spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မင်းအောင်လှိုင် ဦးခေါင်းပုံကို တူမီးသေနတ်နဲ့ ပစ်ခတ်ပြီး ကယားရိုးရာ စစ်ခူ(စပ်ခူ)ကို ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

မေလ ၁ရက်နေ့က ကယားလူမျိုးတို့ရဲ့ ရိုးရာဓလေ့အရ မကောင်းတဲ့ ဝိဉာဉ်တွေကို နှင်ထုတ်တဲ့ စစ်ခူ(စပ်ခူ) ပြုလုပ်ရာမှာ အဖြူရောင်ကြက်နဲ့အတူ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ရဲ့ ပုံကို အသုံးပြုခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ ကြက်ဖြူ ဦးခေါင်း နဲ့ မင်းအောင်လှိုင်ရဲ့ ဦးခေါင်းပုံကို တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့တာပါ။

စစ်ခူ( စပ်ခူ )မှာ မင်းအောင်လှိုင်ဓာတ်ပုံရဲ့ခေါင်းကို တူမီးသေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် သူဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း စစ်ခူ( စပ်ခူ )မှာ ပါဝင်ခဲ့တဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ခူတီရယ်က ပြောပါတယ်။

“ ကျနော်တို့ သူ့ကို မုန်းတီးတယ်။ အဲ့တာကြောင့် သူ့ကို ပစ်မယ်။ သူ့ခေါင်းကိုပစ်မယ်။ ပစ်မယ်ဆိုရင် သူ့ခေါင်းပဲမပစ်ဘူး။ ကျနော်တို့ ကြက်ခေါင်းဖြူလို ပြုစားပြီးတော့ ကြက်ခေါင်းပြုတ်သွားသလို သူ့ခေါင်းလည်း ပြုတ်ရမယ်။ ကျနော်တို့ စိတ်ထဲမှာ ဘယ်အချိန်မှာ သေမှာလဲ။ ဘယ်အချိန်မှာ လဲသေမလဲ။ အဲ့လိုပဲတွေးတယ်။ ကျနော်တို့ စိတ်ထဲမှာ သူ့ကို အကောင်းတွေ မတွေးပေးနိုင်တော့ဘူး။ သူ့ကို မကောင်းတဲ့ ဝိဉာဉ်လိုမျိုးပေါ့။ ကျနော်တို့ ဒီဟာ လုပ်ပြီးရင် နားစွင့်ပြီးတော့ စုံစမ်းသွားမယ်။ ဘယ်လိုလာမလဲဆိုတာ ကျနော်တို့ စုံစမ်းသွားမှာပါ။” ခူတီရယ်က ပြောပါတယ်။

ကယားလူမျိုးတွေဟာ မိမိတို့ နေအိမ်အတွင်း သို့မဟုတ် ကျေးရွာအတွင်းမှာ မကောင်းတဲ့ ကိစ္စကြုံလာရပြီဆိုရင် စစ်ခူ(စပ်ခူ) ကိုပြုလုပ်လေ့ရှိပြီး မကောင်းဆိုးဝါး ဝိဉာဉ်ကို နှင်ထုတ်လေ့ရှိကြတာပါ။

မကောင်းတဲ့ဝိဉာဉ်တွေကို မောင်းထုတ်လိုက်ရင် ကံကောင်းခြင်းတွေ ပြန်ရောက်လာမယ်လို့လည်း ယုံကြည်ကြပါတယ်။

လက်ရှိကရင်နီပြည်မှာ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေ၊ စစ်ရှောင်ရင်းမသေသင့်ပဲ သေဆုံးနေရတဲ့ ပြည်သူတွေ နေ့စဉ်နဲ့ အမျှရှိနေပြီး ဒီအကြောင်းရင်းတွေရဲ့ တရားခံဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်တာကြောင့် အခုလို ပြုလုပ်တာဖြစ်တယ် လို့ ခူတီရယ်က ပြောပါတယ်။

“ မင်းအောင်လှိုင် နိုင်ငံကို အုပ်ချုပ်တာက သူရက်စက်တယ်။ သူ့မိဘတင်မကဘူး။ ညီအကိုတွေမကဘူး။ သွေးသားတွေက ဗမာတွေဖြစ်နေတာတောင် ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို သူရက်စက်တယ်။ ကလေးကော လူကြီးကော ဗိုက်ထဲမှာ နေကတည်းက သုံးလေးလသားကတည်းက ကလေးတောင်ပျက်ကျရတယ်။ သူ့ကြောင့် ဘာလို့လဲဆိုတော့ လက်နက်ကြီးပစ်တော့ ကျေးရွာတွေကို ကြောက်လန့်အောင်ပစ်တယ်။ ကျနော်တို့ ကလေးကိုယ်ဝန်တွေတောင် ပျက်ကျကုန်တယ်။ သူတို့က ဗိုက်ထဲအထိရက်စက်တယ်။ “ လို့ ၎င်းက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားကြပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းနီးပါးရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသူ အများအပြားရှိပါတယ်။

spot_img
spot_img