ရိုးရာခေါင်ရည်ကို တန်ဖိုးထား သောက်သုံးခြင်း

ခူးပလုရယ် (DMS) ရေးသားသည်။

“ကယားရိုးရာပွဲတွေဆိုရင် ဝက်သားစားမယ်၊ ခေါင်ရည် မူးပြဲနေအောင်သောက်ကြမယ်၊ ပြီးရင် အပျိုမအိမ်သွားလည်မယ်” ဟူ၍ ပေါ့ပျက်ပျက်ပြောဆိုနေမှုများ မကြာခဏ ကြားရတတ်ပါသည်။

ထိုသို့ပြောဆို ဝေဖန်မှုများသည် အကြောင်းမဲ့ ပေါ်ပေါက်လာခြင်း မဟုတ်တန်ရာ၊ အဲ့ဒိုပေါ်မီ အပါအဝင် ကယားရိုးရာပွဲတော် အချို့တွင် လူမှန်းသူမှန်းမသိ အမူးလွန်ကာ လမ်းဘေး၊ ခြံစည်းရိုးဘေးများတွင် ရှုမကောင်း၊ မြင်မကောင်း လဲကျနေသူအချို့ကို တွေ့မြင်ခဲ့ရဖူးပါသည်။


အထူးသဖြင့် မြို့နှင့် နီးသော ကျေးရွာများတွင် ရံဖန်ရံခါ တွေ့ရတတ်ပါသည်။ အင်မတန်မှ အကျည်းတန်လွန်းပြီး ရိုးရာပွဲတော်များ၏ ပုံရိပ်ကိုလည်း အနည်းနှင့်အများဆိုသလို ထိခိုက်စေပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လာရောက် လည်ပတ်သည့် ဧည့်သည်ရော အိမ်ရှင်ပါ နှစ်ဖက်လုံးတွင် လိုအပ်ချက်ရှိသည်ဟု ပြော၍ရနိုင်ပါသည်။


ဧည့်သည်များအနေဖြင့် လူမျိုးတစ်မျိုး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာထားပြီး လေးစားသမှုနှင့်အတူ လာရောက်လည်ပတ် ပါဝင်ဆင်နွှဲမည်ဆိုပါက အကောင်းဆုံးဖြစ်ပါသည်။

ထို့အတူ အိမ်ရှင်ဖက်ကလည်း လာရောက် လည်ပတ်သည့် ဧည့်သည်များအား မိမိတို့ လူမျိုး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ရှင်းပြပေးရန် တာဝန်ရှိပါသည်။ ထို့အပြင် ဧည့်သည်များ လာရောက်လျှင် ရိုးရာခေါင်ရည်ဖြင့် မဖြစ်မနေ ဧည့်ခံကြရပါမည်။ တချို့သော ဧည့်သည်များထဲတွင် ခေါင်ရည် တစ်ခါမျှ မသောက်ဖူးသေးသည့်သူများ ပါနိုင်သည်၊ ထိုဧည့်သည်များအား ခေါင်ရည်သောက်၊ မသောက် ကြိုမေးပြီးမှ တိုက်ကျွေးလျှင် ပိုမိုအဆင်ပြေပါမည်။ ခေါင်ရည် မသောက်လိုသော ဧည့်သည်များကို အတင်း မတိုက်ကျွေးသင့်ပါ။ အပြန်အလှန် နားလည်ပေးရမည် ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ရိုးရာခေါင်ရည်ကို စီးပွားဖြစ် ရောင်းချသောက်သုံးခြင်းများ တွင်တွင် ကျယ်ကျယ် ပြုလုပ်လာနေကြသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ စီးပွားဖြစ်ရောင်းချခြင်းကို ဝေဖန်အပြစ်ဖို့စရာ မရှိပါ။ တစ်ဖက်ကကြည့်လျှင် ရိုးရာခေါင်ရည်ကို မြှင့်တင်ပေးခြင်း ဖြစ်သလို ရိုးရာခေါင်ရည်ကို အမှီပြုပြီး ဒေသထုတ်ကုန်တစ်ခုအဖြစ် ဝင်ငွေရရှိနေကြသည့်အတွက် မုဒိတာ ပွားနိုင်ပါသည်။ သို့သော် ခေါင်ရည်ကို ဒေသထွက် ရိုးရာအစားအသောက် တစ်ခုအဖြစ် သိရှိထား သည်ကလွဲ၍ ဒေသခံကယားတိုင်းရင်းသားတို့၏ ရိုးရာခေါင်ရည်အပေါ် တန်ဖိုးထားမှုများ၊ ခံယူချက်များနှင့် စပ်လျဉ်းပြီး သိရှိသူအတော်နည်းပါးသည်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်ရာ ဘိုးဘွား အစဉ်အဆက် တန်ဖိုးထားသောက်သုံးလာသည့် ရိုးရာခေါင်ရည်အကြောင်းကို လက်လှမ်းမီသမျှ အကျဉ်းချုံး ရှင်းလင်းတင်ပြလိုပါသည်။


ရိုးရာခေါင်ရည်နှင့် ပတ်သက်၍ ရှေးအဖိုးအဖွားများ အဆက်ဆက် လက်ဆင့်ကမ်း ပြောကြား လာသည့် ပုံပြင်မှာ အောက်ပါအတိုင်းဖြစ်သည် –

လွန်လေပြီးသောအခါ ရွာတစ်ရွာတွင် မိဘများကွယ်လွန်၍ အဖွားနှင့်အတူ နေထိုင် ကြီးပြင်း လာသည့် ယောကျားပျိုတစ်ဦးရှိလေသည်။ မြေးဖြစ်သူမှာ ကစားတာကို ခုံမင်သည့်အပြင် အစားမက်ပြီး အလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ နေ့စဉ် ရွာရိုးတစ်လျှောက် လည်ပတ်ရင်းဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ တစ်နေ့သောအခါ ဖွားအေဖြစ်သူက အသက်ကြီးပြီဖြစ်ကြောင်းနှင့် မြေးလေးအား လုပ်ကျွေးရန် အခက်အခဲရှိလာပြီဖြစ်ကြောင်း မြေးဖြစ်သူကို ပြော၏။

သို့ဖြစ်သည့်အတွက် အဝေးတစ်နေရာသို့ သွားရောက်၍ မိတ်ဆွေသစ်များရှာဖွေကာ အသက်မွေးဝမ်းကြောင်း အတတ်ပညာများ သင်ကြားရန် မြေးဖြစ်သူအား စေလွှတ်လိုက်လေသည်။ မြေးဖြစ်သူမှာ မိတ်ဆွေသစ်များကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်လာရင်း တံငါသည်များနေထိုင်သည့် ရွာတစ်ရွာကို တွေ့ရှိလေသည်။ ထို့နောက် အဆိုပါရွာရှိ တံငါသည်များနှင့် မိတ်ဆွေဖွဲ့၍ ငါးဖမ်းပိုက် ရက်လုပ်ခြင်းနှင့် ငါးဖမ်းအတတ်တို့ကို လေ့လာ ဆည်းပူးခဲ့သည်။


အသက်မွေးဝမ်းကြောင်းအတတ်ပညာများ အတန်အသင့် တတ်မြောက်၍ ဇာတိရွာတွင် ပြန်လည်အခြေချကာ ရွာအနီးရှိ မြစ်ချောင်းအင်းအိုင်များတွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးလေသည်။

တစ်နေ့သောအခါ မြစ်အတွင်း ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေရင်း မိကျောင်းငယ်တစ်ကောင်ကို ဖမ်းမိလေ၏။ အဆိုပါ မိကျောင်းငယ်မှာ ရုန်းကန်လေရာ လူငယ်လေးမှာ အားမတန်၍ လက်မှကိုင်ထားသည့် ငါးဖမ်းပိုက်ကို လွတ်လိုက်ရလေသည်။ မိကျောင်းငယ်လည်း ခန္ဓာကိုယ်၌ ငါးဖမ်းပိုက်ငြိတွယ်လျှက်ပင် ရေနက်ရာသို့ ကူးခတ်ပြေးလေသည်။ ငါးဖမ်းပိုက်ငြိတွယ်လျှက်ရှိနေသည့် မိကျောင်းငယ်လေးကို ကြည့်ပြီး မိခင်ဖြစ်သူ မိကျောင်းမကြီးမှာ များစွာစိတ်မချမ်းမသာဖြစ်ရလေသည်။ (ရှေးအခါက သက်ရှိသတ္တဝါများသာမက သစ်ပင်ပန်းမန်များ၊ ကျောက်စိုင်ကျောက်တုံးကြီးများ အစရှိသည်တို့ပင် စကားပြောဆိုတတ်ကြသည်ဟူ၏။)

မိကျောင်းမကြီးမှာ မိမိရင်သွေးငယ် ဒုက္ခရောက်နေသည်ကို မကြည့်ရက်သဖြင့် မြစ်ကမ်းပါးရှိ သစ်ပင် ဝါးပင်များကို မေးမြန်းအကူအညီတောင်းရာ လူသားများသာလျှင် ကူညီနိုင်မှာဖြစ်သည့်အတွက် လူသားများကို ချဉ်းကပ်အကူအညီတောင်းရန် အကြံပြုကြလေသည်။

မိကျောင်းမကြီးမှာ မြစ်ကမ်းပါးတွင် သစ်ခုတ်နေသည့် သစ်ခုတ်သမားတစ်ဦးကို တွေ့ပြီး “မိမိ၏ ရင်သွေးငယ်မှာ ငါးဖမ်းပိုက်တွင် ငြိတွယ်နေပြီး သွားလာလှုပ်ရှားရန် မလွယ်တော့ကြောင်း၊ အဆွေလူသားအနေဖြင့် ကူညီပေးမည်ဆိုပါအက လိုချင်သည့်အရာမှန်သမျှကို ပေးပါမည့်အကြောင်း၊ ရေထဲတွင် အချိန်ကြာမြင့်စွာ အသက်ရှုနိုင်ရန် နှားခေါင်းအပိုတစ်ခုကိုလည်း ပေးပါမည့်အကြောင်း” ပြောဆိုကာ အကူအညီ တောင်းလေ၏။

သစ်ခုတ်သမားကလည်း မိကျောင်းမပေးသည့် နှာခေါင်းအပိုကို တပ်ဆင်ကာ ရေနက်ထဲဆင်း၍ မိကျောင်းငယ်၏ ကိုယ်ပေါ်၌ငြိတွယ်နေသည့် ငါးဖမ်းပိုက်များကို လှီးဖြတ်ရာ မိကျောင်းငယ်မှာ ပြန်လည်လွတ်မြောက်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်လေသည်။


မိကျောင်းမကြီးမှာ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်၍ ချိုမြပြီး အရသာရှိလှသည့် အရည်တစ်မျိုးကို သစ်ခုတ်သမားအား တိုက်ကျွေးသည့်အပြင် ပေးထားသည့် ကတိအတိုင်း အလိုရှိရာတောင်းဆိုပါဟု ပြောဆိုရာ သစ်ခုတ်သမားက “ချိုမြပြီး အရသာရှိလှသည့် အရည်ဖြစ်အောင် ပြုလုပ်ရသည့် ပစ္စည်းကိုသာ အလိုရှိကြောင်း” တောင်းဆိုလေသည်။ ထိုအခါ မိကျောင်းမကြီးမှာ ချိုမြပြီး အရသာရှိလှသည့် “ထျေးဇား” ခေါ် ခေါင်ရည်ပြုလုပ်ရာတွင် အသုံးပြုသည့် တဆေးမှုန့် (ဆန်မှုန့်)ကို သစ်ခုတ်သမားကို ပေးလိုက်ပါသည်။


မိကျောင်းမကြီးသည် တဆေးမှုန့်ပေးပြီး “အိမ်ပြန်လမ်းတစ်လျှောက် မည်သူနှင့်မျှ စကားပြောဆိုခြင်းမပြုရ၊ ချဉ်သောအရသာရှိသည့် မည်သည့် အကောင်၊ အသီး၊ အပင်များကို ကိုင်တွယ်ထိတွေ့ စားသုံးခြင်းမပြုရ၊ အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရန်” သစ်ခုတ်သမားအား အသေအချာ မှာကြားလိုက်လေသည်။ သစ်ခုတ်သမားလည်း မိကျောင်းမကြီး မှာကြားသည့်အတိုင်း လုပ်ဆောင်ပါမည်ဟု ကတိပေးကာ တဆေးမှုန့်ကို ယူ၍ နေရပ်သို့ ပြန်လေသည်။ သစ်ခုတ်သမားမှာ မောပန်း၍ လမ်းခုလတ်တွင် လဲလျောင်းအနားယူနေစဉ် ခါချဉ်ပုရွက်ဆိတ်များ သစ်ပင်ပေါ်၌ ဝိုင်းဝန်းအသိုက်ဖွဲ့နေကြသည်ကို မြင်လေ၏။

သစ်ခုတ်သမားမှာ ကူညီတတ်သူပီပီ တဆေးမှုန့်ကို ကျောက်တုံးပေါ်တင်ကာ သစ်ရွက်သစ်ကိုင်းများကို ဆွဲစုပေးခြင်းဖြင့် ခါချဉ်ပုရွက်ဆိတ်များကို အကူအညီပေးလေသည်။ ထိုသို့ကူညီနေစဉ် ပျား၊ ပုတုန်း၊ ပဒူ အစရှိသူတို့သည် တဆေးမှုန့်ကို လာရောက်စုပ်ယူ စားသုံးကြရာ တဆေးမှုန့် အနည်းငယ်သာ ကျန်ရှိလေသည်။ သစ်ခုတ်သမားလည်း ကျန်ရှိသည့် တဆေးမှုန့်များကို ယူ၍ နေအိမ်သို့ ပြန်ရောက်သည့်အခါ ထျေးဇား ခေါ် ခေါင်ရည်ကို ချက်လုပ်ရာ ချဉ်တစ်လက် ချိုတစ်လက် အရသာကို ရရှိလေသည်။ ဤအကြောင်းအရာကို မိကျောင်းမကြီးသိသော် မိမိ၏ တန်ဖိုးရှိလှသည့် ခေါင်ရည်ကို ပျက်စီးအောင်လုပ်လေခြင်းဟု ဆိုပြီး ပြင်းစွာ အမျက်ထွက်လေသည်။ ထိုအချိန်မှ စ၍ လူသားတို့ ချက်လုပ်သည့် ခေါင်ရည်မှာ ချိုတစ်လှည့် ချဉ်တစ်လှည့် ဖြစ်လေ့ရှိသည် ဟူသတတ်။


ထို့အပြင် မိကျောင်မကြီး အမျက်ထွက်သည်ဖြစ်၍ တဆေးမှုန့်ကို ယူဆောင်ပြီး မြစ်ချောင်းအင်းအိုင်များကို ကူးခတ်ပါလျှင် မိကျောင်းမကြီး၏ ဆွဲနစ်ခြင်းကို ခံကြရမည်ဟု ယုံကြည်ကြသည်။

ထိုသို့ ယုံကြည်ကြသည့်အတိုင်း မြစ်ချောင်းအင်းအိုင်များ ကူးခတ်ရာတွင် တဆေးများ သယ်ဆောင်ခြင်း မပြုကြကြောင်း ယနေ့တိုင် လက်ဆင့်ကမ်း ပြောဆိုလာကြပါသည်။
ရိုးရာခေါင်ရည်နှင့်စပ်ဆိုင်သည့် ပုံပြင်များမှာ နေရာဒေသကို လိုက်၍ အနည်းငယ် ကွာခြားတတ်ပါသည်။ အထက်ဖော်ပြပါ ပုံပြင်မှာ ကယားလူမှုအသိုက်အဝန်းအကြား အပြောများသည့် ပုံပြင်ဖြစ်သည်။


အချို့သော ကယားကျေးရွာများတွင် ခေါင်ရည်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ပြောဆိုကြသည်မှာ – စပါးပင်နှင့် ပြောင်းကောက်တို့ကို “ဒေါစိုးမော့ခူ” ခေါ် ကောင်းကင်နေထိုင်သည့် “ဖြေးစုလုမိုး” ထံမှ ရရှိကြကြောင်း၊ လူသားများက ရှဉ့်ကြွက်ကို စေခိုင်း၍ ကမ္ဘာမြေသို့ ယူဆောင်လာစေခဲ့ကြောင်း၊ ထိုစပါးပင်နှင့် ပြောင်းကောက်တို့ကို အသုံးပြု၍ ခေါင်ရည်ချက်လုပ်ပြီး သောက်သုံးလာခဲ့ကြောင်း ဟူ၍ ဖြစ်သည်။


သို့ဖြစ်ရာ ခေါင်ရည်ဟူသည် လူသားမျိုးနွယ်ဖြစ်တည်မှု အစဦးကတည်းကပင် ပေါ်ထွန်း လာခဲ့သည့်အတွက် လူ့အသိုက်အဝန်းကို အကျိုးပြုသော အရည်အဖြစ်ခံယူကြကာ တန်ဖိုးထား သောက်သုံးကြပါသည်။


ကယားရိုးရာခေါင်ရည်ကို ရည်ရွယ်ချက် ကောင်းများဖြင့် ချက်လုပ်သောက်သုံးကြခြင်း ဖြစ်ကြောင်း အဖိုးအဖွားများက အောက်ပါအတိုင်း ပြောပြလေ့ရှိကြသည် –
(က) အဟာရဖြစ် သောက်သုံးခြင်း
(ခ) ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ အလေ့အထများနှင့် လုပ်ငန်းဆောင်တာများတွင် ခေါင်ရည် သည် မပါမဖြစ် ရိုးရာအစားအသောက်တစ်ခုဖြစ်ခြင်း
(ဂ) အသိမိတ်ဆွေအဖြစ် အသိအမှတ်ပြုသောက်သုံးခြင်း
(ဃ) ချစ်ကြည်ရင်းနှီးမှုအတွက် သောက်သုံးခြင်း
(င) ကတိသစ္စာပြုခြင်းအတွက် သောက်သုံးခြင်း (သို့) သစ္စာရေအဖြစ် သောက်သုံးခြင်း
ခေါင်ရည်ချက်လုပ်ရာတွင် အဓိကပါဝင်သည့် ပစ္စည်း (Ingredients) ၃ – မျိုးမှာ ပြောင်းကောက်၊ ရေနှင့် တဆေးတို့ဖြစ်သည်။ ပြောင်းကောက်ကို ပေါင်း၍ တဆေးနှင့်ရောစပ်ကာ ကဇော်ဖောက်ရာမှ ရရှိလာသော အရည်သည် ခေါင်ရည်ဖြစ်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။

တဆေးသည် ခေါင်ဖောက်ရာ၌ ရိုးရာယုံကြည်မှု အရဖြစ်စေ၊ နည်းပညာအထောက်အကူပြုပါဝင်ပစ္စည်း တစ်ခုအနေဖြင့် ဖြစ်စေ အဓိကကျလှ၏။ ခေါင်ဖောက်ရာတွင် အသုံးပြုသည့် တဆေးမှာ မိကျောင်းထံမှ ရရှိလာသည့် မြင့်မြတ်သည့် ပစ္စည်းဖြစ်သည့်အတွက် အသက်ရှိကြောင်း ယုံကြည်ကြသည်။

ခေါင်ချက်လုပ်ရန်အတွက် တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို အမျိုးသမီးများ ကသာ ပြုလုပ်ကြပါသည်။ အပျိုဖော်မဝင်ခင် (တစ်နည်းအားဖြင့် ပထမဦးဆုံးအကြိမ် ဓမ္မတာမလာခင်) ဘဝကပင် တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို ပြုမှသာလျှင် ရာသက်ပန် တဆေးထောင်းခွင့်ရှိသည့် အမျိုးသမီးအဖြစ် ရပ်ရွာက အသိအမှတ် ပြုကြသည်။ တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်း (၂)ရက်တာကာလအတွင်း ဧည့်သည်များအိမ်သို့ အလည်လာခြင်းကို လက်မခံသကဲ့သို့ ချဉ်သော အရသာရှိသည့် အစားအစာများနှင့် ပဲပုပ် ငါးပိစသည်တို့ကိုလည်း စားသုံးခြင်း မပြုကြပေ။ တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို ပြုသည့်အခါ ဧည့်သည်များ လာရောက်လည်ပတ်၍ မရကြောင်း အိမ်ရှေ့ဝင်းတံခါးဝ၌ သစ်ကိုင်း သစ်ရွက်များဖြင့် အရံအတား ပြုလုပ်ကာ အသိပေးလေ့ရှိကြသည်။

ခေါင်ရည်ချက်လုပ်ပုံအဆင့်ဆင့်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည် –
(၁) ပထမဦးစွာ ပြောင်းကောက်ကို ထမင်းအိုးတည်သကဲ့သို့ တည်၍ ချက်ကြသည်။
(၂) ပြောင်းကောက်ကျက်လျှင် ဖျာပေါ်သို့ ခူးချ၍ ဖြန့်ချထားကာ အအေးခံထားရသည်။
(၃) အေးပြီဆိုသည်နှင့် ပြောင်းကောက်ပေါ်၌ တဆေးမှုန့်ကို အချိုးညီညီ ဖြူးကာ ၂ – ရက် (သို့) ၂ – ည ကြာထား၍ ထပ်မံ အအေးခံရသည်။
(၄) ၂ – ရက် (သို့) ၂ – ည လွန်မြောက်ပြီးနောက် တဆေးမှုန့်ဖြူးထားသည့် ပြောင်းကောက်ကို စဉ့်အိုးထဲ ထည့်၍ အလုံပိတ်ထားပြီး ရက်သတ္တပတ် (၃) ပတ်ခန့် ထားရသည်။
(၅) ရက်သတ္တပတ် (၃) ပတ်ပြည့်လျှင် ပြောင်းကောက်များကို အရည်ခံပြီး ခေါင်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။

၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသည့် “ကယားတို့ဌာနီငွေတောင်ပြည်” စာအုပ်တွင် စာရေးဆရာ မြင့်မောင်က ကယားရိုးရာခေါင်ရည်နှင့် ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပြုရေးသားခဲ့သည် –

“မိတ်ဆွေသည် အကြောင်းတစ်ခုခုဖြင့် ကယားတို့ ဒေသသို့ ရောက်ရှိသွားမည်ဆိုလျှင် မြန်မာပြည်နှင့် ရှမ်းပြည် ကျေးလက်တောရွာများတွင် ဧည့်သည်အား လက်ဖက်ရည်ကြမ်း (အခါးရေ)ဖြင့် ဧည့်ခံသကဲ့သို့၊ အိမ်ရှင်ဖြစ်သော ကယားလူမျိုးတို့က မိတ်ဆွေအား ခေါင်ရည်ဖြင့် ရင်းနှီးစွာ ဖော်ရွေစွာ ဧည့်ဝတ်ပြုပေလိမ့်မည်။ သို့ရာတွင် ခေါင်ရည်ကို သေရည် သေရက်ကဲ့သို့ သောက်လျှင် မှားလိမ့်မည်။ ခေါင်ရည်သည် ယင်းတို့အဖို့ အမောပြေအားဆေးဖြစ်သည်။ ဧည့်သည်အား ယင်းတို့က ခေါင်ရည်ဖြင့် ဧည့်ခံသည့် အဓိပ္ပါယ်မှာ ခရီးဝေးနီးမှ ရောက်လာသော ဧည့်သည်အား အမောပြေစေခြင်းအလို့ငှါ တိုက်ကျွေးခြင်းဖြစ်သည်။ ခေါင်ရည်တွင် တဆေး၊ ထမင်းနှင့် ဖွဲကြမ်းများ ရောစပ်နယ်ဖတ်ထားသည့် အတွက် အဆာခံသည်။ ချိုပြင်းပြင်းရှိသည်။ ထို့ကြောင့် သူတို့အဖို့ ခေါင်ရည်ကို အချိန်မရွေး နေရာမရွေး သောက်လေ့ရှိသည်။”

၁၈၅၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်၌ အနောက်ကရင်နီနယ် စောဖျာ ကေးဖိုးဒူအုပ်ချုပ်သော ကျယ်ဖိုးကြီးနယ်သို့ ချစ်ကြည်ရေးအလည်အပတ် ရောက်ရှိခဲ့သည့် ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာ အက်ဒ်ဝပ်အိုရီလေး (Mr. Edward O’Riley) က ရိုးရာခေါင်ရည် သောက်သုံးခြင်းနှင့် ပတ်သက်၍ ၎င်း၏ တွေ့ရှိချက် မှတ်တမ်းတွင် အောက်ပါအတိုင်း မှတ်ချက်ပြု ရေးသားခဲ့သည် –

“ကရင်နီ (ကယား) လူမျိုးများသည် စပါးအပြင် ပြောင်း နှင့် ပြောင်းကောက်တို့ကို စိုက်ပျိုးကြသည်။ ပြောင်းကောက်ကို အချဉ်ဖောက်၍ ခေါင်ရည် ချက်လုပ်ကြသည်။ အဆိုပါ ခေါင်ရည်ကို လူကြီး လူငယ် ကျား၊ မ မရွေး တန်ဖိုးထားသောက်သုံးကြသည်။ ၎င်းတို့က ခေါင်ရည် သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် အဟာဖြစ်ထွန်းသည့်အပြင် ရောဂါဘယဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ကြောင်း လက်ခံယုံကြည်ကြသည်။”

မိမိ၏ မိခင်ဖက်မှ အဖွားမော်ဗျားမြာမှာ လွိုင်ကော်မြို့နယ် ထေးငှားလျားကျေးရွာတွင် နေထိုင်လာခဲ့ပြီး ယင်း၏ အသက်(၉၀)နှစ်ကျော်အရွယ် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ အဖွားသက်ရှိထင်ရှားရှိစဉ်တုန်းက နေ့စဉ်မပြတ် ခေါင်ရည်ကို သောက်လေ့ရှိ၏။ ရိုးရိုးဖျားရုံလောက်နှင့် ခေါင်ရည်အသောက်မပျက်။ ခေါင်ရည် သောက်၍ အဖွားမူးသွားသည်ကို တစ်ခါမျှမမြင်ဖူးပါ။ သူလုပ်နေကျအလုပ်ပင် ပိုတွင်နေသေးသည်။

အဖွား၏ ပြောပြချက်အရ လူမှန်းသိတတ်စကပင် ခေါင်ရည်ကို သောက်လာခဲ့ကြောင်းသိရ၏။ ခေါင်ရည်ကို တစ်ရက်မျှ မပျက် သောက်သုံးပြီး ကျန်းကျန်းမာမာဖြင့် အသက်(၉၀)ကျော်သည်အထိ နေထိုင်သွားနိုင်ခဲ့သည့် အဖွား၏ ခေါင်ရည်ချက်လုပ်သောက်သုံးနည်း လျှိူ့ဝှက်ချက်မှာ များများစားစားမရှိပါ –

 သန့်ရှင်းလတ်ဆတ်ခြောက်သွေ့သည့် ပြောင်းကောက်နီဖြင့်ချက်ခြင်း
 မိမိသောက်သုံးနိုင်သည့် အတိုင်းအတာဖြင့်သာ ချက်လုပ်ခြင်း (ဥပမာ – ၃ လီတာ နှင့် ညီမျှသည့် စဉ့်အိုးငယ် ပမာဏသာ ခေါင်ဖောက်ခြင်း)
 ပြောင်းကောက်နီဖြင့် ဖောက်ထားသောခေါင်ပူကို မည်သည့် ဓာတုဆေးဝါးမျှ ရောစပ်မှုမပြုခြင်း (ခေါင်ရည်တွင် အရက်ဘီယာရောခြင်း၊ ဆေးသကြားထည့်ခြင်းများပြုလုပ်၍ သောက်လျှင် ၅ – ပါးမက ရှိသမျှ အကုန်မှောက် နိုင်ပါသည်။)
 ခေါင်ပူကို စဉ့်အိုးထဲတွင် ထည့်ထားပြီး ပုံမှန်မီးကင်ပေးခြင်း
 မိမိ၏ ခံနိုင်ရည်အား နှင့် လိုက်လျောညီထွေစွာ ပုံမှန် သောက်သုံးခြင်း (ဥပမာ – မနက် ၁-ခွက်၊ ည ၁-ခွက်)

အထက်ပါနည်းလမ်းများက မိမိမှတ်မိသမျှ အဖွား၏ ခေါင်ဖောက် သောက်သုံးခြင်း နည်းလမ်းများ ဖြစ်ပါသည်။ အဖွား၏ နည်းစနစ်မှန်မှန်သောက်သုံးမှုက ဘေးဥပါဒ်မဖြစ်စေဘဲ ကျန်းမာရေးအတွက်ပင် အထောက်အကူ ပြုစေသည်ဟု သုံးသပ်နိုင်ပါသည်။ ခေါင်ရည်တွင် မည်သည့်အဟာရဓါတ်များ ပါဝင်သည်၊ မည်သည့် ကောင်းကျိုးများရှိသည်ကို မိမိအနေဖြင့် သိပ္ပံပညာရှင်မဟုတ်သည့်အတွက် မဖော်ပြနိုင်ပါ။

အထက်ဖော်ပြပါ နည်းလမ်းများသည် မိမိ၏ အဖွားမှမဟုတ်၊ ကျေးလက်နေ အဖိုးအဖွားများ အများစု အစဉ်အဆက် ကျင့်သုံးလာခဲ့ကြသည့် နည်းလမ်းများဖြစ်ပြီး ပုံမှန်အချိန်တွင် ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု ပွဲတော်များတွင်ဖြစ်စေ လုပ်လေ့လုပ်ထရှိသည့် အစဉ်အလာ ကောင်းများဖြစ်သည်။


မိမိအနေဖြင့် ကယားရိုးရာ ခေါင်ရည် မည်မျှကောင်းကြောင်း ချီးမွမ်းခန်းဖွင့်နေခြင်းမဟုတ်ပါ။ အခြားသော လူမျိုးများအတွက် ခေါင်ရည်သည် နှစ်သက်စရာ ကောင်းချင်မှ ကောင်းပေလိမ့်မည်။ တချို့လည်း မူးယစ်စေတတ်သည့် အရည်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။ ဆိုလိုရင်းမှာ ကယားလူမျိုးများက မိမိတို့၏ ရိုးရာ ခေါင်ရည်ကို အထက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဘေးဥပါဒ် မဖြစ်အောင်နှင့် အကျိုးရှိအောင် သောက်သုံး ကြခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခြင်းကို ဖော်ပြလိုခြင်းဖြစ်ပါသည်။ တန်ဆေးလွန်ဘေး ဆိုသလို ခေါင်ရည်ကို အလွန်အကျွံ သောက်သုံးပါက ဘေးဥပါဒ် ဖြစ်မည်မှာ မလွဲပါ။


ကယားရိုးရာခေါင်ရည်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ခွဲခြား၍ မရေပေ။ နေ့စဉ် လူမှုဘဝအသက်ရှင်နေထိုင်မှုတွင်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု လုပ်ငန်းဆောင်တာများတွင် လည်းကောင်း ရိုးရာခေါင်ရည်၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။

ဥပမာအားဖြင့် –
• အိမ်သစ်တက်ပွဲ၌ အိမ်ရှင်က ကျေးရွာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါမည့်အကြောင်း ခေါင်ရည် (သစ္စာရေ) သောက်သုံး၍ ရွာမိရွာဖများစုံညီ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း၊

• (၅) နှစ် တစ်ကြိမ် (သို့) (၁၀) နှစ် တစ်ကြိမ် ပြုလုပ်သည့် ပေါ်ကေးဒူ ခေါ် ကျေးရွာအတွင်း လိုက်နာရမည့် ကျင့်ဝတ်များ ချမှတ်သည့် ရွာလုံးကျွတ်ညီလာခံ၌ ကျည်ဆံ၊ ဓါးသွား၊ ဝက်သွေး နှင့် ခေါင်ရည်တို့ ရောနှောပါဝင်သည့် သစ္စာရေကို အိမ်ထောင်ဦးစီးအားလုံး သောက်သုံးရခြင်း
စသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ခေါင်ရည်ဖြင့် သက်သေပြု တိုင်တည် ကြရသည်။

အချုပ်အားဖြင့် ဆိုရသော် ရိုးရာကေ့ထျိုးဘိုးပွဲတော် နှင့် အဲ့ဒိုပေါ်မီအပါအဝင် ကယားရိုးရာပွဲတော် များတွင် ရိုးရာခေါင်ရည်ဖြင့် ဧည့်ဝတ်ပြုခြင်းသည် ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်ခြင်း၊ အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်း၊ ကတိသစ္စာပြုခြင်း နှင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟူသည့် အဓိပ္ပါယ်လေးနက်မှုကို ဖောင်ဆောင်ကိုယ်စားပြုခြင်းဖြစ်ပေ၏။ ထိုသို့ ဖြစ်သည့်အားလျော်စွာ ရိုးရာယဉ်ကျေးမှုပွဲတော်များနှင့် ဓလေ့ထုံးတမ်းများအရ ပြုလုပ်ကြသည့် လူမှုရေးရာကိစ္စရပ်များတွင် ရိုးရာခေါင်ရည်ကို အနှစ်သာရရှိရှိ တန်ဖိုးထား သောက်သုံးနိုင်ကြပါရန် တိုက်တွန်းတင်ပြလိုက်ရပါသည်။

Comments

comments

Next Post

ကိုဗစ်ထက် ဆိုးသော ရောဂါ

Tue Aug 4 , 2020
Comments comments