spot_img
Friday, September 29, 2023
spot_imgspot_imgspot_imgspot_img

ရပ်ကွက်အလယ်ရှိ စစ်တပ်စခန်းဖျက်သိမ်းပေးရန် သက်ဆိုင်ရာသို့ ဒေသခံများ တောင်းဆိုထား

Author

Date

Category

ထျိုးမြာ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မြို့မအုပ်စု၊ ငူးပလော့ရပ်ကွက်အလယ်ရှိ စစ်တပ်လုံခြုံရေးတပ်စခန်းအား ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက ဒေသကွပ်ကဲမှူးစစ်ဌာနချုပ် (ဒ.က.စ)နှင့် ကယားပြည်နယ် လွတ်တော်ဥက္ကဌထံတွင် စာတင်ထားကြောင်း သိရသည်။

၂၀၀၅-၂၀၀၆ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးအခြေနေအရ ရပ်ကွက်တွင်းလုံခြုံရေး တပ်စခန်းချထားရန် (ဒ.က.စ) မှ လာရောက်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နယ်မြေဒေသလုံခြုံအေးချမ်းနေပြီဖြစ်၍ တပ်စခန်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ အလိုရှိနေကြခြင်းဖြစ်သည်။

“ စာပေါ်မှာအဓိက တင်ထားတာကတော့ ရပ်ကွက်အတွင်းမှာရှိတာက မသင့်တော်ဘူးပေါ့။ နောက် တပ်စခန်းတွေရှိတဲ့ မြေယာပေါ်မှာလည်း ရပ်ကွက်နေပြည်သူတွေက အိမ်တွေဆောက်ချင်ပြီပေါ့။ သူတို့နေရာကို ပြန်ဖယ်ပေးဖို့ပေါ့။ နောက်တစ်ခုက ငြိမ်ချမ်းရေးတည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒါတွေက မလိုအပ်တော့ဘူးပေါ့။ အဲ့ဒါတွေ ပြောချင်တာ ” ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူရယ်က ပြောသည်။

၂၀၁၄-၂၀၁၅ ခုနှစ်တွင် မြေယာများဈေးကြီးလာသောကြောင့် ခြံကွက်များကို ဒေသခံများက ပြန်လည်ကာထားကြသော်လည်း ခမရ(၄၂၇)တပ်ရင်းမှ ခေါ်တွေ့ပြီးပြန်လည် ဖြုတ်စေခဲ့သည်ဟု ငူးပလော့ရပ်ကွက်မှ ရာအိမ်မူး ဦးအယ်ရီးကို ကပြောသည်။

“အခုလုံခြုံရေးအရ ခဏပဲတက်ပြီးတော့နေမှာပါ။ တစ်ချိန်ကျရင် ခင်များတို့ပြန်ရမှာပါဆိုပြီးတော့ ကျနော်တို့ကို ကတိကဝတ်ပေးခဲ့တယ်။ အဲ့ဒီတော့ ကျနော်တို့လည်း သူတို့ပေးတဲ့ ကတိကဝတ်အတိုင်းပေါ့နော။ ပြန်ပေးမယ်လို့ ယုံကြည်ထားပြီးတော့မှ ကျနော်တို့ငြိမ်ပြီးတော့နေခဲ့ရတာ။ အခုချိန်ထိတော့ နယ်မြေလည်းအေးချမ်းလာပြီလေ။ အဲ့ဒီတော့ ကျနော်တို့ကိုပြန်ပြီးတော့မှ ဘာမှပြန်လည် အပ်နှံမှုမလုပ်တဲ့အခါကြတော့ စာတင်ရင်ကောင်းမလားဆိုပြီးတော့မှ လုပ်လိုက်ရတာပါ ” ဟု ၎င်းကပြောသည်။

ဒ.က.စနှင့် ကယားပြည်နယ်လွတ်တော်ဥက္ကဌထံသို့ နိုဝင်ဘာလ(၁၇) ရက်က စာတင်ထားခဲ့ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်မှုမရရှိသေးပေ။

လက်ရှိ တပ်စခန်းချထားသောနေရာမှာ မြေဧရိယာပေါင်း (၁.၅)ဧကရှိပြီး ဒေသခံခြောက်ဦး ပိုင်ဆိုင်ထားသော မြေနေရာများ ဖြစ်ကြောင်းသိရသည်။

Recent posts