spot_img
Sunday, January 29, 2023
spot_img

မေ့လို့မရမယ့် အတိတ်က ဒီဇင်ဘာ ၂၄

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

လမ်းမကြီးဘေးကပ်ရပ်က မိုးကာတဲအပြာလေးနဲ့ ဆောက်လုပ်ထားတဲ့ တဲတစ်ခုဆီကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျနော်(စာရေးသူ) ရောက်သွားခဲ့ပါတယ်။ တဲအိမ်ထဲ ရောက်သွားတဲ့အချိန်မှာတော့ အသက် ၃၅နှစ်အရွယ် ဒေါ်မောရိကာဖြူစင်က သူမရဲ့ သားငယ် သမီးငယ်တွေနဲ့ အလုပ်ရှုပ်နေပါတယ်။ မုဆိုးမဖြစ်တဲ့ သူမရဲ့ မျက်နှာထက်မှာတော့ အပူအပန်အပြည့်နဲ့ပါ။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်နေ့က ကရင်နီပြည် လူထုအားလုံးရဲ့ အထိတ်တလန့်ဖြစ်စေခဲ့တဲ့ နေ့တစ်နေ့ပါ။ ကရင်နီပြည် ဖရူဆိုမြို့ နယ်က မိုဆိုကျေးရွာအနီး လမ်းမကြီးဘေးမှာ အရပ်သားပြည်သူ ဒေသခံ စစ်ရှောင်တွေ စုစုပေါင်း ၄၀ ကျော်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး လိုက်ပါစီးနှင်းလာတဲ့ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။

အဲ့ဒီထဲမှာ ဒေါ်မောရိကာဖြူစင်ရဲ့ အမျိုးသားဖြစ်သူ ဦးဘူးရယ်လည်းအပါအဝင်ပါ။ သူမကတော့ ကရင်နီဒေသခံတစ်ဦးတော့မဟုတ်ပါဘူး။ မြန်မာပြည် အထက်ပိုင်းဇာတိဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးဘူးရယ်နဲ့ အိမ်ထောင်ကျပြီးနောက် မိုဆိုကျေးရွာမှာ နေထိုင်လာတာ ၁၀နှစ်ဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။ အကြီးဆုံးသား ၁၂နှစ်အပါအဝင် သား တစ်ဦးနဲ့ သမီး စုစုပေါင်း သုံးဦးရှိတယ်လို့ သူမက ပြောပြပါတယ်။ အငယ်ဆုံးကတော့ ၁နှစ် ၁၁လအရွယ် သမီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ရက်နေ့ မနက်အစောပိုင်းမှာ ဦးဘူးရယ်အပါအဝင် အမျိုးသားသုံးဦးဟာ တောထဲ ခြံရှင်း၊ ဝါးခုတ်သွားဖို့ ဓါး၊ တူ၊ ပုဆိန်ကိုသာ ယူသွားခဲ့တယ်လို့ သူမက ပြန်ပြောပြပါတယ်။ မနက်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုးလာတယ်လို့ သတင်းပေးချက်အရ ထွက်ပြေးဖို့ ပြင်ဆင်နေရင်း သူမအမျိုးသားဆီကို အမြန်ပြန်လာခဲ့ဖို့ ဖုန်းခေါ်ပြောခဲ့ပေမယ့် ပြန်ရောက်လာခြင်းတော့ မရှိခဲ့ပါဘူး။

“ အခု ကျမတို့ယောကျာ်းမရှိတော့ ကိုယ့်မှာအားနည်းချက်တွေ အများကြီးရှိတယ်။ ကလေးက တခါတလေ ပါးပါကော မေးခါကျတော့ ကိုယ့်မှာ အမြဲတမ်းငိုနေရတယ် အမြဲတမ်းစိတ်ဆင်းရဲရတယ်ပေါ့နော။ ကျမပြောချင်တာက ဘာလို့ စစ်သားတွေက ကျမတို့ ယောကျာ်းတွေကို ဘာလို့သတ်လဲဆိုတာ မေးချင်တယ်။ သူတို့ကို လုပ်တာလည်းမဟုတ် သူတို့ကိုသတ်တာဖြတ်တာလည်းမဟုတ် သူတို့(စစ်ကောင်စီ)က ဘာလို့ ကျမတို့ယောကျ်ားတွေကို ဘာလို့ အငြိုးထားပြီးလုပ်တာလည်း မသိဘူး။ အခုဆို ကျမတို့ယောကျ်ားတွေက ရက်လည်ရောက်တော့မယ်လေ ၁၂လပိုင်း ၂၄ရက်နေ့ဆို တစ်နှစ်ပြည့်တော့မယ်။ ” လို့ သူမက ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ အချိန်ထိကတော့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မိသားစုဝင်အပါအဝင် ဒေသခံတွေဟာ မိုဆိုက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တဲ့ဖြစ်စဉ်လို့ ပြောလိုက်ရင် နာကျည်းမှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေဟာ ရှိနေကြဆဲပါပဲ။ ဒီဖြစ်စဉ်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ အရပ်သားဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အကြီးမားဆုံးသော တုန်လှုပ်မှုတစ်ခုလို့ ဆိုရမှာပါ။

အလားတူ မိုဆိုဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၉နှစ်အရွယ် မအန်းဂျလာရဲ့ အမျိုးသားကလည်း အဲ့ဒီ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ထဲက နစ်နာသူတစ်ဦးပါ။ အသက် ၅နှစ်အရွယ် သားကြီးဖြစ်သူကို ကျောင်းလိုက်ပို့ပြီး တောင်ယာသွားမယ်လို့ သူမကို ပြောဆိုပြီးနောက် အဆက်သွယ်ပြတ်တောက်သွားခဲ့ပါတယ်။ အဲ့ဒီတုန်းက အဖြစ်အပျက်ကို မအန်းဂျလာက အခုလို ပြန်ပြောပါတယ်။

“ သူမသွားခင် ကလေးကိုကျောင်းသွားပို့တာပေါ့နော။ ထွက်သွားတာ ၈နာရီခွဲလား အဲ့လောက် သွားတယ် ပြီးတော့ သူထွက်သွားတာနဲ့ ၉နာရီလောက်ဆို စစ်သားတွေလာတယ် အဖွဲ့အစည်းလာပြောပြတာပေါ့။ လာပြောပြတော့ ကျမယောကျာ်း တောင်ယာသွားတယ် အဲ့ဆို ကျမယောကျာ်း စစ်သားတွေဖမ်းလိုက်ပီထင်တယ် ကျမပြောတော့ နင့်ယောကျ်ားတော့ သူများဖမ်းတာသေချာတယ် အဖွဲ့အစည်းပြောတော့ အဲ့ဆို ပြန်လွှတ်ပေးမလား ကျမပြောတော့ အေး မသေချာဘူး ဒါပေမယ့် အခုလောလောဆယ်တော့ မဖြစ်ဘူး နင်တို့ထွက်ပြေးမှရမယ် အ့လိုပြောတာနဲ့ ကျမ ကလေးနဲ့ အကုန်လုံးထွက်ပြေးလိုက်တယ်။ “ လို့ သူမက ပြောပါတယ်။

သူမအမျိုးသားကတော့ အသက် ၃၉နှစ်အရွယ် ဦးလွီးဇီးလို့ ခေါ်ပါတယ်။ တစ်ရက်လုပ် တစ်ရက်စား တောင်သူတစ်ယောက်ဖြစ်ပြီး မိသားစုအားကိုးရတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ သေဆုံးမှုကို လက်ရှိအချိန်ထိ ငိုကြွေးနေရတုန်းပဲလို့ မအန်းဂျလာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံရတယ်ဆိုတာကို သိရှိပေမယ့် နောက်တစ်နေ့ ထပ်မံစုံစမ်းကြည့်တဲ့အခါ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်တုန်းက မီးလောင်ကျွမ်းခဲ့တဲ့ ရုပ်အလောင်းကို CDM ဆရာဝန်နှစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှ စစ်ဆေးချက်အရ အမျိုးသား ၂၆ဦး၊ ဆက်ကျော်သက်အမျိုးသမီးငယ်အပါအဝင် အမျိုးသမီး ၅ဦး ပါဝင်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာပါ။ ဒါ့အပြင် ကျား၊ မ အတည်မပြုနိုင်တဲ့ နှစ်ဦး နဲ့ မီးလောင်ကျွမ်းတဲ့ အရိုးအကြေ စုထည့်ထားတဲ့ အိတ် ၃ အိတ်လည်း ရှိခဲ့ပါတယ်။

“ အများစုကတော့ ရက်ရက်စက်စက်အသတ်ခံထားရတဲ့ လက္ခဏာမျိုးရှိတယ်။ အားလုံးနီးပါးမှာ ကြိုးတုပ်ထားတယ် လက်နောက်ပြန်ထားတဲ့အတွက် ဒါ ရွာထဲမှာသေနေလို့ အမြင်မတော်လို့ မီးပုံရှို့တဲ့သဘောမျိုးမဟုတ်ဘူး။ သေသေချာချာကို ကျကျနန ဒူးထောက်ထိုင်ခိုင်းပြီး လက်နောက်ပြန်ခိုင်းထားပြီးတော့ တချို့ဆိုရင် ခေါင်းတွေကို သေနတ်ပစ်ထားတာတွေ ထုရိုက်ထားတာတွေ တချို့ဆိုရင် ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေ ဒါမျိုးတွေ ဆိုးဝါးစွာ မပျက်စီးသေးတဲ့ရုပ်အလောင်းတွေမှာလည်း တွေ့ရတယ်။ အများစုကတော့ လက်နောက်ပြန်ကြိုးတုပ်ထားတာကို တွေ့ရတယ်။ ဒါကြောင့်မလို့ ဒီဟာသည် သေသေချာချာ သတ်ပြီးတော့ မီးရှို့သွားတယ် တချို့သည်လည်း မသေမရှင်ဖြစ်နေတုန်း သို့မဟုတ် မသေခင်မှာ မီးရှို့ခံလိုက်ရတယ်လို့ ယူဆတယ်။ အဲ့ဒီမှာ ကလေးအလောင်းလို့ယူဆရတဲ့ ရုပ်အလောင်းလည်းပါတယ်ပေါ့နော။ ၁၀နှစ်မကြီးတဲ့ ကလေးရုပ်အလောင်းလို့ယူဆရတဲ့ အရိုးလေးတွေနဲ့ အရိုးအပိုင်းအစ တချို့ကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားတယ်။ ဒါတွေကို DNA စစ်ဆေးဖို့ကို နိုင်ငံခြားပို့ပြီး စစ်ဆေးထားတယ်ပေါ့နော ဆက်လက်လုပ်ဆောင်နေတာ ရှိတယ်ပေါ့နော။ ” လို့ မိုဆိုအစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရတဲ့ ရုပ်အလောင်း ခွဲစိတ်စစ်ဆေးမှုမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ O က အဲ့ဒီဖြစ်စဉ်အကြောင်း ပြန် ရှင်းပြပါတယ်။

ဆရာဝန်သက်တမ်း ရင်ခွဲစစ်ဆေးတဲ့ကာလတလျှောက် မိုဆိုအစုလိုက်အပြုံလိုက်ဖြစ်စဉ်က အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ယုတ်မာမှုတစ်ခုဖြစ်တယ်လို့ ဒေါက်တာ O က မှတ်ချက်ပြုထားပါတယ်။

အစုလိုက်အပြုံလိုက် မီးရှို့ခံရတဲ့ဖြစ်စဉ်မှာ အရပ်သားပြည်သူ၊ စစ်ရှောင်ပြည်သူ၊ လူမှုကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့ က ဝန်ထမ်းတွေ ပါဝင်ခဲ့ကြတာပါ။
မိုဆိုကျေးရွာဒေသခံနှစ်ဦးဖြစ်တဲ့ ဦးဘူးရယ်နဲ့ ဦးလွီးဇီးလည်း သေဆုံးမှုထဲ ပါဝင်ခဲ့ပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေကတော့ လက်ရှိမှာ ဖရူဆိုမြို့အနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ နေထိုင်ကြရပြီး ဝမ်းရေးအတွက် အလှူရှင်ကိုသာ မှီခိုအားထားနေရပါတယ်။

သားနှစ်ဦးမိခင် မအန်းဂျလာကတော့ လက်ရှိမှာလည်း ဝမ်းစာရေးအတွက် ပူပန်နေရတဲ့အပြင် သားနှစ်ဦးရဲ့ရှေ့ရေးအတွက် အားတင်းပြီး ရှင်သန်နေရတယ်လို့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပြောပါတယ်။

“ အကြီးတစ်ယောက် ခဏခဏမေးတယ် အဖေကတဲ့ တစ်နေ့တစ်ရက်ကျရင် စစ်သားတွေက တစ်နေ့တစ်ရက်ကျရင် သူများမပစ်တော့တဲ့အချိန်မှာ ဘုရားသခင်က အဖေကိုပြန်ပေးမလား သူ အဲ့မျိုးပြောတယ်။ အဖေက ဘယ်သွားလဲ သူမေးတယ် သူတောင်ယာသွားတယ်လို့ပဲ ကျမပြောလိုက်တယ်။ အခုထိ အဖေလည်းမလာသေးဘူး သူပြောတော့ ဘုရားသခင်က ခေါ်သွားတယ်လို့ပဲ ကျမပြောလိုက်တယ်။ ညအိပ်ဆို သူ ခဏခဏမေးတယ်။ အမေက ဘာဖြစ်လို့လိမ်လဲ သူပြောတယ် အဖေက စစ်သားခေါ်သွားတယ် စစ်သားသတ်လိုက်တယ်ဆို သူပြောတယ်။ ကျမလည်း ဘားမှမဖြေနိုင်တော့ဘူး ဒီတိုင်းပဲ ကျမနေလိုက်တယ်။ မနေ့ညကလည်း သူမေးသေးတယ် အရေးတော်ပုံအောင်တဲ့အချိန်မှာ ဘုရားသခင်က အဖေကို ပြန်ပေးမလား သူပြောတယ် အေ သူပေးမယ်လေ ကျမသူ့ကို အဲ့လိုမျိုးပဲပြောလိုက်တယ်။ စစ်သားတွေ ငါတို့အပေါ်မှာ တော်တော်ကျူးလွန်သွားတယ် ဘားမှအပြစ်မရှိတဲ့လူတစ်ယောက်ကို အဲ့လို လုပ်ရက်တယ်။“ လို့ မအန်းဂျလာက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

ဒေါ်မောရိကာဖြူစင်ကလည်း “ကိုယ်က မိန်းမသားမို့လို့ အခက်အခဲအမျိုးမျိုးဖြစ်လို့ပေါ့နော ကျမတို့ကို သနားတဲ့သူရှိရင်တော့ ကျမတို့သားသမီးကို ပညာတတ်အောင် အရည်အချင်းရှိအောင် ကူညီပေးပါအုံးလို့ ကျမတို့ကို“ လို့ သားသမီးပညာရေးနဲ့ပတ်သက်ပြီး တောင်းဆိုထားပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့ မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့တဲ့ဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံး(ICC) မှာ တရားစွဲဆိုမှု ပြင်ဆင်လျက်ရှိနေသလို အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ သက်သေအထောက်အထား ပေးပို့သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြောဆိုထားတာရှိပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တစ်နှစ်ပြည့်ကာလအထိ စစ်ကောင်စီကို တရားစွဲဆိုနိုင်မှုအခြေအနေကို သက်သေနဲ့တကွ အကောင်အထည်ဖော်လျက်ရှိနေပြီး ကရင်နီလူထုတွေအတွက် ဒီဇင်ဘာလ ၂၄ရက်နေ့ဟာ မေ့မရနိုင်တဲ့ နာကျဉ်းစရာ အတိတ်ဖြစ်စဉ်တစ်ခုအဖြစ် ထင်ကျန်နေတော့မှာ ဖြစ်ပါတယ်။

Related Stories