spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မတရားသိမ်းထားသည့်သာသနာမြေကို ပြန်လှူမည်ဟု မပြောဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ငြင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို သိမ်းယူထားသည့် မယ်စဲတိုက်နယ် ကက်သလစ်သာသနာ နယ်မြေကိစ္စကို ယမန်နေ့ မယ်စဲတိုက်နယ် ကက်သလစ်ဘုန်းတော်ကြီးနေအိမ်တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကက်သလစ်ဆရာတော်ကြီး၊ ဘုန်းတော်ကြီးတို့နှင့် နှစ်ဖက်တိုင်ပင်ဆွေးနွေးနေစဉ် ဝန်ကြီးချုပ်မှ လိုအပ်လျှင်ပြန်လှူမည်ဟု ပြောဆိုထားကြောင်း သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဝင် ကိုသားကြီးကပြောသည်။

̏ ကျွန်တော်ကတော့ လိုအပ်ရင် ပြန်လှူပေးမယ်လို့တော့ ပြောတယ်ပေါ့နော၊ သူကလည်း သူ့အနေနဲ့မတရားယူထားတာ မဟုတ်ဘူး၊ ငါလုပ်ထုံးလုပ်နည်းနဲ့ အညီရယူထားတယ်လို့ပဲ သူသဘောပေါက်ထားတယ်ပေါ့နော။ သိချင်တယ်ဆိုရင်လည်း သူခေါ်လာတဲ့ ဥပဒေအရာရှိတွေရှိတယ်၊ ဦးစိုင်းကျော်ဇံတို့ဘာတို့ပါတယ် သူတို့ကို မေးကြည့်လို့ရပါတယ်လို့ပဲ ပြောတယ်လေ˝ ဟု ကိုသားကြီးက ပြောသည်။

သို့သော် လိုအပ်လျှင် ပြန်လှူပေးမည်ဟု မပြောဆိုထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ကန္တာရဝတီတိုင်းမ်မှ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုထားသည်။

̏ အဲ့ဒါကိုယ်တော်တွေကိုမေးသမီး၊ လှူမယ်လို့ပြောတာလည်း မပြောခဲ့ရဘူးသမီး အဲ့ဒါသူတို့ကိုမေးနော၊ ဒီလောက်ပဲနော။˝ ဟု ဝန်ကြီးချုပ်က ပြောသည်။

နိုဝင်ဘာလ၁ဝရက်နေ့ ကျောင်းထိုင်ဘုန်းတော်ကြီးနေအိမ်တွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းရာ မည်သူ့ကိုမျှဝင်ခွင့်မပြုပဲ ဆွေးနွေးမှုပြုလုပ်အပြီးတွင် မီဒီယာများကို ဖြေကြားခြင်းမပြုခဲ့ပေ။

လက်ရှိတွင် ဝန်ကြီးချုပ်မှ လုပ်ထုံးလုပ်နည်းအတိုင်း ၎င်းလုပ်ကိုင်ဆောင်ရွက်နေသည်ဟု ယူဆနေသော်လည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမှုဖြစ်နေကြောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ကိုသားကြီးက ဆက်ပြောသည်။
̏လိုအပ်တယ်ဆိုရင် ပြန်လှူပေးဆိုလည်း လှူပေးပါ့မယ်လို့တော့ သူပြောတယ်ပေါ့နော၊ ဒါပေမယ့်အခုတော့ မပြောခဲ့ဘူးဆိုတော့ ကျွန်တော်တို့လည်း လူကြီးတစ်ယောက်ကို အတင်းဇွတ်သွားပြောလို့မရဘူးလေ။ ပေးချင်ပေးမပေးချင်နေ၊ ကျွန်တော်တို့အနေနဲ့ ခံယူထားတာကတော့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီးတော့ ယူထားတယ်လို့ပဲ ခံစားရတဲ့အတွက်ကြောင့် ပေးရင်လည်းယူမယ် မပေးရင်လည်း မယူဘူး ဘာလို့ဆို လက်ရှိသူက ဝန်ကြီးချုပ်ဖြစ်နေတော့ ကယားပြည်နယ်မှာသူကြီးတော့ သူခိုင်းပြီဆိုတည်းက ဝန်ထမ်းတွေကလည်း လုပ်ပေးကြတယ်လို့ပဲ ကျွန်တော်မြင်တယ်လေ။˝ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ်၏အဖြေကို စောင့်နေခြင်းမဟုတ်ဘဲ ပါတီမှ ဆုံးဖြတ်ပေးမည်ကိုသာ စောင့်နေကြောင်း တိုက်နယ်ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ရစ်ချက်သူရထွန်းက ပြောသည်။

̏ အဖြေက ဝန်ကြီးချုပ်ဆီက မမျှော်လင့်ပါဘူး၊ ကျွန်တော်တို့ထုတ်ထားတဲ့ စာပေါ်မှာ ပါတဲ့အတိုင်းပဲ အထက်မှာတင်ပြထားတဲ့အတိုင်းပဲ၊ အထက်ကနေ လာရောက်ဖြေရှင်းဖို့ မျှော်လင့်ပါတယ်။˝ ဟု ဖာသာရ်ရစ်ချက်သူရထွန်းက ပြောသည်။

ယခုလို ဝန်ကြီးချုပ်မှ ကိုယ်တိုင်မဖြေရှင်းနိုင်ဘဲ ပါတီအကြီးအကဲမှ လာရောက်ဖြေရှင်းပေးမည်ဆိုသည်မှာ ပါတီမှ မည်သို့အကာအကွယ် ပေးပေးထားသည်မှာ စဉ်းစားစရာဖြစ်နေကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျွန်နီမင်းက ပြောသည်။

̏ ဒီမြေကိစ္စက ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုနဲ့ဆိုင်တယ်၊ ဒါပေမယ့် ပါတီကလာပြီးဆင်းဖြေရှင်းပေးမယ်လို့ အဲ့လိုကြားတယ်ပေါ့နော၊ ဆိုတော့ ဒီမြေက ပါတီက သိမ်းတာလား၊ အယ်လ်ဖောင်းရှိုက ပါတီအတွက်သုံးတာလား၊ ပြည်နယ်အတွက်သုံးတာလား ဒါက သူလုပ်ထားတဲ့ဟာဖြစ်တဲ့အတွက် ဒီပြဿနာကို ပါတီကဖြေရှင်းပေးတယ်ဆိုတာ ဘာကြောင့်လဲပေါ့။ အယ်လ်ဖောင်းရှိုက သူ့အနေနဲ့ ဖောင်းနေတဲ့ဟာတွေအများကြီးရှိတယ်။ ဒါပေမယ့်သူ့ကို ပြည်နယ်ဗဟိုကရော ပါတီကရော ဘာမှအရေးယူဆောင်ရွက်တာတွေ မရှိဘဲနဲ့ ဒီလိုမျိုးဖြေရှင်းပေးနေတာဟာ ဒါကတော့ သူ့နောက်မှာ ပါတီကဘယ်လိုများ အကာအကွယ်ပေးထားလဲပေါ့ ဒါတွေက စဉ်းစားစရာဖြစ်လာတယ် ဒီကိစ္စ အယ်လ်ဖောင်းရှိုကိုယ်တိုင် ရှင်းရမှာလေ။˝ ဟု ကိုဂျွန်နီမင်းက ပြောသည်။

ဝန်ကြီးချုပ် သိမ်းယူထားသည့်မြေမှာ ဧကတစ်ဝက်ပင်မရှိသော်လည်း ဘုရားကျောင်း၏ အရှေ့မျက်နှာစာဖြစ်နေသည့်အတွက်ကြောင့်နှင့် ဘာသာသူများမှ တက်ညီလက်ညီတောင်းဆိုသည့်အတွက်ကြောင့် ပြန်လည်တောင်းဆိုရခြင်းဖြစ်ကြောင်း ဖာသာရ်က ပြောသည်။

လက်ရှိ ဝန်ကြီးချုပ်သိမ်းယူထားသည့် မြေဧကပေါ်တွင် မြေကော်စက်နှင့် မြေများညှိကာ အိမ်ဆောင်များ ဆောက်လုပ်ထားသည်ကို တွေ့ရှိရပါသည်။

spot_img
spot_img

Recent posts