spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

ယမန်နေ့ည ဖယ်ခုံမြို့ ညောင်ကုန်း အထက ( ၁ ) စာသင်ကျောင်းဆောင်မီးလောင်၊ ဒီကနေ့မနက်ပိုင်း သန့်ရှင်းရေးပြန်လုပ်ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ် )

ဖယ်ခုံမြို့ ညောင်ကုန်း ( ၅ ) ရပ်ကွက်မှာရှိတဲ့ ညောင်ကုန်း အထက ( ၁ ) စာသင်ကျောင်းဆောင်တစ်ခု ယမန်နေ့ ညပိုင်းမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဖယ်ခုံဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ လောင်တယ်လေ။ ဒီရက်တော့ သန့်ရှင်းရေး သွားလုပ်တဲ့သူတွေတော့ရှိတယ်။ သန့်ရှင်းရေးတွေ သွားလုပ်ကြတယ်။ သူတို့ အတိုအစတွေ သွားကောက်ပြီးတော့။ ကျနော်တို့တော့ မသွားဖြစ်ဘူး။” လို့ ဖယ်ခုံဒေသခံ တစ်ဦးက ပြောပါတယ်။

ယမန်ဇွန်လ ၃ ရက်နေ့ည ၁၁ နာရီအချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားမိဘတွေကနေ ယနေ့မနက်ပိုင်းမှာ သန့်ရှင်းရေးတွေ သွားလုပ်ခဲ့ကြတာရှိတယ်လို့ ဆိုပါတယ်။ အဲဒီကျောင်းဟာ အထက်တန်းအထိ ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်ပြီး လက်ရှိမှာ ကျောင်းဖွင့်စာသင်နေတာရှိတယ်လို့ သိရပါတယ်။

“ ကျောင်းတစ်ကျောင်းလုံး စာသင်ဆောင်ဆိုရင်တော့ ၈ ဆောင်လား။ ၉ ဆောင်လားမသိ အဲ့လောက်တော့ရှိတယ်။ များတယ်။ အခုလောင်တဲ့အဆောင်က သစ်သားအဆောင်ပဲ ရှေးကျဆုံးအဆောင်ပေါ့။ ကျန်တာအကုန်လုံး အုပ်တွေ နှစ်ထပ်ဆောင်တို့ တစ်ထပ်ဆောင်တို့။ တော်တော်တော့ရှည်တယ်။” လို့ ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီစာသင်ကျောင်း မည်သည့်အကြောင်းကြောင့် မီးလောင်တယ်ဆိုတာကိုတော့ ဖယ်ခုံဘက်မှာ ရှိနေတဲ့ KNDF တပ်ရင်း ၁၁ ကို ဆက်သွယ်မေးမြန်းတဲ့အခါ မီးလောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို KNDF အနေနဲ့ လုပ်ဆောင်တာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

“ဖယ်ခုံမှာလည်း ကျနော်တို့ တပ်ရင်း ၁၁ ရှိတယ်။ ဒီစာသင်ကျောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မရှို့ဘူးပေါ့နော။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာပေါ့နော။ ကျနော့်ရဲ့ ညွှန်ကြားချက်မရှိပဲနဲ့ ဒီမှာလည်း မလုပ်ပါဘူးပေါ့နော။ ဒါ ကျနော့်ရဲဘော်လည်း ဒီဘက်မှာပဲရှိတယ်။ မြို့ထဲမှာလည်း ကျနော့်ရဲဘော်မရှိပါဘူး။ KNDF မရှိဘူးဆိုတာ ပြန်ပြောချင်တယ်ပေါ့နော။” လို့ KNDF တပ်ရင်း ၁၁ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျောင်းပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် အဲဒါဟာ စစ်ကောင်စီ မီးရှို့တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြသူတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာတော့ အဲဒီစာသင်ကျောင်းကို PDF တွေက လာရောက်မီးရှို့ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိ ဖယ်ခုံမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိသလို ဒေသခံတွေကလည်း နေထိုင်တာလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts