မြန်မာ့ငြိမ်းချမ်းရေး၏ အရသာကိုမြည်းစမ်းကြည့်ခြင်း

ဘိုထီး

ငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လိုချင်မှရတဲ့အရာမဟုတ်ပါဘူး။ ပေးချင်မှရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုချင်လို့ လုပ်တဲ့လုပ်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်တာကြောင့် ငြိမ်းချမ်းရေးခရီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ယာယီရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေထိရောက်ခဲ့ရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်တဲ့ ခေါင်းဆောင်တစ်ဦးက “လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမှန်တကယ်အနှစ်သာရရှိတဲ့ အချက်အလက်က တော်တော်လေးကို နည်းပါးတာကျွန်တော်တို့တွေ့ရတယ်″ဟု သတင်းမီဒီယာကို ပြောသွားပါတယ်။

အမှန်တကယ်ပေးချင်တာမဟုတ်ဘဲ လိုချင်တာတစ်ခုတည်းနဲ့ ပြုလုပ်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းဟာ အနှစ်သာရရှိတဲ့ အချက်အလက်တွေ တွေ့ရမှာမဟုတ်ပါဘူး။

ပြည်သူကို အမှန်တကယ်ပေးချင်တာမဟုတ်ဘဲ ပြည်သူဆီကလိုချင်တာ တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုရင် အခြေအနေက ပိုပြီးကောင်းလာရမည့်အစား သေနတ်သံများပိုပြီး ဆူညံလာမှာသေချာပါတယ်။

ပြည်သူကို အမှန်တကယ်ပေးချင်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သရွေ့ အစိုးရကိုယ်စားလှယ်များပြောသွားခဲ့တဲ့ ငြိမ်းချမ်းရေးအသံများ၊ တိုင်းရင်းသားကို်ယ်စားလှယ်အဖွဲ့နှင့် သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအသံများ၊ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များရဲ့ တင်ပြချက်များဟာ ကြာလာရင် လေထဲလွင့်ပျောက်မသွားနိုင်ဘူးလို့ ဘယ်သူမှပြောလို့မရပါဘူး။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိကရယူဖို့ မစဉ်းစားပဲ မိမိကပေးဖို့စဉ်းစားပါ” ဆိုတဲ့စကားကိုပြောသွားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားဟာတိုင်းရင်းသားကို အမှန်တကယ်ပေးချင်လို့ ပြောတာမဟုတ်ဘဲတိုင်းရင်းသားက ပေးဖို့ကိုသာပြောတယ်ဆိုတာ ဒီနေ့ထိစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်တာက သက်သေပါ။

အစိုးရက တိုင်းရင်းသားကိုပေးတဲ့ ငြိမ်းချမ်းရေးကသာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ အစိုးရကတိုင်းရင်းသားကို မပေးဘဲတိုင်းရင်းသားဆီကရဖို့သာ တောင်းဆိုတာဟာ ငြိမ်းချမ်းရေးအတွက်မဟုတ်ပါဘူး။

အာဏာရှင်စနစ်တည်ဆောက်ဖို့အတွက်သာ ဖြစ်ပါတယ်။ အရပ်သားအစိုးရတက်လာတာ လေးနှစ်နီးပါးရှိပြီဖြစ်ပေမဲ့ ဒီနေ့အထိ အာဏာရှင်စနစ်ရဲ့ အငွေ့အသက်က ဆက်လက်ကျန်ရှိနေဆဲပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ငြိ်မ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်တာကြောင့်ဖြစ်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အစိုးရအနေနဲ့ ပထမဦးဆုံး လုပ်ဆောင်ရမှာက တိုက်ပွဲတွေရပ်စဲဖို့ပဲ ဖြစ်ပါတယ်။ စစ်ပွဲရပ်စဲနိုင်ဖို့အတွက် အစိုးရနှင့် မြန်မာ့တပ်မတော်အကြား ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ အရေးကြီးပါတယ်။

အရပ်သားအစိုးရ လက်ထက်မှာငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးတာ တစ်ကြိမ်မျှမလုပ်ရသေးပါဘူး။ မြန်မာ့တပ်မတော်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဦးဆောင်ဆွေးနွေးရမှာ အစိုးရတာဝန်ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်းစစ်ပွဲရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်တာပါ။

တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား ကိုယ်စားလှယ်များ၊ အမေရိကန်၊ တရုတ်၊ ရှရှားကိုယ်စားလှယ်များဟာ ကိုးရီးယားစစ်ပွဲ ရပ်စဲပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်တာဖြစ်ပါသည်။

ထိုနည်းတူ ဗီယမ်နမ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာလည်း အမေရိကန် ဗီယမ်နမ်စစ်ပွဲရပ်စဲပြီးမှ ပြုလုပ်တဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်။ Faroလို့ခေါ်တဲ့ ကိုလံဘီယာ လက်ဝဲသူပုန်နှင့် ကိုလံဘီယာအစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကိုလံဘီယာစစ်ပွဲရပ်စဲပြီးမှ ပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

နီပေါငြိမ်းချမ်းရေး တည်ဆောက်တဲ့အချိန်တုန်းကဆိုရင် မော်ဝါဒီလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နီပေါတပ်မတော်တို့ နှစ်ဖက်ဆွေးနွေးပွဲပြုလုပ်ပြီးမှ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ ဒီနေ့ထိ ငြိမ်းချမ်းရေး မရနိုင်သေးတာဟာ စစ်ပွဲမရပ်စဲဘဲငြိမ်းချမ်းရေးကို တည်ဆောက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး မရနိုင်ခြင်းရဲ့ အကြောင်းရင်းနောက်တခုကတော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတကိုယ်တိုင် ပါဝင်ခွင့်မရှိတာကြောင့်ပဲဖြစ်ပါတယ်။

ငြိမ်ချမ်းရေးတည်ဆောက်တဲ့လုပ်ငန်းမှာ နိုင်ငံတော်သမ္မတသာ ပါဝင်ဦးဆောင်ခွင့်ရမည်ဆိုလျှင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရနိုင်စရာအကြောင်းမရှိပါဘူး။

ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးကိစ္စဟာ နိုင်ငံတစ်ခုလုံးရဲ့ အရေးကိစ္စဖြစ်တာကြောင့် နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တဲ့သမ္မတမှာ တာဝန်အရှိဆုံးပဲဖြစ်တယ်။ ငြိမ်းချမ်းရေးညီလာခံပြုလုပ်တာ တတိယအကြိမ်ရှိပြီးဖြစ်ပေမဲ့ နိုင်ငံတော်သမ္မတကို တစ်ကြိမ်မျှပါဝင်ဦးဆောင်ခွင့် မရှိပါဘူး။

နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုမရှိ ငြိမ်းချမ်းရေးလုပ်ငန်းဟာ ဘယ်သောအခါမှ ကောင်းမွန်တဲ့ရလဒ် ထွက်ပေါ်လာမှာမဟုတ်ပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်နိုင်ဖို့တစ်ခုတည်းသော နည်းလမ်းကတော့ စစ်ပွဲရပ်စဲပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်တဲ့ နည်းလမ်းပဲဖြစ်ပါသည်။

ငြိမ်းချမ်းရေးခရီးက သုံးနှစ်ကျော် ရောက်ပြီဖြစ်ပေမဲ့ ယနေ့ထိ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို မတည်ဆောက်နိုင်သေးပါဘူး။ ဆွေးနွေးပွဲပြုလုပ်တဲ့အခါတိုင်း သေနတ်သံထွက်ပေါ်လာတာဟာ ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ခုဖြစ်ပါတယ်။

တိုင်းရင်းသားနှင့် တပ်မတော်အကြား ယုံကြည်မှုအားနည်းတာ တစ်ခုတည်းမဟုတ်ပဲ အစိုးရနှင့် တပ်မတော်ကြား ယုံကြည်မှုအားနည်းတာဟာလည်း ငြိမ်းချမ်းရေးခရီးရှေ့ဆက်၍မရအောင် ဖြစ်စေပါတယ် ။ စစ်ပွဲဖြစ်တဲ့နေရာမှာ နယ်မြေဒေသအခြေအေနေက ငြိမ်းချမ်းနေလို့မရတာ တစ်ခုတည်းမဟုတ်ပါဘူး။ စစ်ပွဲဖြစ်တဲ့နေရာမှာ ချစ်သူတစ်ဦးနှင့်တစ်ဦး ရှင်ကွဲကွဲသလို သေကွဲကွဲစေပါတယ်။ မနေချင်တဲ့အရပ်ဒေသမှာ မချစ်မနှစ်သက်တဲ့သူနဲ့အတူ ရစေတတ်ပါတယ်။ ချစ်သူတစ်ဦးနှင့်တစ်ဦး ဝေးကွာအောင်လုပ်စေတဲ့အရာဟာလည်း စစ်ပွဲပဲဖြစ်ပါတယ်။ စစ်ပွဲဆိုတဲ့အရာဟာ လူ့အသက်ကိုဆုံးရှုံစေတဲ့အရာ ဖြစ်တာကြောင့် တရားသောစစ်ပွဲဆိုတာ မရှိပါဘူး။

စစ်ပွဲဆိုတဲ့အရာဟာ ဘဝကိုသာမကပဲ လောကတစ်ခုလုံးကိုဖောက်ဖျက်တဲ့အရာဖြစ်ပါတယ်။ ဓမ္မတရားချုပ်ငြိမ်းပြီး အဓမ္မတရားလွမ်းမိုးတာဟာလည်း စစ်ပွဲကြောင့်ပဲဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးရေလာပါတော့၊ ပြည်သူမျှော်လှပေါ့” ဆိုတဲ့ဆုတောင်းစကားသံဟာ ပြည်သူတစ်ရပ်လုံးရဲ့ ဆုတောင်းစကားသံပဲဖြစ်ပါတယ်။

အရပ်သားအစိုးရ တက်လာသည့်တိုင် ငြိမ်းချမ်းရေးဆုတောင်းစကားသံက ဒီနေ့ထိမပြည့်ဝသေးပါဘူး။ ငြိမ်းချမ်းရေးအရသာကို လျှာပေါ်တင်ခွင့်မရှိပဲ ကွယ်လွန်သွားတဲ့ခေါင်းဆောင် မြောက်များစွာရှိပမဲ့ ဒီနေ့ထိမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရသေးပါဘူး။

“ငြိမ်းချမ်းရေး” ဆိုတဲ့ အဓိပ္ပါယ်ကို မြန်မာ့အဘိဓာန်မှာ ” ဆူပူလှုပ်ရှားမှုထကြွခြင်း၊ စစ်မက်စသည်တို့ ကင်းမက်သောအဖြစ်” လို့ဖွင့်ဆိုထားပါတယ်။ အောက်စ်ဖို့အဘိဓာန်မှာ “PEACE” ကို “a situation or a period of time in which there is no war or violence in a country or an area” လို့ဖွင့်ဆိုထားပါတယ်။ စစ်ရှိနေသရွေ့ ငြိမ်းချမ်းရေး ကြွေးကြော်သံတွေဆက်လက်ရှင်သန်နေအုံးမှာ ဖြစ်ပါတယ်။ လက်နက်ကျည်ဆံအစား ငြိမ်းချမ်းရေးတေးသီချင်းသံလွမ်းမိုးတဲ့ ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေ။

Comments

comments

Next Post

အမျိုးသမီးတွေနဲ့. သူတို့ရဲ့ သဘာဝအရက်ချက်လုပ်ငန်း

Fri Oct 4 , 2019
ကရင်နီသူ ကယားပြည်နယ်မှာရှိတဲ့ အိမ်ရှင်မတချို့တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်က အလုပ်တွေနည်းပါးချိန်မှာ အပိုဝင်ငွေအဖြစ်၊ သဘာဝအရက်ချက်ကြပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို တစ်အိုး၊ နှစ်အိုးချက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အပိုဝင်ငွေလို့ ပြောပေမယ့်လည်း ဆန်ကွဲဖိုး၊ ထင်းဖိုး၊ လုပ်အားခနဲ့တင် အရင်းပြန်ကျေပြီး ဝက်စာတစ်ခုလောက်ပဲ ပြန်ရပါတယ်။ ဒေသခံအိမ်ရှင်မတွေက အလုပ်နဲ့လက်နဲ့ မပြတ်နိုင်ကြတဲ့သူတွေမို့ တောင်ယာ၊ လယ်ယာတွေနားချိန်၊ အလုပ်နည်းနည်းအားချိန်မှာ အရက်လေးတွေချက်ကြတာ ဖြစ်ပါတယ်။ ကယား(ကရင်နီ)ဒေသခံအမျိုးသမီးတွေရဲ့ အရက်ချက်တဲ့ပုံစံလေးတွေက အင်မတန်မှ ရိုးရှင်းပါတယ်။ ပထမအဆင့်အနေနဲ့ ဆန်ကွဲကို ထမင်းချက်သလို ချက်ရပါတယ်။ ချက်ပြီးတဲ့ဆန်ကွဲတွေကို ဖျာပေါ်မှာခူးချပြီး အအေးခံထားပါတယ်။ အေးလာတဲ့ဆန်ကွဲတွေအပေါ်ကို တဆေးမှုန့်ဖြူးပြီး တောင်း(သို့) စဥ့်အိုး(သို့) ပုံးတွေထဲကို ခူးထည့်ပြီး လုံအောင်ဖုံးထားရပါတယ် (အငွေ့မ့ပျံရပါ)။ အဲ့ဒီ တောင်း(သို့) စဥ့်အိုး(သို့) […]