spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရုန်းကန်လှုပ်ရှား သဲတောင်ကြားက အာဃမိန်းမသားများ

Author

Date

Category

သဲတောင်မှာ ဝမ်းရေးအတွက် လုုပ်ကိုုင်နေတဲ့ အမျိုးသမီး အလုုပ်သမားများ(ဓါတ်ပုုံ-မော်စူးမယ်)

မော်စူးမယ် ရေးသားသည်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ ထော်လဂျီ စက်သံ၊ ဒါဘာ ကားကြီးသံ၊ ဘက်ဖိုး စက်သံနဲ့ ကျောက်ဖောက် ဂန်းသံတွေ ရောယှက် ဆူညံနေပါတယ်။

လူတွေ ဟိုဟိုဒီဒီ လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။ အဲဒီနေရာက ကယားပြည်နယ် ဒုတိယမြို့တော်ဖြစ်တဲ့ ဒီးမော့ဆိုမြို့ အရှေ့မြောက်မှာရှိတဲ့ သဲတောင်လို့ လူသိများတဲ့နေရာပဲ ဖြစ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ အိမ်ဆောက်ကြပြီဆိုရင် အဲဒီသဲတောင်မှာ အဓိကထား ထုုတ်ယူသုုံးစွဲတယ်။ ဒါပြင် ဒီမော့ဆိုမြို့နယ်အနီးတဝိုက်က ဒေသခံတွေဟာလည်း အဲဒီသဲတောင်မှာ နေ့စားအဖြစ် အလုပ်လုပ်နေကြတာပါ။

အထူးသဖြင့် အခုလို နွေချိန်မှာ နေကလဲပူ၊ သဲနဲ့ဖုန်မှုန့်တွေရောထွေးနေတဲ့ကြားမှာ မိသားစုစားဝတ်နေရေးအတွက် သဲတူး၊ သဲကျုံးနေကြတဲ့ အိမ်ရှင်မတွေအဖို့ အကြမ်းတမ်းဆုံးအလုပ်ကို လုပ်နေကြရတယ်လို့ပဲ ကျွန်မကတော့ မှတ်ချက်ချမိပါတယ်။

သဲတောင်မှာ ဝမ်းရေးအတွက် လုုပ်ကိုုင်နေတဲ့ အမျိုးသမီး အလုုပ်သမားများ(ဓါတ်ပုုံ-မော်စူးမယ်)

ဒီအလုပ်မှမလုပ်ရင်လဲ မိသားစုစားဝတ်နေရေးအတွက် တခြားဝင်ငွေရမည့် အလုပ် မယ်မယ်ရရမရှိပါဘူး။

အသက် ၄၅ နှစ်အရွယ် ကလေး ရ ယောက် မိခင် အိမ်ရှင်မ မော်မီမြာကတော့ နှစ်စဉ်နှစ်တိုင်း နွေအချိန်မှာ မိသားစု စားဝတ်နေရေးအတွက် သဲတောင်မှာ မြေကို ဂန်းစက်နဲ့ဖောက်ပြီး သဲကို ထော်လဂျီ စက်ပေါ်မှာ တင်ရတဲ့ အလုပ်ကို လုပ်တယ်။ သူက ဒီသဲတောင်မှာ အလုပ်လုပ်နေတ ၄ နှစ်ဝန်းကျင်တောင်ရှိနေပါပြီ။

“သက်သာတာပေါ့။ တစ်နေ့ကို ၆၀၀ဝ လောက် ရရင် ၃၀၀ဝ လောက် စုလို့ ရတာပေါ့။ ကျန် ၃၀၀ဝ ကျပ်ကိုတော့ အစားအသောက်တွေကို ဝယ်စားတာပေါ့။ ဆီဆားဖိုး ကြက်သွန်ဖို့တွေကို ၃၀၀ဝ လောက် ရတာပေါ့”လို့ မော်မီမြာက ပြောတယ်။

မော်မီမြာလိုပဲ သဲတောင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဟာ မိုးရွာသီမှာ စပါး၊ ပြောင်း၊ ပြောင်းကောက် စတာတွေကို မိသားစုစားဝတ်နေရေးအတွက်ပဲ စိုက်ပျိုးကြပြီး အပိုုဝင်ငွေရအောင် နွေအချိန်မှာတော့ သဲတောင်မှာ အလုပ်လုပ်နေကြတယ်။

သဲလာသယ်တဲ့ ယာဉ်များ(ဓါတ်ပုုံ-စည်သူ)

အသက် ၃၆ နှစ်အရွယ် ကလေး ၅ ယောက်မိခင် မော်ဘျားမြာဟာ သဲတောင်မှာ အလုပ်လုပ်လို့ ရတဲ့ နေ့စားခနဲ့ ဟင်းဖိုးအပြင် ကလေးတွေရဲ့ ကျူရှင်ခတွေနဲ့ ပေးနေရပါတယ်။

သူ့အနေနဲ့ကတော့ သားသမီးတွေ မျက်နှာမငယ်အောင် နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နေရပေမယ့် ကလေးတွေ အတွက် ကျူရှင်ခ မပေးနိုင်တဲ့အချိန်မှာ စိတ်အဆင်းရဲဆုံးပဲလို့ ပြောပါတယ်။

မော်ဘျားမာက “ကလေးတွေကိုတော့ ကျောင်းပဲနေစေချင်တယ်။ ပြည့်ပြည့်စုံစုံမထားနိုင်တော့ ကျူရှင်လည်း ယောက်တိုင်း မထားပေးနိုင်ဘူး။ ကျောင်းကို ဆက်ပြီးတက်စေချင်တယ် ဒါပေမယ့် သူတို့အတွက် မလုပ်ပေးနိုင်တော့ ဘယ်လိုလာမလဲ မသိဘူး။ သူတို့ ပြီးဆုံးတိုင်မတက်တာတွေလည်း ဖြစ်လာနိုင်တယ်။ ကျွန်မတို့က ဒီလိုပဲ အလုပ်ရှာနေရတော့ ပြည့်ပြည့်စုံစုံမထားနိုင်လို့ ကြီးလာရင် ရှက်ပြီး ကျောင်းထွက်နိုင်တယ်”လို့ သူက ဆိုုတယ်။

သဲတောင်မြင်ကွင်းတနေရာ(ဓါတ်ပုုံ-စည်သူ)

အရင်ကဆိုရင် သဲတောင်ကို မိသားစုအလိုက် အလုပ်လာလုပ်ကြတယ်။ ခုနောက်ပိုင်းမှာတော့ သဲကျင်းမှာ လူနဲ့ အလုပ်လာလုပ်သူနည်းသွားပြီး တရားဝင်နာမည်နဲ့ ကျင်း ၄ဝ ကျော် ရှိနေပေမယ့် အခု အမျိုးသမီးတွေ လာလုပ်လို့ ရတဲ့ကျင်းက နည်းသွားပါတယ်။

အမျိုးသမီးတွေ လုပ်နိုင်ကျင်းနည်းသွားပေမယ့် လက်ရှိမှာ အမျိုးသမီးတွေကို လက်ခံလုပ်ပေးနေတဲ့ ကျင်းပိုင်ရှင်ကတော့ ကျင်းအတွက် ဘက်ဖိုးတွေရှိတာ အဆင်ပြေပေမယ့် နေ့စား အလုပ်လာလုပ်တဲ့ သူတွေအတွက် စိန်ခေါ်မှုတွေရှိလာတယ်။

ကျင်းပိုင်ရှင် တဦးက “အရင်တုန်းက ဘယ်ဖိုးတွေမရှိခင်တုန်းကတော့ ယန္တရာတွေ မရှိခင်တုန်းကတော့ များတာပေါ့နော်။ အပျိုမတွေရော ဒီလိုမျိုး အိမ်ထောင်သည်တွေရော အများကြီးတော့ လာကြတယ်။”လို့ သူက ပြောပါတယ်။

အရင်နှစ်တွေမှာ သဲတောင်ပေါ်ကိုလာပြီး အလုပ်လုပ်နေတဲ့သူတွေ များနေပေမယ့် ဒီနှစ်မှာတော့ စက်ယန္တယားတွေဝင်လာတဲ့အတွက် ဈေးရောင်း၊ ငါးရောင်း၊ ပန်းရံ၊ ဂျပန်းနဲ့ အုတ်ရိုက်တာတွေကို ရှာလုပ်လာကြရပါတယ်။

သဲဈေးနှုန်းများ ဖေါ်ပြထားသော ဆိုုင်းဘုုတ်(ဓါတ်ပုုံ-စည်သူ)

အဒေါ်နဲ့နယ်ဦးက အခုလို သဲကျင်းတွေထဲမှာ ဖုန်တထောင်းထောင်း နေပူကျဲကျဲနဲ့ အလုပ်လုပ်ပြီး ငွေရှာတာ နှစ်နှစ်ရှိသွားပြီလိုု့ဆိုုပါတယ်။

တနင်္ဂနွေနေ့ကလွဲရင် နေ့စဉ် နေအပူရှိန်အောက်မှာ ပင်ပင်ပန်းပန်းနဲ့ ချွေးတွေက ခြေမအထိ ကျပြီး သဲမှုန့်တွေကို နေ့စဉ် ရှူရှိုက်ရပါတယ်။

ဒေါ်နဲ့နယ်ဦးတစ်ယောက်မှာ နားနေခိုက်မှာတောင် ကျမနဲ့ စကားပြောနေရင်း မောနေတဲ့ဒါဏ်ကြောင့် အသံက ကတုန်ကယင် ဖြစ်နေရှာပါတယ်။ သဲတောင်မှာ မနက် ရ နာရီကနေစပြီး ည ၅ နာရီအထိ သူ အလုပ်လုပ်ရပါတယ်။

ခင်ပွန်းဖြစ်သူက ယခင် သဲတူးရင်း သဲပြိုကျပြီး သဲတွေနဲ့ပိနေခဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်အမြန် ဆယ်ထုတ်ပေးခဲ့ကြတဲ့အတွက် အသက်ရှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

သဲတောင်မှာ ဝမ်းရေးအတွက် လုုပ်ကိုုင်နေတဲ့ အမျိုးသမီး အလုုပ်သမားများ(ဓါတ်ပုုံ-စည်သူ)

သဲပြိုမိခဲ့တဲ့ ဒဏ်ကြောင့် ယခုချိန်ထိ သူ့ခင်ပွန်းက နာမကျန်းဖြစ်နေရပြီး အိမ်မှာနားနေရတယ်။ ဒီလိုနဲ့ ဒေါ်နဲ့နယ်ဦးက အိမ်ထောင်ဦးစီးအလုပ်တွေမှန်သမျှ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ဖို့ ဖန်လာတယ်။

“အဲဒီ သဲပြိုမိတဲ့ ဒါဏ်တွေလဲ သူအခုခံနေရတာလေ သူအဲလိုတူးတူးရင်းနဲ့ သဲပြိုမိတော့ ညှပ်ပြီးမြုပ်သွားတာလေ သူ့အဖေါ်တွေပြန်ဖေါ်တော့ အဲဒီခါး လမ်းလျှောက်လို့ မရတော့ဘူး ” လို့ ဒေါ်နဲ့နယ်ဦးက ပြောပြပါတယ်။

တစ်နေ့လုပ်တစ်နေ့စားရတဲ့ ဘဝကြောင့် ဆေးမကုနိုင်ဘဲ အိမ်တွင် ဆေးဖက်ဝင်အရွက်ပြုတ်ရည် ကိုသာမှီခိုအားထားနေရရှာပါတယ်။

အခုလို အပြင်အလုပ်လုပ်နေတာ သဲတောင်မှာ နေ့စား အလုပ်လုပ်ရတာထက် ဝင်ငွေနည်းနေတယ်လို့လည်း ပြောကြပါတယ်။

ဒီးမော့ဆိုမြို့ ဒေါတမငယ် ရပ်ကွက်က အုတ်ဘလောက်ရိုက်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကလေး ၃ ယောက်မိခင် မော်ရှေးမိုးက “ကျမက ကလေး ၃ယောက်ရှိတော့ အခက်အခဲရှိတယ်။ ဘယ်လိုအခက်အခဲရှိလဲဆိုရင် တစ်ရက်လုပ် တစ်ရက်စား အဲလိုပဲ။ အရင်တုန်းကဆိုရင် သဲတောင်တက်ပြီး လက်နဲ့ပဲ တူးတယ်။ အခု ဘက်ဖိုးတွေရှိလာတော့ ကျမ မတက်တော့ဘူး။ အုတ်ဘလောက်တွေ ရိုက်တယ်။ တစ်ရက်တစ်ရက်ကို နည်းနည်းပဲ ရိုက်ရတယ်။ တစ်ရက်ကို ၁၅ဝ လုံးပဲ ရိုက်ရတယ်။ အရမ်းပင်ပန်းတယ်။ အရင်တုန်းက သဲတောင်တက်ပြီး ဒဏ်တွေကျန်ခဲ့တယ်။ အလုပ်သိပ်မလုပ်နိုင်တော့ဘူး”လို့ သူက ပြောတယ်။

သဲတောင်မြင်ကွင်း(ဓါတ်ပုုံ-စည်သူ)

ဒီအိမ်ရှင်မတွေဟာ မိခင်ဖြစ်တဲ့အလျှောက် မိသားစုရဲ့ စားဝတ်နေရေး၊ သားသမီးရဲ့ ရှေ့ရေး၊ ပညာရေး ၊ ကျန်းမာရေး စတာတွေအတွက် စိုးရိမ်ပူပန်ပြီး မိသားစုအတွက် စားစရာ လုံလုံလောက်လောက်ရှိတဲ့အချိန်ဟာ သူမတို့အတွက် အပျော်ရွင်ရဆုံး အချိန်နဲ့ ကလေးတွေကို စားစရာတွေ မကျွေးနိုုင်တဲ့အချိန်မှာ စိတ်အဆင်းရဲမှုတွေ ရရှိစေတယ်။

မော်မီမြာကတော့ “ အမေတစ်ယောက်ဖြစ်တဲ့အတွက် အိမ်မှာ စားစရာ နည်းနည်းပဲရှိတဲ့အချိန် သားသမီးတွေ ငတ်မှာ စိုးရိမ်တဲ့စိတ်နဲ့ ကြိုးစားပြီး အလုပ်လုပ်ရတာပေါ့။ ”

အိမ်ရှင်မတွေအတွက် သဲတောင်ကအလုပ်ဟာ အလွန်ကြမ်းတမ်းလှတယ်လို့ဆိုနိုင်ပေမဲ့ သဲတောင်ရှိနေသ၍တော့ မိသားစုစားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ပညာရေးအတွက် များစွာအထောက်အကူပြုနေဦးမှာပါ။

ဒါပေမဲ့ သူတို့လိုအိမ်ရှင်မ အမျိုးသမီးတွေအတွက် တခြားအလုပ်အကိုင်အခွင့်အလမ်း ရှိလာစေဖို့အားလုံးနဲ့လည်း သက်ဆိုင်နေတယ်မဟုတ်လား။

အိမ်တွင်းအလုပ်တစ်ဖက် သားရေးသမီးရေးအတွက် ပညာရေး ၊ ဝမ်းစာရေး တစ်ဖက်နဲ့ အသက်အန္တရာယ်ရှိတဲ့ ဒီသဲတောင် သဲကျင်းတွေထဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ငွေရှာနေကြတဲ့ သူတိုု့တွေက အာဃမိန်းမသားတွေပါပဲလိုု့ ကျွန်မ ကောက်ချက်ချလိုုက်ပါတယ်။

spot_img
spot_img

Recent posts