spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲမြို့နယ်ရှိ ကျောက်စုရွာမှတောင်သူများ၏ တောင်ယာမြေမှတ်ပုံတင်ရန် ခက်ခဲနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မယ်စဲ့မြို့နယ် ၊ မယ်စဲ့နန်ကျေးရွာအုပ်စု ၊ ကျောက်စုကျေးရွာရှိ တောင်သူများ ၎င်းတို့၏ တောင်ယာမြေများကို လယ်ယာမြေဥပဒေအရ မှတ်ပုံတင်နိုင်ရန် အခက်အခဲရှိနေကြသေးသည်ဟု Kayah Earthrights Action Network(KEAN) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးမိုးက ပြောပါသည်။

“သူတို့လုပ်စားနေတဲ့တောင်ယာမြေတွေက အသိအမှတ်ပြုတခုခုလိုချင်တယ်။ အဆင်မပြေဘူး။ သစ်တောက ကင်းလွတ်ခွင့်မပေးသေးတဲ့ မြေနေရာဒေသဖြစ်တဲ့အတွက် ပုံစံ(၇)လျှောက်လို့မရတဲ့ အခြေအနေပါ” ကိုစိုးမိုးက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ ဒေသခံတောင်သူလယ်သမားများ၏ တောင်ယာမြေများသည် ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရ မှတ်ပုံတင်နိုင်ရန် အခက်အခဲများစွာရှိနေသေးသည်ဟု ဆိုပါသည်။

ကျောက်စုရွာအနီးအနားရှိဧရိယာကို ၂၀၁၅ ခုနှစ်က သီးနှံသစ်တောရောနှော အစုအဖွဲ့ပိုင် ယာစည်းရိုးသစ်တောစိုက်ခင်း သံလွင်ရှေ့ခြမ်း (၂) ကြိုးပြင်ကာကွယ်တောကို ၃၂.၄၉ ဧကအတွက်
နှစ်ပေါင်း ၃ဝ လုပ်ကိုင် စားသောက်ခွင့်လက်မှတ်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ချပေးခဲ့သည်ဟုသိရသည်။

တစ်ဖက်တွင်လည်း မြေယာဥပဒေအရ ဒေသခံများကလည်း မိမိတို့လုပ်စားနေသည့် မြေယာကိုမူ ပုံစံ (၇) များလျှောက်ထားလိုကြသည်ဟု ကျောက်စုရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသွားသည်ကို KEAN အဖွဲ့များ သုတေသနပြုလုပ်သွားသည့် မှတ်တမ်းတွင် သိရှိရပါသည်။

“ဒီယာခင်းအတွက်ကို လုပ်ချင်တာကတော့ ပုံစံ (၇)ပေါ့ ၊ ပုံစံ (၁၀၅) တွေလုပ်ချင်တာပေါ့။ ဒါပေမယ့် ဒါတွေက အဆင်မပြေဘူးပြောတာပေါ့နော်။ အဆင်မပြေတဲ့အခါကြတော့ နှစ် သုံးဆယ်လက်မှတ် ရရင်လည်း လုံလောက်ပါတယ်ဆိုပြီး အဲလိုမျိုးပေါ့” ဟု ၎င်းအမျိုးသားက ပြောပါသည်။

ကျောက်စုရွာမှ ဒေသခံ အမျိုးသားတစ်ဦးကလည်း “ကျနော်တို့ဘဝ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ နေ့တိုင်းညတိုင်း အသက်ရှင်နေရတာ အဲဒီတောင်ယာပဲပေါ့နော်။ တခြားအလုပ်ပါမှ မရှိဘူး။ အဲဒီတောင်ယာခင်းကိုပဲ သုံးလ ၊ လေးလ အဲဒါပဲလုပ်စားနေတာ။ အဲဒီမှာ လုပ်စားတာ ၁၃ နှစ်ရှိပြီး ၊ ကျနော်တို့အဲဒီမှာအသက်ရှင်နေတာက နှမ်းခင်းကြောင့် နဲ့အသက်ရှင်နေတာ။ တခြားအလုပ်က ပါမှမရှိတော့ဘူး။ ကျနော်တို့ အသက်ကိုကယ်ပေးတာပေါ့။ ကျနော်တို့နှမ်းခင်းက” ဟု KEAN သုတေသနအဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားသွားပါသည်။

ယခုလို အစုအဖွဲ့ပိုင်သစ်တော အသိအမှတ်ပြု လက်မှတ်ပြုလုပ်ထားသည့်တိုင်အောင် မြေသိမ်းဆည်းမှုများ ပြုလုပ်နေသူရှိလာသည့်အတွက် ဥပဒေက ဖြေရှင်းချက် အကာအကွယ် တစ်စုံတစ်ရာ အာမခံချက် မရှိသေးတာကို ကြုံတွေ့ ရင်ဆိုင်နေကြရသည်။

“မပျော်ဘူးပေါ့၊ ကျနော်တို့က ဧည့်သည်တွေလိုမျိုးဖြစ်နေတော့ လုပ်စားရတာမပျော်ဘူး။ သူများလာပြောလည်း ငြင်းခွင့်မရှိဘူး အဲလိုဖြစ်နေတာပေါ့။” ဒေသခံ တောင်သူ တစ်ဦးက ပြောပါသည်။
မြေယာသိမ်းဆည်းမှု စတင်ဖြစ်ပေါ်လျက်ရှိနေပြီဖြစ်ကြောင်း နှင့် ၎င်းနယ်မြေအုပ်ချုပ်နေသူများမှာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းသာဖြစ်သည့်အတွက် ၎င်းအာဏာရှိအဖွဲ့ နှစ်ဖွဲ့ကသာ သိမ်းဆည်းလာနိုင်ဖွယ်ရှိလာသည်ဟု ဆိုပါသည်။

ထို့ကြောင့် ဒေသခံများက ဥပဒေအကာအကွယ်ပေးနိုင်သည့် အသိအမှတ်ပြုလက်မှတ်များ လိုလားနေကြသည်ဟုသိရသည်။

ကျောက်စုကျေးရွာသည် ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်တွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)မှ စတင်တည်ထောင်ခဲ့ကြသည့် ရွာဖြစ်ပါသည်။

ကျောက်စုရွာတွင် ကယန်းလူမျိုးစုအများစုနေထိုင်ကြပြီး ရှမ်း ၊ ဗမာ ၊ ကယား အနည်းငယ်စီရှိကြသည်။ အခြေခံစားဝတ်နေရေး အသက်မွေးဝမ်းကြောင်းအနေဖြင့် နမ်းတမျိုးထဲကိုသာ အဓိက စိုက်ပျိုး လုပ်ကိုင်နေကြရသည်။

spot_img
spot_img

Recent posts