ဘောလခဲမြို့နယ်မှာ ဆေးပင်စင်စားတစ်ဦးမှ သံဃာတော်တစ်ပါးကိုရိုက်နက်မှုဖြစ်

0
5890

ဦးမြာ

ကယားပြည်နယ် ဘောလခဲမြို့နယ် မြို့လယ်လမ်းဆုံအနီးဈေးဆိုင်ရှေ့မှာ ဒီနေ့မနက်(ဇန်နဝါရီလ ၁၉ရက်) ၈နာရီလောက်က ဆေးပင်စင်စားတစ်ဦးကနေ သံဃာတော်တစ်ပါးကို ဒုတ်နဲ့ရိုက်နက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဦးခေါင်းထိခိုက်သွားသူမှာ ရေနီပေါက်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းမှမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌ ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသဖြစ်ပြီး ဦးခေါင်းမှာဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။

ဆရာတော်ကို တပ်မတော်စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရတာမရှိသလို စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။

ဖြစ်စဉ်မှာ ဆရာတော်က ဈေးဆိုင်ရှေ့က ဒကာတွေနဲ့ စကားပြောဆိုနေစဉ် ဆေးပင်စင်စားတစ်ဦးဖြစ်တဲ့ ဦးအေးရွှေ(ခ)ကောင်းကောင်းဟာ သူရဲ့မကျေနပ်ချက်တွေကို လာပြောပြီး ဆရာတော်ဦးခေါင်းကို ဒုတ်နဲ့ရိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဦးအေးရွှေကို ရဲစခန်းက အချုပ်ချထားပြီး ဆရာတော်ယခုအချိန်ထိ တိုင်စာလာခြင်းမရှိသေးဘူးလို့ ဘောလခဲမြို့နယ်ရဲစခန်းထံမှသိရပါတယ်။

“ လောလောဆယ်တော့ ထိန်းသိမ်းထားတုန်းပဲရှိသေးတယ်။ နောက်ပြီး အမှုစစ်တွေလည်းလိုက်ပြီး ဘုန်းဘုန်းနဲ့ချိတ်ဆက်ပြီးတော့ ဘုန်းဘုန်းတို့ဘက်ကနေ အမှုဖွင့်ခွင့်လည်း ပေးထားပါတယ်။ လောလောဆယ်တော့ သတင်းအသိအကျမရသေးဘူး။”

အမှုဖွင့်ရင်တော့ ထောင်တစ်နှစ်ကနေ နှစ်နှစ်အထိကျနိုင်တယ်လို့ သိရပါတယ်။