spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရောက်တဲ့နေရာမှာ အစဉ်အလာမပျက် ရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ ပြုလုပ်ကြတဲ့ ကရင်နီစစ်ရှောင်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ကရင်နီပြည်က ရွေ့ပြောင်းနေထိုင်သူ စစ်ဘေးရှောင်တွေဟာ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ရောက်ရှိတဲ့နေရာကနေ အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယမန်နေ့ (ဧပြီလ ၆ ရက်နေ့) က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာမှာ ကရင်နီရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်မှာ ခါတိုင်းနှစ်တွေလို ဖားစည်၊ ဗုံ၊မောင်းတွေ တီးခတ်သံတွေတော့ မကြားရပါဘူး။

လက်ရှိ စစ်ရေးအခြေအနေ ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့ နယ် မှာ ခါတိုင်းနှစ်တွေလို ပွဲတော်ကျင်းပဖို့ အတွက်ကတော့ စိုးရိမ်စရာ အနေအထားမှာရှိတာကြောင့် တိတ်တဆိတ် နဲ့ အကျဉ်းချုံးသာ ပြုလုပ်ကြတာပါ။

“ဒီကနေ့ ပြုလုပ်တဲ့ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဥ်မယ်ဆိုရင် အရင်တုန်းကဆိုရင် အုပ်စုလိုက် လာကြတယ်။ ပြီးတော့ တံခွန်တိုင်မှာ ပူဇော်ကြတယ်။ အိမ်တိုင်းကို ရိုးရာအကတွေနဲ့ လိုက်ကကြတယ်။ ဒီနေ့မှာတော့ မလာရဲကြတော့ဘူး။ ရွာထဲမှာလည်း ဖားစည်လည်း မတီးရဲတော့ဘူး။ ရွာလည်း မလည်ရဲတော့ဘူး ဖြစ်သွားတယ်” လို့ ကျေးရွာခံ အမျိုးသမီး မော်ငါးမြာက ပြောပါတယ်။

အဲဒီပွဲကို တိုက်ပွဲကြောင့် နေရပ်ကို စွန့်ခွာခဲ့ရတဲ့ ဒေါကလော်ဒူအုပ်စုက ကျေးရွာ ပေါင်း (၆) ရွာက ဒေသခံတွေကလည်း ရိုးရာမပျက် ပါဝင်ကြပါတယ်။

သက်ဆိုင်တဲ့ မိမိရွာတွေမှာ မကျင်းပနိုင်တော့ပေမယ့်လည်း ဒီပွဲတော်မှာ လာရောက်ပူးပေါင်းပြီး ပြုလုပ်ကြရတယ်လို့ ဒေါကလော်ဒူအုပ်စုက အသက် ၅၀ အရွယ် တံခွန်တိုင်ကိုးကွယ်သူ ခူးတီရယ်က ပြောပါတယ်။

“တိုက်ပွဲ တွေရှိလို့ ရွာပြန်လို့ မရတော့ဘူး။ ကျေးရွာပေါင်း (၆)လောက်က ရွာမပြန်နိုင်ကြတော့ဘူး။ ကျနော်တို့လည်း ပြန်လို့မရတော့ဘူး။ အဲ့တာကြောင့် ကျနော်တို့ မိတ်ဆွေရွာမှာ အတူတူလာပူးပေါင်းပြီး ပြုလုပ်ရတာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။

ကရင်နီပြည်မှာတော့ တိုက်ပွဲတွေ ဘယ်လောက်ပဲ ရှိနေပါလေ့စေ၊ ကရင်နီလူမျိုးတွေကတော့ မိမိတို့ရဲ့ ရိုးရာဓလေ့ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတဲ့ အသိက လူတိုင်းရင်မှာ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကရင်နီတို့ရဲ့ တံခွန်တိုင်ပွဲတော်ကို ကေ့ထျိုးဘိုး ပွဲတော်အဖြစ်လူသိများကြသလို သျားအီးလှူး လို့လည်း ကရင်နီလို ခေါ်ဝေါ်ကြပါသေးတယ်။ ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပြတ် မတ်လ နဲ့ ဧပြီလ တွေမှာ ကျင်းပလေ့ရှိကြပါတယ်။

spot_img
spot_img

Recent posts