spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲတိုက်ပွဲအတွင်း နေအိမ် ၁၀၀ထက်မနည်းပျက်စီး၊ ဒေသခံ ၅ထောင်ကျော် စစ်ဘေးရှောင်နေရ

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့အတွင်း တိုက်ပွဲလေးရက်ဆက်တိုက် အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် အရပ်သားနေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၁၁ရက်နေ့ တစ်ရက်တည်းကို မိုးဗြဲမြို့ ပွဲကုန်း ( ၁ )၊ ( ၂ )၊ ( ၃ ) ရပ်ကွက်က နေအိမ် ၄၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း သေနတ်ငယ် ပစ်ခတ်သံတွေကိုကြားနေရတယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မိုးဗြဲဒေသခံ အဓိက ပွဲကုန်း ( ၃ ) ပွဲကုန်း ( ၂ ) နဲ့ ပွဲကုန်း ( ၁ ) ကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တိုက်ပွဲကတော့ ဒီရက်အထိ ကြားနေရသေးတယ်ပေါ့နော။ တိုက်ပွဲကတော့ ၅ ရက်မြောက် ဖြစ်သွားပြီပေါ့နော။ လေယာဉ်နဲ့ကတော့ မနေ့ညပါပါဆိုရင် သုံးရက်ဆက်တိုက် ဖြစ်သွားပြီပေါ့။ မနေ့ညက အဆိုးဆုံးပေါ့နော။ ထပ်ခါထပ်ခါ လာပစ်တယ်။ မနေ့ည လေယာဉ်နဲ့ ဗုံးလာကျဲတာကတော့ အဆိုးဆုံးလို့တော့ ကျနော်တို့ ဒီဘက်မှာ မြင်နေရတယ်။” လို့ သူက ပြောပါတယ်။

မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ကတ်သလစ်ခရစ်ယာန် ဘုရားကျောင်းမှာ တပ်စွဲထားပြီး မြို့တွင်းလုပ်ရှားမှုရှိနေတဲ့အတွက် မိုးဗြဲမြို့ဘက်ကို မသွားလာကြဖို့လည်း ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးတိုက်တွန်းထားပါတယ်။

တိုက်ပွဲ ၅ရက်ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ၅ထောင်ဝန်းကျင်ဟာလည်း ဘေးကင်းလုံခြုံတဲ့နေရာတွေကို စစ်ဘေးရှောင်နေရပါတယ်။ ဒေသခံတချို့တော့ တိုက်ပွဲဖြစ်ပွားပေမယ့် တောတောင်ထဲ စစ်ဘေးရှောင်ဖို့ အခက်အခဲရှိနေတဲ့အတွက် နီးစပ်ရာတွေမှာပဲ ရှောင်နေကြတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီက အိုးအိမ်တွေကိုစွန့်ခွာဖို့၊ လက်ငုတ်လက်ရင်း (အသက်မွေး၀မ်းကျောင်းပြုတဲ့အလုပ်)တွေ စွန့်ခွာဖို့ကျတော့အစ်မတို့မှာ တခြားမြို့တခြားနေရာမှာ စစ်ကြီးငြိမ်းချမ်းသွားတဲ့ထိ သွားနေဖို့အတွက်က လုံလုံလောက်လောက်အဆင်မပြေသွားဘူးလေး။ ခနတစ်ဖြုတ်ရှောင်ပြီးရင်လည်း ဒီမှာပြန်လာပြီးပြန်လုပ်စားရမယ်ဆိုရင် အခုကစစ်ပြေးရတာက လူပဲပြေးရတာမဟုတ်ဘူး။ ငွေ ပါပါလိုက်ပြေးရတာမျိုးနော။ တတ်နိုင်သလောက်တော့ အောင့်အီးပြီးတော့မှ ဘုန်းကြီးကျောင်းတွေဘာတွေမှာပဲ ရှောင်နေရတာပေါ့” လို့ မိုးဗြဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီဘက်က ၆၀ ဦး ထက်မနည်း သေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၂ ဦး သေဆုံးတာရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နေ့စဉ် တိုက်ပွဲထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုအပြင် လေကြောင်း ၁၅ကြိမ်ခန့် အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img