ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် NRPC သည် ညှိနှိုင်းအစည်းအဝေးတွင် ပါဝင်ခြင်းမရှိတော့သည့်အတွက်ကြောင့် KNPP အနေဖြင့်လည်း ဆက်လက်ဆွေးနွေးရန် အကြောင်းမရှိတော့ဟု ခူးဦးရယ်က ဆိုသည်။
“ကျတော်တို့ကတော့ အကောင်းဆုံးဖြစ်ဖို့တော့ မျှော်လင့်တယ်။ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေလိုတယ်” ဟု ခူးဦးရယ် ကဆိုသည်။
လက်ရှိအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ကြေးရုပ်ကန့်ကွက်သည့် ကရင်နီအင်အားစုတို့မှ ဆက်လက်ဆွေးနွေးနေပြီး အသိသက်သေအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးများ၊ ဘာသာရေးခေါင်းဆောင်အချို့တို့က အသိသက်သေအနေဖြင့် တက်ရောက်ခဲ့ကြသည်။
ကြေးရုပ်ထုထားရှိရန် ၂၀၁၈ခုနှစ် ဇွန်လတွင် ပြည်နယ်အစိုးရအစည်းအဝေးခန်းမ၌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကြေးသွန်းပညာရှင်နှင့် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ကြေးရုပ်တုမထားရှိရေးအတွက် ကရင်နီလူငယ်များ၊ လူထုများမှ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည့်ကြားက ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ကန္ဒာဟေဝန်ပန်းခြံသို့ သက်ဆိုင်ရာများက သယ်ဆောင်လာခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် လူထုအင်အားအများအပြားဖြင့် ဗိုလ်ချုပ်ကြေးရုပ်ဖြုတ်ချရေးအတွက် လွိုင်ကော်မြို့တွင် ချီတက်ဆန္ဒထုတ်ဖော်ခြင်း၊ မတ်လ ၂ဝရက်နေ့တွင် ငါးပွင့်ဆိုင် ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ထပ်မံဆွေးနွေးကြရာ အဖြေတစ်စုံတစ်ရာမထွက်ဘဲ ဧပြီလကုန်တွင် အပြီးဆွေးနွေးကြရန်သာ ပြောခဲ့ကြသည်။
သို့သော် ဧပြီလတွင်လည်း ကြေးရုပ်နှင့် ပတ်သက်သည့် မည်သည့်ဆွေးနွေးမှု ရလဒ်များ ထွက်ပေါ်လာခြင်းမရှိပဲ ယခုအချိန်ထိ ဆွေးနွေးနေကြဆဲဖြစ်သည်။