spot_img
Tuesday, March 5, 2024
spot_imgspot_img

ယခုအချိန်အထိ မပျော်နိုင်ကြသေးသူများ

Author

Date

Category

ဖဲဘီး ရေးသားသည်။

ရာသီဥတုသာယာတဲ့ ညနေခင်းတစ်ခုဖြစ်သည့်အလျောက် လေကလေးက တဖြူးဖြူးနှင့် တိုက်နေတဲ့အတွက် နေလို့ထိုင်လို့ အတော်ကောင်းမွန်တဲ့ အချိန်အခါဖြစ်သော်လည်း ရွာသားတွေရဲ့ မျက်နှာပေါ်မှာတော့ သာယာပျော်ရွင်တဲ့ အရိ်ပ်အယောင် မတွေ့ရပါဘူး။ မကျေမနပ် ခံစားရခက်တဲ့မျက်နှာ၊ အားကိုးရာမဲ့ ဝမ်းနည်းမှုတွေ၊ မျော်လင့်ချက်မဲ့ ပူဆွေးသောကတွေကိုသာ တွေ့မြင်နေရပါတယ်။

အဲဒီနေ့ကတော့ ဇွန်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့  ဒေါဆိုရှေ့ရွာသားတွေ သူတို့ရဲ့  မြေယာကို စစ်တပ်က သိမ်းထားပေမယ့်လို့  အရဲစွန့်ပြီး သွားရောက်ထွန်ယက်စိုက်ပျိုးရင်း စစ်တပ်တွေလာတားဖြစ်တာခံရ တဲ့နေ့ပဲဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်တာ သူတို့ရဲ့ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေး စတဲ့ အဓိက ကုန်ကျစရိတ်တွေကို တောင်ယာလုပ်ကိုင်ခြင်းဖြင့် ဖြေရှင်းနေကြရတာဖြစ်ပြီး လက်ရှိအချိန်မှာ နှစ်စဉ်လုပ်ကိုင်လာတဲ့မြေယာပေါ်မှာ စိုက်ပျိုးရာသီရောက်လာပေမယ့် ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခွင့်က မသေချာမရေရာတဲ့ အခြေအနေမှာ ရှိနေကြလို့ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့ ရွာသားတွေ ညတိုင်းလိုလို အစည်းဝေးထိုင်ပြီး ဆွေးနွေးခဲ့ကြပေမယ့် သူတို့အတွက် တိကျပြီး သေချာတဲ့ အဖြေရယ်လို့ မရရှိခဲ့ပါဘူး။

သူတို့တောင်ယာမြေပေါ် လုပ်ကိုင်စားသောက်ခွင့် ပြန်ရရေး အမျိုးမျိုး ကြိုးစားခဲ့သလို သက်ဆိုင်ရာ လွတ်တော်ကိုယ်စားလှယ်တွေက ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်ပေမယ့် အခုထိ ဘာမှ မထူးခြားလာဘူးလို့ ရွာသားတွေက ပြောပါတယ်။

သူတို့ထဲက မိသားစုနှင့် ကျောင်းတက်နေသေးတဲ့ ကလေးတွေရဲ့ အရေးကိစ္စအဝဝကို ခင်ပွန်းသည်မရှိဘဲ ရုန်းကန်နေကြရတဲ့ ဒေါ်ညားမာတို့လို မုဆိုးမတွေလည်း ရှိနေပါတယ်။

ဒေါ်ညားမာ မှာ ကလေးသုံးယောက်ရှိပြီး အကြီးဆုံးတစ်ယောက်က ကျောင်းမနေတော့ပေမယ့် အငယ်နှစ်ယောက်ကတော့ စတုတ္ထတန်းနဲ့ သတ္တမတန်း တက်နေကြတာဖြစ်ပါတယ်။

အခုလို ဒေါ်ညားမာရဲ့ တောင်ယာမြေက လုပ်ကိုင်ခွင့် ပိတ်ပင်ခံရတဲ့အထဲပါနေတဲ့အတွက် သူမရဲ့ မိသားစုစားဝတ်နေရေး ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ စဉ်းစားလို့မရဘူးလို့ ယခုလိုပြောပါတယ်။

“ကျမခြံက ထွန်ပြီးပြီ ၆ သိန်းတောင်ကုန်တယ်၊ အခု ဘာလုပ်စားရတော့မလဲ မသိဘူး၊ မဟုတ်ရင် အဲဒီ ၆ သိန်းက ကျမနဲ့ ကျမကလေးတွေ တစ်နှစ်စာမလောက်ရင်လဲ သူများခြံမှာ နေ့စားလိုက်ရင်းနဲ့ ချွေတာပြီး သုံးလို့ ရနိုင်သေးတယ်။ အခုက ဘာလုပ်ရမှန်း မသိတော့ဘူး” လို့  ပြောပါတယ်။

နှစ်စဉ် မိသားစုပြဿနာ၊ သားသမီး အရေးကိစ္စတွေနဲ့ ကြမ်းတမ်းတဲ့လောကဓံကို ခင်ပွန်းသည်မရှိဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ဒေါ်ညားမာက မိန်းမသားဖြစ်သည့်အလျောက် အရှူုံးပေးချင်တဲ့ ခံစားချက်များကိုလည်း ကြားနေရပေမယ့် သားသမီးတွေရဲ့ မျက်နှာကိုကြည့်ပြီး သားသမီးရှေ့မှာ မားမားမတ်မတ် ဆက်လက် ရပ်တည်ရုံကလွဲပြီး သူ့မှာ ရွှေးချယ်စရာမရှိကြောင်း ဆက်ပြောပါတယ်။

“အခုကျမတို့မှာ လုပ်စားစရာမြေမရှိတော့ဘူး။ ကျမတို့ကိုပါ သတ်လိုက်ပါ ကျမတို့ သေမှ တောင်ယာလုပ်စားစရာ မလိုမှာ။ ကျမတို့ အသက်ရှင်နေရင် ဘာစားရတော့မလဲ၊ တောင်ယာလဲ မလုပ်ရတော့ဘူးဆိုရင်”

ဒေါ်ညားမာလို မိသားစုစားဝတ်နေရေး ကိစ္စတွေကို ခင်ပွန်းသည်မရှိဘဲ ရုန်းကန်ဖြေရှင်းနေကြရတဲ့ တခြားမုဆိုးမတွေလဲ အဲဒီရွာမှာ ရှိနေသေးသလို လယ်ယာမြေသိမ်းယူခံရတဲ့ တခြားဒေသ ကျေးရွာမှာလည်း ယခုလို ဒေါ်ညားမာလို့  သူတို့မိသားစုစားဝတ်နေရေးကို အကြပ်အတည်း ဖြစ်စေတဲ့ အခြေအနေတွေလဲ ဒုနဲ့ဒေး ရှိနေပါတယ်။

သူတို့ရွာမှာ နေထိုင်တဲ့ အခြား အိမ်ထောင်ရှင်မ ဒေါ်လားခေးမိုးက တောင်ယာလုပ်ကိုင်ခွင့် မရတဲ့အပေါ် ရူးမတတ်ခံစားရတဲ့အပြင် တစ်နှစ်စာ စားဝတ်နေရေးအတွက် စဉ်းစားရင်း ညဖက် အိပ်မပျော်ဘဲ မိုးလင်းသွားတဲ့ညတွေပါ ကြုံရကြောင်းပြောပါတယ်။

ဒေါ်လားခေးမိုးနဲ့ ဒေါ်ညားမာနေထိုင်နေတဲ့ ဒေါဆိုရှေ့ကျေးရွာလေးဟာ ဘိုးဘွားတွေရဲ့ မြေပုံကြမ်းအရ ၁၉၀ဝ ခုနှစ်ကတည်းက တည်ထားတဲ့ ရှေ့ဟောင်း ရွာတစ်ရွာ ဖြစ်ပါတယ်။

မူလအစက ကျေးရွာနယ်မြေ ဧက ၅၀၀ဝ ခန့်ရှိပြီး လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စုမှာ တည်ရှိခဲ့ပေမယ့် ၁၉၈ရ ခုနှစ်ကနေ ၁၉၉ဝ ကြား နှစ်တွေမှာ အတင်း အဓမ္မ ပြောင်းရွှေ့ခံခဲ့ရပြီး လက်ရှိ ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာအုပ်စုထဲက ဒေါဆိုရှေ့ရွာသစ် တည်ပြီး နေထိုင်လာခဲ့ကြတဲ့ ရွာလေး ဖြစ်ပါတယ်။

လက်ရှိ ဒေါဆိုရှေ့ကျေးရွာမှာ နေထိုင်နေကြတဲ့ ရွာသားတွေဟာ ဒေါ်ညားမာနည်းတူ ၂၀၁၄ ခုနှစ် မြေသိမ်းဆည်းမှုပြဿနာတွေက စပြီး တောင်ယာလုပ်ကိုင်ခွင့်နဲ့ သီးနှံစိုက်ပျိုးခွင့်တွေ ဆုံးရှုံးမှုတွေ ရှိလာတာကြောင့် အခက်အခဲတွေနဲ့ ဘဝ ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရတာပါ။

ပြည်သူလူထုတွေ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် စည်ပင်လာဖို့ လူထုများမှာ ဥပဒေဘောင်အတွင်းမှာ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နိုင်မယ့် အခွင့်အရေး ရရှိဖို့ လိုအပ်သလို တာဝန်ရှိအစိုးရထံကနေ လိုအပ်တဲ့ အခွင့်အလမ်းနဲ့ ပံ့ပိုးမှုတွေ ရရှိဖို့လည်း လိုအပ်ပါတယ်။

သို့ပေမယ့် လက်ရှိတောင်သူတွေရဲ့ဘဝက အစိုးရရဲ့ ပံ့ပိုးမှုမရသည့်အပြင် သူတို့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ ကြိုးစားရုန်းကန်လုပ်စားခွင့်တွေပါ ဆုံးရှူံးနေကြရတာ ဖြစ်ပါတယ်။

Advertisement

မွှေးကတည်းက ပြေးလွှား ရွှေ့ပြောင်းနေရတဲ့ဘဝတွေ၊ မြေမြုပ်မှိုင်းကြားမှာ ရုန်းကန်သွားလာရတဲ့ အခြေအနေတွေက ၂၀၁ဝ အထွေထွေ ရွှေးကောက်ပွဲပြီးနောက် ပြောင်းလဲတိုးတက်မှုရှိလာခဲ့တယ် ဆိုပေမယ့် ကျမတို့မှာတော့ မိသားစုစားဝတ်နေရေးအတွက် စဉ်းစားရင်း အခုထိ မပျော်နိုင်သေးဘူးလို့ ဒေါ်ညားမာက မျှော်လင့်ချက်မဲ့တဲ့ မျက်နှာနဲ့ ငြီးတွားရုံကလွဲ၍…။

spot_img
spot_img

Recent posts