spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးမှာ ဒီကနေ့ စက်တင်ဘာလ (၂၇)ရက်နေ့ ညနေ ၃နာရီခွဲအချိန်မှာ ကလောမြို့မှ ဖယ်ခုံမြို့နယ်ဖက်ကို အင်အားဖြည့်တင်းရန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDFဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ယာဉ်တန်းကား (၄၅)စီးဖြင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ဖက်ကို စစ်အင်အားဖြည့်တင်းရန် ထွက်လာတယ်လို့ယူဆရပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းယာဉ်တန်းများက တိုက်ပွဲဖြစ်ပွားရာနေရာမှ ဖယ်ခုံမြို့ဖက်ကို ဆက်လက် ထွက်လာရန် ကြိုးစားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ် နဲ့ မိုးဗြဲအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးတွေနဲ့ မြို့တွင်းနဲ့ ကျေးရွာဖက်ကို ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဖက်ကိုလည်း လက်နက်ကြီးတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ရမ်းသန်းပစ်ခတ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ နံနက် ၁၀နာရီခွဲအချိန်မှ ညနေ ၄ နာရီအချိန်ထိ KNDF၊ ဖယ်ခုံ PDF ပူးပေါင်းတပ်တို့ ဖယ်ခုံမြို့ ကုန်းဆုံကျေးရွာနဲ့ ကသဲကျေးရွာအနီး ပင်လောင်း-ဖယ်ခုံလမ်းမပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF ကလည်း သတင်းထုတ်ပြန်ပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမော့ဆိုမြို့နယ်ဖက်ကို စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ အင်အားတိုးချဲ့လျက်ရှိတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၀ကျော်အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ခန့် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ကားတစ်စီးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကသဲကျေးရွာအတွင်း နေအိမ်ကို ဝင်မွှေတာတွေ အရပ်သားပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို ဖယ်ခုံမြို့တွင်းမှာလည်း သေနတ်ပစ်ဖောက်ခြင်းကို ပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံPDF က ထုတ်ပြန်ပါတယ်။

စစ်ကား ၂၀စီးက စကခ(၇)တပ်နယ် အတွင်းသို့ တက်သွားပြီး မိုးဗြဲဖက်ကိုတက်သွားတဲ့ စစ်ကား ၂၀စီးနဲ့ ဖယ်ခုံနဲ့ မိုးဗြဲကြား ခေါင်းမိုင်းရွာအနီးမှာ မိုးဗြဲPDF၊ KNDFပူးပေါင်းတပ်ဖွဲ့တို့ ညပိုင်းအချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ဖယ်ခုံ PDF ကဖော်ပြထားပါတယ်။

spot_img
spot_img