ကျော်စိုးသူ (လွှတ်တော်)
Economics Development ရေးသားသည်။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူကိုယ်စား ပြည်သူကရွေးကောက်တင်မြှောက်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အဆင့်ဆင့်မှ ထပ်မံရွေးချယ်တာဝန်ပေးအပ်သော အစိုးရများမှ ပြည်သူ့ကိုယ်စားစီမံအုပ်ချုပ်ရသောစနစ်ဖြစ်ပေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဌာန်းချက်အရလည်း အစိုးရသက်တမ်းမှာ ၅ နှစ်တစ်ခါသာ ဖြစ်ပေသည်။ လွှတ်တော်သက်တမ်းမှာ အစိုးရသက်တမ်းထက် ပို၍ စောပြီးဆုံးမှာ ဖြစ်ပြီး အစိုးရသက်တမ်းမှာမူ ယခင် ဘတ်ဂျက်နှစ်ကုန်ဆုံးကာလ ဖြစ်သော ဧပြီ ၁ တွင် ဖြစ်ပေသည်။
ယခုနှစ် ရွေးကောက်ပွဲသည် ပုံမှန်ထက် စော၍ ကျင်းပနိုင်သည့် အခြေအနေတွင် ရှိတာကို သုံးသပ်မိသလို လွှတ်တော်စည်းဝေးများလည်း စောလျှင်စွာ ခေါ်ယူရပေလိမ့်မည်။ သို့ရာတွင် အစိုးရအလွဲအပြောင်းကာလမှာမူ ယခင်အတိုင်း ဧပြီ ၁ ရက်နေ့ပင် ဖြစ်ပါလိမ့်မည်။ ဒါကြောင့် လွှတ်တော်အသစ်နှင့် အစိုးရဟောင်း ကာလမှာ ၄ လကျော်နီးပါး ကြုံတွေ့မှာဖြစ်သလို အဆိုပါကာလ အစိုးရနှင့်လွှတ်တော် ပွတ်တိုက်မှုတွေမှာလည်း ပိုမို ပြင်းထန်လာနိုင်ပေသည်။
ဒီမိုကရေစီစနစ်တွင် မဲရလာဒ်ကသာ အဆုံးအဖြတ်ပေးမည့် အချက်ဖြစ်သလို အဆိုပါ မဲရလာဒ်ကလည်း ယခင်ရွေးကောက်ပွဲတုန်းက ပြည်သူကို ပေးခဲ့တဲ့ ကတိကဝတ်များ အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ ဆိုသည့် အချက်ကလည်း မဲရလာဒ်အပေါ် အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ သို့မှသာ နောက်လာမည့် ရွေးကောက်ပွဲများတွင် ပြည်သူကို ပို၍ ကတိတည်ပြီး လုပ်ကိုင်နိုင်စွမ်းရှိသော ကိုယ်စားလှယ်များ၊ အစိုးရများ ရရှိလာမှာဖြစ်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ၅၈% ကျော်ဖြင့် အနိုင်ရခဲ့ပြီး ပြည်ထောင်စုအစိုးရဖွဲ့စည်းခွင့် ရရှိခဲ့သလို ထိုမှတဆင့် ဒေသအစိုးရများကိုလည်း ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပေသည်။ သို့ရာတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်လွှတ်တော်များတွင်မူ အများစုအနိုင်ရသည်မှာ ဒေသခံတိုင်းရင်းသားပါတီ များဖြစ်ပြီး ဒေသအစိုးရကိုတော့ ပြည်ထောင်စုတွင်အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ထပ်မံဖွ့ဲစည်းခဲ့တာကို တွေ့ရပေသည်။ ထိုအချက်ကြောင့်လည်း ယခုပြုလုပ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တိုင်းရင်းသားပါတီများမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် အားထည့် ဆောင်ရွက်နေကြတာကို တွေ့ရပေသည်။
၂၀၂၀ တွင်တော့ မည်သည့်ပါတီမှ သောင်ပြုကမ်းပြို မနိုင်နိုင်ပဲ ရွေးကောက်ပွဲရလာဒ်မှာ မှန်းဆရခက်ပေလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲ ပုံစံနှင့်တော့ လုံးဝမတူနိုင်တော့ပေ။ ပြည်သူများ၏ မဲပေးသော ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များ ပြောင်းလဲလာမှာ ဖြစ်သလို ယခင်လို အမှန်တစ်ကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ဟူသော ဆောင်ပုဒ်ဟောင်းများက အလုပ်မဖြစ်နိုင်တော့ပေ။ ရွေးကောက်ခံကိုယ်စားလှယ်၏ အရည်အချင်းကို ပြည်သူလူထုက ထည့်သွင်းစဉ်းစားလာမှာဖြစ်သလို တိုင်းရင်းသားပါတီများစုပေါင်းလာခြင်း ကလည်း ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲစေမှာဖြစ်ပေသည်။
အစိုးရအဖွဲ့ဆိုတာကလည်း အများစုက ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရခြင်း ဖြစ်သောကြောင့် အစိုးရစနစ် အောင်မြင်ဖို့ ရွေးကောက်ခံကိုယ်စားလှယ်အရည်အချင်းက အခရာ ကျပေသည်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်သော လွှတ်တော်အဆင့်ဆင့်အနေဖြင့်လည်း အစိုးရကို ထိန်းကျောင်းရာတွင် ရွေးကောက်ခံလွံှတ်တော်ကိုယ်စားလှယ်များ၏ အားဖြင့်သာ လွှတ်တော်တွင်း မေးခွန်းနှင့် အဆိုများဖြင့် ဝေဖန်ထောက်ပြထိန်းကျောင်း ရနိုင်ပေသည်။ ရေးရာကော်မတီ များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းကလည်း အစိုးရကို ထိန်းကျောင်းရာတွင် ထိရောက်စေပါလိမ့်မည်။
အရည်အချင်းရှိပြီးထက်မြက်သော ကိုယ်စားလှယ်များဖြင့်သာ အစိုးရ၊ လွှတ်တော်နဲ့ တရားရေးဆိုသော မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်းနိုင်သော မျှခြေစနစ်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပေသည်။ ထိုမှ တစ်ဖန် အင်စတီကျူးရှင်းတွေ အားကောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးများကို စနစ်တကျ ကိုင်တွယ် ဖြေရှင်း ပြောင်းလဲရပေလိမ့်မည်။ ထိုအရာများကို ရွေးကောက်ခံကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကသာ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပေသည်။
ဒါကြောင့် နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲအတွက်ပြင်ဆင်ထားဖို့ လိုသလို ရွေးကောက်ပွဲပြီး ကာလများအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတွင် အစိုးရဖွဲ့ဖို့ လိုသလောက် မဲမရလျင် မည်ကဲ့သို့သော အစီအစဉ်တွေ ကြိုပြင်ထားသလဲ ဆိုတာက အရေးကြီးဆုံး အချက်ပင် ဖြစ်ပါလိမ့်မည်။
တစ်ပါတီ အစိုးရကတော့ % အလွန်နည်းမှာ ဖြစ်သလို ညွှန့်ပေါင်းသာ ဖြစ်နိုင်ပါတော့မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်နိုင် မပြင်နိုင် ခြင်းကလည်း ရွေးကောက်ပွဲအတွက်အလွန် အရေးပါသလို ဖယ်ဒရယ်ခရီး အတွက် အဓိကကျပေလိမ့်မည်။
ရွေးကောက်ပွဲ တရားမျှတဖို့နဲ့ အာဏာအသုံးချ မဲဆွယ်ခြင်းများ မဖြစ်အောင် အားလုံး ပါဝင်စောင့်ကြည့် ဖို့ လိုအပ်ပေလိမ့်မည်။ ထိုအချက်ကတော့ အာဏာလက်ဝယ်ကိုင်ထားသူတို့၏ ရွေးကောက်ပွဲ ဆိုင်ရာ တရားမျှတလိုစိတ်ကသာ အဓိကဖြစ်ပေလိမ့်မည်။ ဘာပဲပြောပြော သေချာတာကတော့ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ နှင့် လုံးဝမတူပဲ ကွဲပြားမှာ ဖြစ်သလို ထွက်ပေါ်လာမည့် ရလာဒ်များမှာလည်း မှန်းဆရခက်ပေလိမ့်မည် ။
ဒါကြောင့် ၂၀၂၀ တွင် မည်ကဲ့သို့သော ရလာဒ်ထွက်ပေါ်လာသည်ဖြစ်စေ အကူးအပြောင်းကို ညင်ညင်သာသာ ကူးပြောင်းနိုင်ဖို့သာလိုပေလိမ့်မည်။ မည်သည့် ပါတီမှ သောင်ပြိုကမ်းပြိုမနိုင်နိုင်သောကြောင့် ညွှန့်ပေါင်းအစိုးရ ဖြစ်ပေလိမ့်မယ်။ ထိုမှသာလည်း မြန်မာပြည်လို တိုင်းရင်းသားလူမျိုးစု များပြားလွန်းသော နိုင်ငံနှင့် ကိုက်ညီသော တပ်ပေါင်းစုဒီမိုကရေစီကို မြင်တွေ့ရနိုင်ပေသည်။ တပ်ပေါင်းစု ဒီမိုကရေစီကသာ ဖယ်ဒရယ်စနစ်အောင်မြင်ဖို့ အခရာကျပေလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ရသည်မှာ မလုပ်ဖူးသော အလုပ်တစ်ခုကို စတင်လုပ်နေရသကဲ့သို့ ခက်ခဲလှပေသည်။ အထူးသဖြင့် ဖယ်ဒရယ်ဒီမိုကရေစီနှင့် ကိုက်ညီသော ဗျူရိုကရေစီအုပ်ချုပ်ရေးစနစ်ကို မတည်ဆောက်နိုင်လျှင် မည်သည့်အနိုင်ရပါတီမှ ၎င်းတို့၏ ကတိကဝတ်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
ဖယ်ဒရယ်ဒီမိုကရေစီနှင့် ကိုက်ညီသောအုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နိုင်စွမ်းမရှိသော ရွေးကောက်ခံကိုယ်စားလှယ်များကို ရွေးချယ်မိလျှင် ၅ နှစ်တခါသာ အစိုးရပြောင်းသွားပြီး နိုင်ငံနှင့်ပြည်သူမှာ ဒုံရင်းပဲဖြစ်မည့် အဖြစ်ကို သတိချပ်စေဖို့ မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။