spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မပြီးဆုံးသေးသော ကရင်နီလူငယ်ထု တိုက်ပွဲနှင့် အငြင်းပွားမှုဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထု

Author

Date

Category

ဘာကြောင့် လူထုဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓ္ဓမ လုပ်ချင်ရတာလဲ။

Written by း ဖူးမော်

ကယား(ကရင်နီ)ပြည်နယ်မှာ လတ်တလော ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ခြင်းနဲ့ ပါတ်သက်တဲ့ အငြင်းပွားမှုတွေဟာ ရက်ပေါင်း ၃၆၅ ရက်ကိုတောင် ကျော်လွန်ပြီ ဖြစ်နေပေမယ့် ဆန္ဒထုတ်ဖော်မှု၊ တရားစွဲမှု၊ ဖမ်းဆီးမှုတွေမပြီးပြတ်နိုင်သေးပဲ အခုဆိုရင် သဘိတ်စခန်းဖွင့်တဲ့ အခြေအနေကိုတောင် ရောက်နေပါပြီ။

ကယားပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ကယား(ကရင်နီ)ပြည်နယ်မှာ ၂၀၁၉ ခုနှစ် ဇူလှိုင်လ (၁၉) ရက်နေ့ အာဇာနည်နေ့အမှီ ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအငြင်းပွားမှု အစဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုကို ကယားပြည်နယ် အများပြည်သူပိုင် ကန္ဒာဟေဝန် ပန်းခြံမှာ ထားရှိလိုတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြည်နယ်က လူငယ်ထုနဲ့ ပြည်နယ်အစိုးရအကြား ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရန် ညှိနှိုင်း ဆွေးနွေးမှုမှတဆင့် အခုဆိုရင် တင်းမာမှုတွေ ရှိလာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုထားရှိခြင်းနဲ့ ပါတ်သက်ပြီး ကရင်နီလူငယ်များအနေနဲ့ ရုပ်တုတည်ဖို့ အချိန်စောနေသေးတဲ့အတွက် ရုပ်တုတည်ရန် ရပ်ဆိုင်းပေးပြီး ဗိုလ်ချုပ်ကြေးရုပ်တု မတည်မှီမှာ ဗိုလ်ချုပ် ကတိကဝတ်များကို ဖော်ဆောင်သွားဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှာ ကရင်နီ လူငယ်များနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံမှု အပြီးမှာ အများသဘောထားအရ ကြေးရုပ်တု တည်ရန် ယာယီ ဆိုင်းငံ့ထားခဲ့ပါသေးတယ်။

ကြေးရုပ်တု တည်ဖို့ ယာယီဆိုင်းငံ့မှုတွေရှိခဲ့ပေမယ့် ဝန်ကြီးချုပ်အနေနဲ့ ပြည်နယ် လွှတ်တော်နဲ့ ပါတီဝင်တွေကို အသိပေးခြင်း မရှိပဲ ဇွန်လထဲမှာ ကြေးရုပ်တည်ဖို့ အုတ်ခုံ ပြုလုပ်ခိုင်းခဲ့တဲ့အတွက် ကရင်နီလူငယ်များမှ ဗိုလ်ချုပ်ကြေးရုပ် ရပ်ဆိုင်းဖို့ကန့်ကွက်ကြောင်းနဲ့ ကရင်နီ သမိုင်းမှန် စာရွက် ဖြန့်ဝေခြင်းကို ဇွန်လ ၂ရ ရက်နေ့မှာ စတင်လှုပ်ရှားခဲ့ကြပါတယ်။

ကြေးရုပ်တု တည်ခြင်း ရပ်ဆိုင်းဖို့ ကန့်ကွက်ကြောင်းနဲ့ ကရင်နီ သမိုင်းမှန် စာရွက်ကို ဖြန့်ဝေခဲ့တဲ့ လူငယ်များကို ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ ဌာနဆိုင်ရာဖြစ်တဲ့ ထွေအုပ်တို့မှ တားဆီးခြင်း၊ စာရွက်သိမ်းခြင်းများ ပြုလုပ်ခဲ့တဲ့အတွက် ဇူလှိုင်လ (၃) ရက်နေ့မှာ လူငယ်တွေက ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်ကြပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကိုလည်း အဓိကဂိုဏ်း နှိပ်နှင်းရေး ပုံစံမျိုးဖြင့် ဖြိုခွဲပြီး သမိုင်းမှန် စာစောင် ဖြန့်ဝေသူများကို နိုင်ငံတော် အကြည်ညှိပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) ဆိုတဲ့ ပုဒ်မနဲ့ (၁၀) ဦးကို စတင် တရားဆွဲဆိုခဲ့ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကိုလည်း ငြိမ်း၊စု၊စီ ၁၉၊၂ဝ နဲ့ ၁၃ ဦးကို ထပ်မံ တရားစွဲဆိုထားပါတယ်။

ဇူလှိုင်လ ရ ရက်နေ့မှာတော့ ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ တိုင်းရင်းသား ယဉ်ကျေးမှု ကော်မတီ၊ ပြည်နယ် အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေးရုပ်တု တည်ရန် တစ်ဖက်သတ် ဆုံးဖြတ်ခဲ့တယ်လို့ ကရင်နီ လူငယ်အဖွဲ့က ပြောပါတယ်။

ဒီလို တရားစွဲဆိုမှုတွေကြားက ဇွန်လှိုင်လ (၉) ရက်နေ့မှာ ဗိုလ်ချုပ်ကြေးရုပ်တု သယ်လာမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာချိန်မှာ ကရင်နီလူငယ်တွေဟာ ကြေးရုပ်တု သယ်ဆောင်လာနိုင်သည့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်လမ်းမှာ ကန့်ကွက် တားဆီးဖို့ သွားရောက် စောင့်ဆိုင်းခဲ့ပေမယ့် ကြေးရုပ်တု မသယ်လာဖြစ်တာကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ ပြည်သူကို အသိပေးခြင်း မရှိပဲ လွိုင်ကော်မြို့ကို ကြေးရုပ်တု သယ်ဆောင်လာပြီး ၃၁ ရက်နေ့ ဇန်နဝါရီလမှာ အုတ်ခုံပေါ်ကြေးရုပ်တည်မည်ဆိုသည့် သတင်းထွက်ပေါ်လာတဲ့အတွက် ဒုတိယအကြိမ် ကြေးရုပ်တု မထားရှိရေးအတွက် ကရင်နီလူငယ်တွေ ထပ်မံ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ငြိမ်းစုစီ ၁၉ ဖြင့် လူငယ်များ အယောက် (၂၀) တရားစွဲခြင်း၊ ဖမ်းဆီးခြင်းများ ထပ်မံ ခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ကရင်နီလူငယ်များမှ အစိုးရရုံးတို့ သွားရောက်ပြီး ကြေးရုပ်တု စတင်ချိန် ပါဝင်ခဲ့သည့် ကယားပြည်နယ် စီမံဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်တု မတည်ရန် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့သည်ကို UKSY Facebook စာမျက်နှာတွင် ဗီဒီယိုဖိုင် မှတ်တမ်းတင်ချက်အရ သိရသည်။

ကြေးရုပ်တု ကန့်ကွက်ရေးကော်မတီမှ ကိုကျော်ထင်အောင်က “ကျနော်တို့သည် ပြည်သူနှင့်အတူ ဆိုတဲ့ အစိုးရ အရ မဖြစ်သင့်တာတွေ မဖြစ်ရအောင် နှောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရအောင် ကျနော်တို့က ခင်ဗျားတို့ထက် ပိုမြင်တယ်။ ဒါသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဌာနေ တိုင်းရင်းသားတွေနဲ့လည်း သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါတွေ နောက်ဆက်တွဲ စဉ်းစားဖို့ လိုတယ်။ ဒါတွေကို မစဉ်းစားပဲနဲ့ အခုလို အတင်းအဓ္ဓမ တည်မယ်ဆိုရင် နောင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက လုပ်ကိုင်ဆောင်ရွက်ပါဝင်သူအားလုံးဟာ တာဝန်ယူမှု တာဝန်ခံမှု ရှိရပါတော့မယ်” လို့ ဝန်ကြီး ဦးမော်မော်သို့ ပြောကြားသွားတာကို မှတ်တမ်းတွင် တွေ့ရပါတယ်။

ဝန်ကြီးဦးမော်မော်မှ “(ရုပ်တု)မတင်နဲ့ ဆိုနဲ့ ကိစ္စမှာ ဒီအထိ သယ်လာတဲ့ အဖွဲ့က သယ်လာပြီးပြီ။ ကန့်ကွက်တဲ့သူရှိတယ်။ ဒါပေမယ့် အစိုးရသည် တင်စရာရှိတာကို တင်သွားမှာပဲ။ တင်တဲ့အပေါ်မှာ ကိုကျော်ထင်အောင်တို့ လုပ်စရာရှိတာ ဆက်လုပ်ပါ” လို့ ပြန်လည်ပြောကြား ထားပါတယ်။

ဒါ့အပြင် အခုလို လုပ်ရပ်မျိုးဟာ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးနေတာလား ဆိုတဲ့ မေးခွန်းကိုလည်း ကိုကျော်ထင်အောင်က မေးမြန်းလိုက်ပါတယ်။

ကြေးရုပ်တု မထားရှိရေးအတွက် ကရင်နီလူငယ်ထုတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြခြင်း၊ တရားစွဲခံရခြင်း၊ ဖမ်းဆီးခံရခြင်းစတဲ့ကြားက အချို့သော လူထုနှင့်အတူ အစိုးရ ဌာနဆိုင်ရာများနှင့် ကျောင်းသူကျောင်းသားများ၊ မျိုးနွယ်စုအချို့မှ ရိုးရာဝတ်စုံများဖြင့် ရုပ်တု ထားရှိရေး ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲနဲ့ ဖွင့်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

ကြေးရုပ်တု ကန့်ကွက်ရေးကော်မတီ ကိုဒီးဒီ (စစ်မုန်း)က “ရုပ်ထုကတော့ ကျွန်တော်တို့ ကန့်ကွက်တဲ့ကြားကနေမှ မရရအောင် အတင်းအဓမ္မ တည်လိုက်ပြီပေါ့နော။ ကျွန်တော်တို့က ဒီအပေါ်မှာ ကျွန်တော်တို့ ဆက်လက်ပြီး ကန့်ကွက်သွားမှာ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ရုပ်ထုတည်ရှိနေပါစေ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ရှိမှာမဟုတ်ဘူးပေါ့နော။ ဆိုတော့ ကျွန်တော်တို့တော့ ဆက်လက်ကန့်ကွက်သွားမယ်။ ဒီသပိတ်တွေလည်း ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်တယ်ပေါ့။ ဒီလိုလုပ်ဆောင်ခြင်းဟာ လက်ရှိအစိုးရရဲ့ မရိုးသားမှု၊ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း၊ နောက် ကျွန်တော်တို့ ပြည်နယ်ရဲ့သမိုင်း၊ နောက် ဌာနေတိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို စော်ကားတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်”လို့ ကန္ဒာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လက်ရှိ အငြင်းပွားနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတည်ရေး ကိစ္စနဲ့ ပါတ်သက်ပြီး ကန့်ကွက်နေကြတဲ့ ကရင်နီ လူငယ်တွေဟာ ယခင် စစ်အစိုးရ လက်ထက်နဲ့ ပြောင်းလဲခါစ ဦးသိန်းစိန် အစိုးရ လက်ထက်က ကယား(ကရင်နီ) ပြည်နယ်အတွင်း ပြုလုပ်ခြင်း မရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အခမ်းအနားနဲ့ အာဇာနည်နေ့ ဂါရဝပြု လွမ်းသူ့ပန်းခွေ ချခြင်းတွေကို ယခု ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်တို့ကို အမွမ်းတင်ထားတဲ့ စာရွက်တွေကို မြို့အနှံ လိုက်လံကပ်တာတွေ ပြုလုပ်ပြီး ပိတ်ထားတာကြာပြီဖြစ်တဲ့ လွိုင်ကော်မြို့လယ်က အာဇာနည် ကျောက်တိုင် စိုက်ထူထားတဲ့ ပန်းခြံကို ရှင်းလင်းကြပြီး အာဇာနည်နေ့ကို ယခင်အစိုးရရဲ့လူတွေ ၊ စစ်ထောက်လှန်းရေးတွေ စောင့်ကြည့်နေတဲ့ အခက်အခဲတွေကြားက ပြန်လည်ကျင်းပနိုင်ဖို့ စတင် စွန့်စားခဲ့တဲ့ ဒီလူငယ်တွေဟာ လက်ရှိမှာတော့ လွိုင်ကော်မြို့က ကန္ဒာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို တည်နေတဲ့ ပြည်နယ်အစိုးရကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေပါတယ်။ 

ဒါ့အပြင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ယခုကန့်ကွက် ဆန္ဒပြနေကြတဲ့ ကရင်နီလူငယ်တွေဟာ မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော အပြောင်းအလဲဖြစ်စေရန်နှင့် ပြည်နယ် တိုးတက်လာစေရန်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းလာနိုင်ရေးအတွက် စည်းရုံးရေးဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြန်မာဘာသာစကား အားနည်းတဲ့ ဒေသဆိုရင် စကားပြန်ဏ္ဍ စတဲ့ အဖက်ဖက်က တတ်စွမ်းသလောက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးခဲ့သူတွေလည်း ဖြစ်ပါတယ်။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လိုလားပြီး အားတက်တရော ဝန်းရံခဲ့ကြတဲ့ လူငယ်တွေဟာ သမိုင်းအရ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်ကြောင်း သမိုင်းမှန်ကို လက်ခံကြပြီး ဗိုလ်ချုပ်ကြေးရုပ်တုတည်မယ့်အစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းရင်းသား တန်းတူရေး ကတိအဝတ်ကို လိုက်နာကြဖို့ကို ပိုမိုလိုလားကြပါတယ်။ 

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနဲ့ ပါတ်သက်ပြီးတော့ ကျနော်တို့ ပါတီကနေ ပါဝင်ဆောင်ရွက်ခြင်း မပြုဘူးလို့ ကျနော်တို့ ပြောထားပြီးသားပါ။ ပြည်သူတွေက မိမိတို့ဆန္ဒအလျောက်စိုက်ထူချင်တယ်။ မိမိတို့ကိုယ်တိုင်ထည့်ဝင်တဲ့ငွေနဲ့ ရုပ်ထုစိုက်ထူမယ်အဲလိုဆို စည်ပင်သာယာဌာနကိုလျှောက် စည်ပင်သာယာဌာန ကလည်းမြေနေရာပေးနိုင်ရင်ပေး ကျနော်တို့ကတော့ဖွင့်ပွဲ ကျင်းပတဲ့အနေနဲ့ဖိတ်ရင် ဧည့်သည်အနေနဲ့ပဲ တက်မယ် ဒါက ကျနော်တို့ရဲ့မူပါ။ မဖြစ်မနေတက်စိုက်ထူရမယ် ဘယ်နေ့ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာညွန်ကြားထားတာမရှိပါဘူး။” လို့ ကန္ဒာရဝတီတိုင်း(မ်း)ကို ပြောကြားပါတယ်။

လွိုင်ကော်မြို့က ကန္ဒာဟေဝန် ပန်းခြံထဲမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုဟာ ပြည်နယ်အစိုးရမှ ကျပ်သိန်း ၅၀ဝ နဲ့ စတင် မတည် သွန်းလုပ်ဆောင်နေတာဖြစ်ပြီး အုတ်ခုံကို ပြည်နယ် ရံပုံငွေတွေနဲ့ ( ပြည်နယ်အတွင်း လမ်းခင်းရမယ့် ပိုက်ဆံ)တွေနဲ့ တည်ထားတာ သိန်း ၁၁၀ဝ ကျော်ကို အသုံးပြုထားကြောင်း ကိုကျော်ထင်အောင်က ကန့်ကွက် ဆန္ဒထုတ်ဖော်ချိန် ပြောကြားတာ ဖြစ်တယ်။ 

နိုင်ငံတော်သမတ္တရုံး၏ ညွှန်ကြားချက်(၁/၂၀၁၇)နှင့် ကိုက်ညီမှု မရှိသော ဌာနဆိုင်ရာများ၏ လုပ်ငန်းစရင်း ဆိုသည့် ခေါင်းစဉ်အောက်မှ ပြည်နယ်လမ်းဦးစီးဌာန အောက်မှ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တင်ခုံ (၁၅’x၆’x၂၁) တည်ဆောက်ခြင်းမှာ လုပ်ငန်းတန်ဖိုး ကျပ်သန်း (၁၃.၇၇၀)၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထု ရင်ပြင်ခုံ (၅၀’x၅၀’x၃’) တည်ဆောက်ခြင်းမှာ လုပ်ငန်းတန်ဖိုး ကျပ်သန်း (၂၃.၇၀၀)၊ ဗိုလ်ချုပ်ကြေးရုပ်ထုရင်ပြင် ကွန်ကရစ် ပလက်ဖောင်း ( ၅၀’x၇၀’x၉’) တည်ဆောက်ခြင်း လုပ်ငန်း တန်ဖိုး ကျပ်သန်း ( ၁၄.၆၆၀)၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုယာဉ်သွား ကွန်ကရစ်လမ်း (၂၂၀’x၁၈’x၁’) တည်ဆောက်ခြင်း လုပ်ငန်းတန်ဖိုး ကျပ်သန်း (၂၆.၈၆၀) နှင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထု မြက်ခင်းအလှဆင်ခြင်း Landscaping ဆောင်ရွက်ခြင်းလုပ်ငန်းတန်ဖိုး ကျပ်သန်း (၄၀.၇၂၅ ) ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။ 

ဗိုလ်ချုပ်ကြေးရုပ်ထု ကယားပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူထုများထဲကလည်း ကြေးရုပ်တည်ဖို့ လိုလား ထောက်ခံအချို့ရှိနေပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်တု လိုလားသူတွေက ကြေးရုပ်တည်လိုက်ခြင်းအားဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဂုဏ်ရှိခြင်း စတဲ့ အမြင်အမျိုးမျိုးနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မှတ်ချက်ပေး နေကြပါတယ်။ ဒါ့အပြင် ပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တု တည်တော့ ဘာဖြစ်လဲဆိုတဲ့ မှတ်ချက်မျိုးကိုလည်း လူမှုကွန်ရက်စာမျက်နှာက ဗိုလ်ချုပ်ရုပ်တု သတင်းအောက်မှာ တွေ့ရတတ်ပါတယ်။ 

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူတဲ့ ဖွင့်ပွဲမှာ ထောက်ခံဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ လောပိတ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ၅ ဦးကို ငြိမ်း၊စု၊စီ ပုဒ်မ ၂ဝ (၁၉)ဖြင့် ကန့်ကွက်ဆန္ဒပြမှုမှာ ပါဝင်တဲ့ ကိုမျိုးလှိုင်ဝင်းက တရား ပြန်ဆွဲခဲ့ပါတယ်။ 

အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဖို့ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းဟာ ကယား(ကရင်နီ)ပြည်နယ် တစ်ခုတည်း ဖြစ်တာမဟုတ်ပဲ ၂၀၁ရ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်တွင် ဗိုလ်ချုပ်ရုပ်ထု စိုက်ထူခဲ့ရာ မစိုက်ထူခင်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ကန့်ကွက်ကြောင်းနဲ့ ဆိုင်းငံ့ပေးဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို ကချင်နိုင်ငံရေးဦးဆောင်မှုကော်မတီ KPCC က တောင်းဆိုခဲ့ဖူးပါတယ်။ 

ဆိုင်းငံ့ရန် တောင်းဆိုမှုတွေရှိနေပေမယ့် တည်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုဟာ ၂၀၁၈ ခုနှစ် ဇူလှိုင်လ ၂၃ ရက်နေ့က အစိမ်းရောင် သဘောင်္ဆေးနဲ့ အပက်ခံနေရတဲ့ သတင်းမျိုးလည်း ဖတ်မိခဲ့ကြမှာပါ။ ပြည်သူများ လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးဟာ ပြည်သူရဲ့ ရင်ထဲမှာ အမြဲရှိနေပြီး အမှတ်ရပြီးသားပါ။ အခု ကချင်ပြည်နယ် မိုးကာင်းမြို့တွင် ဗိုလ်ချုပ်ရုပ်ထု ထပ်မံထားရှိပြီး ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ 

ထို့အပြင် မွန်ပြည်နယ် ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးခဲ့တဲ့အတွက် ဒေသခံ တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲစေခဲ့တဲ့ ကိစ္စမျိုးဟာလည်း ရှိနေပြီးတော့ ကရင်လူမျိုးများအတွက် လေးစားရသည့် ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ဘုရားသုံးဆူမြို့နယ် ကရင်စုရပ်ကွက် နှစ်သစ်ကူးကွင်းမှာ စိုက်ထူဖို့ ရန်ကုန်ကနေ သယ်ဆောင်လာပြီးတာတောင်မှ နယ်မြေခံတပ်မတော်ရဲ့ တားမြစ်မှုကြောင့် စိုက်ထူခွင့် မရခဲ့တဲ့ ကိစ္စရပ်မျိုးများလည်း ရှိခဲ့ပါတယ်။ 

လက်ရှိမှာတော့ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံအတွင်း စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုနဲ့ ပါတ်သက်ပြီးတော့လည်း ကရင်နီလူငယ်ထုနှင့် ပြည်နယ်အစိုးရတို့အကြား တင်းမာမှုများ ရှိနေသလို ပြည်သူလူထု အချင်းချင်းအကြား စိတ်ဝမ်းကွဲစေတဲ့အတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိပြီး ကိုင်သွယ်ဖြေရှင်းပေးဖို့လည်း လူငယ်တွေက လိုလားနေကြတာပါ။ 

ကြေးရုပ်တုနဲ့ ပါတ်သက်ပြီး ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့အထိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုကြောင်း တရားစွဲခံထားရတဲ့ ကရင်နီလူငယ် အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း (၅၅)ဦးတို့ကိုရှိပြီး အချို့သော တရားစွဲခံလူငယ်များမှာ အမှုဟောင်း မပြတ်သေးပဲ ထပ်မံ တရားစွဲခံထားရသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ၃ ကြိမ်တိုင် အင်အားသုံး ဖြိုခွင်းခံ သပိတ်စခန်းဖွင့်တဲ့ လူငယ်ထုတွေဟာ အစိုးရမှ တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးဖော်ဆောင်ပေးရန်နဲ့ အစိုးရကနေ တွေ့ဆုံမှုတွေ မလုပ်ပေးရင် သပိတ်စခန်းကို အကန့်အသတ်မရှိ ဖွင့်နိုင်တယ်လို့လည်း သိရပါတယ်။ 

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ဟစ်တိုင်မှာ ဆန္ဒထုတ်ဖော်နိုင်ဖို့နဲ့ ကယားပြည်နယ် လွတ်တော်ဥက္ကဌနဲ့ တွေ့ရန်အတွက် ကရင်နီလူငယ်များက ကယားပြည်နယ် လွတ်တော်ရုံးဝင်းအတွင်းမှာ သွားရောက်စောင့်နေကြပါတယ်။ 

ကရင်နီလူငယ်တွေနဲ့အတူ မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ကျောင်းသား လူငယ် အဖွဲ့အစည်းများ၊ တိုင်းရင်းသား လူငယ်အဖွဲ့များ၊ နယ်စပ်ရောက် ကရင်နီလူငယ်များ၊ နိုင်ငံတကာရောက် ကရင်နီလူငယ်များ အပါအဝင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီဟာလည်း ဝန်ရံပေးနေတာကိုတွေ့ရပါတယ်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ပါတ်သည်ပြီး ဖြစ်ပျက်နေတဲ့ လူငယ်ထုများရဲ့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုအား နှိမ်နှင်းခြင်း၊ တရားစွဲဆိုခြင်းများကြောင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့အား နှောက်နှေးစေခြင်း၊ အတားအဆီးဖြစ်စေခြင်း၊ ပြည်သူတို့ရဲ့ ဘဝလုံခြုံမှုတို့အတွက် စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေခြင်းကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ထံသို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ နေ့စွဲပါ အိတ်ဖွင့်ပေးစာကို ရေးသားပေးပို့ထားပါတယ်။ 

ဒါ့အပြင် ပဋိပက္ခကြောင့် အစိုးရနဲ့ လူငယ်အကြား၊ ပြည်သူလူထုအကြား စိတ်ဝမ်းကွဲစေတဲ့ အမြင်မတူမှုများ ဖြစ်ပွားခြင်း၊ ညွန်ကြားချက်အရ ပြည်နယ်အစိုးရရဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ထားရှိခြင်းအပေါ် လူငယ်နဲ့ လူထုတို့ရဲ့ သဘောမတူ ကန့်ကွက်နေ့တဲ့ အခြေအနေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနဲ့ နေပြည်တော်မှာ ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ခေါင်းဆောင်များနဲ့သော်လည်းကောင်း၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့သော်လည်းကောင်း ငြိမ်းချမ်းစွားညှိနှိုင်း အဖြေရှာနိုင်ရေးအတွက် စေ့စပ်ဆောင်ရွက်ပေးခဲ့ပေမယ့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က အပြုသဘောဆောင် တုန့်ပြန် အဖြေရှာခြင်း မပြုတဲ့အပြင် တပ်မတော်ကို လိုအပ်လျှင် ညွန်ကြားသွားမယ်လို့ တိလင်းစွာ ခြိမ်းခြောက် ပြောဆို တုန့်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်း အပါအဝင် အချက်(၉) ချက်ကို အိတ်ဖွင့်ပေးစာ ပေးပို့တာ ဖြစ်ပါတယ်။ 

အိတ်ဖွင့်ပေးစာရဲ့ နံပါတ်(၆) ချက်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်လွတ်လပ်ရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကာလအတွင်း ထိုသို့သော သမိုင်းအမှန်အား သိရှိပြီး အပြန်အလှန် အသိအမှတ်ပြု လေးစားသောအားဖြင့် ၁၉၄၆ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ဗမာပြည်နှင့် ကရင်နီပြည် မိတ်ဆက်အဖွဲ့တို့ ချစ်ကြည်ရေးအဖြစ် အတူတကွ ဓါတ်ပုံရိုက်ခြင်းနှင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ထောက်ရှုပြီး လွိုင်ကော်မြို့သို့ လာရောက်ပြီး ကရင်နီခေါင်းဆောင်၊ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ပြောဆိုခဲ့သော တန်းတူရည်တူ ကတိစကားများကလည်း သက်သေပင် ဖြစ်ပါသည် ဆိုတဲ့ အချက်ကလည်း ပါဝင်ပါတယ်။ 

ကရင်နီလူငယ်ထုများအပါအဝင် တိုင်းရင်းသားလူမျိုးများဟာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင် လေးစားပြီး ရင်ထဲမှာ အမြဲရှိစေခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်ဖြစ်တဲ့ “တန်းတူ ဖြစ်ရမယ်” ဆိုတဲ့ စကားလုံးအတိုင်းကို ရုပ်တုတည်ခြင်းထက် ပိုပြီး အလေးထား တောင်းဆိုကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts