spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းတောင်မှာ တိုက်ပွဲပြင်းထန်တာ ၃ လကျော်ကြာမြင့်လာ၊ လက်ရှိ တောင်စလုံးကျေးရွာထဲကို စစ်ကောင်စီဝင်ရောက်တပ်စွဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖက်မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲပြင်းထန်လာခဲ့တာ ယခုအချိန်ထိဆိုရင် ၃လကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေက ဆက်လက်ထိုးစစ်ဆင်​နေ ပြီး တောင်စလုံးကျေးရွာထဲမှာ တပ်စွဲနေတာရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ အဲဖက်မှာတော့ အခုချိန်ထိ တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်နဲ့လာပြီးတော့ တိုက်ခိုက်နေတုန်း ဆိုတာမျိုးပေါ့။ ဒီတစ်ခုကိုတော့ ကျနော်တို့ ပြောနိုင်တယ်။ (စစ်ကောင်စီ)တောင်စလုံးကျေးရွာထဲမှာ လှုပ်ရှားနေတယ် ပြောလို့ရတယ်။ လက်ရှိတော့ စစ်ကောင်စီက နှစ်ကြောင်းလို့ ပြောလို့ရတယ်ပေါ့နော။ တောင်စလုံးဖက်ကနေ တစ်ကြောင်း လွယ်လုံဖက်ကနေ တစ်ကြောင်းပေါ့။ နှစ်ကြောင်းပဲ ကျနော်မြင်သေးတယ်ပေါ့နော။“ လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေကြောင်းသုံးတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ နဲ့ အထက်ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့ကတည်းကနေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီဖက်က အနည်းဆုံး ၂၀၀ကျော် သေဆုံးမှုတွေရှိခဲ့သလို ပူးပေါင်းတပ်ဖက်က တပ်ဖွဲ့ဝင် ၁၅ဦးကနေ ၂၀ ဦးအကြား အကျအဆုံးရှိတယ်လို့ အဆိုပါ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ စစ်ကောင်စီတွေဖက်တော့ အဲ့မှာတော့ စကခ လက်အောက်ခံ (၂၄၇) တို့ (၂၄၈) တို့ အဲ့မှာထိုးတယ်။
ပြီးတော့ လွိုင်လင်လေးကနေတစ်ဆင့်ဆိုလို့ရှိရင် တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း (၁၀) တို့ (၁၄) တို့ အဓိကထိုးတယ်။ ပြီးတော့မှ မိုးဗြဲဖက်မှာဆိုလို့ရှိရင်တော့ အလားတူ တပ်မ (၆၆) လက်အောက်ခံဘဲ ခလရ (၁၀) တို့ (၁၂) တို့ (၁၄) တို့ပေါ့လေး။ အဲ့မှာလည်း ၇ကြောင်း၊ ၈ကြောင်းပေါင်းပြီးတော့မှ ဒီပင်လောင်းဖက်ကို စစ်ကြောင်းထိုးနေတာဖြစ်တယ်။“ လို့ ဖယ်ခုံ-ပင်လောင်းဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ စစ်ရေးချုပ်ဖြစ်တဲ့ ခူးရီးဒူက မတ်လ (၁၃)ရက်နေ့က ကန္တာရဝတီတိုင်း(မ်)က မေးမြန်းတဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

ပင်လောင်းမြို့နယ်၊ လုံးပင်ကျေးရွာအုပ်စု၊ တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ လုံးပျဥ်ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၃၀၀)ကျော် ထိမှန်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ KNDF တပ်ရင်း (၁၁)က မေလ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

၃လကျော်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၀၀) နဲ့အထက် ရှိပြီး ဒေသခံကျေးရွာ နေအိမ်၊ ဆေးရုံ၊ ဆေးခန်း ၊ ဘာသာရေး အဆောက်အဦး တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှုတွေက တိုက်ပွဲအတွင်းသာမက တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုလည်း လေကြောင်းပစ်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ လေကြောင်းကနေ အသုံးပြုတိုက်ခိုက်တဲ့လက်နက်တွေကတော့ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးသီးတွေ၊ ၁၂၀မမ တွေဖြစ်ပြီး လေယာဉ်ပေါ်ကနေ ပွိုင့်အိတ်(point 8) တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

တိုက်ပွဲကာလရှည်ကြာလာသလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ ကျနော်တို့က ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သားပြောလို့ရတာပေါ့။အခုချိန်မှာ ကျနော်တို့ရဲ့
အားကိုးအားထားရာ မှီခိုရာဆိုရင် ပြည်သူပဲရှိတာပေါ့။ ကျနော်တို့လည်း ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့အတွက်ပေါ့နော။ ကျနော်တို့ဖက်မှာလည်း သုံးလလုံး တိုက်ပွဲမဖြစ်တဲ့ ရက်ဆို လုံးဝ ခပ်နည်းနည်းပေါ့။ စစ်အသုံးစရိတ်တွေ၊ တခြားဆေးဝါးတွေ ၊ ရိက္ခာတွေ အများကြီးလိုအပ်ပါတယ်။ ကျနော်တို့မှ မဟုတ်ပဲ တကယ်ဝင်နေတဲ့ KNDF ၁၁တို့ ၂၂ တို့ပေါ့။ တခြားအဖွဲ့အစည်းတို့ ဆေးတပ်တို့လည်း အများကြီး အခက်ခဲဖြစ်ပါတယ်။ “ လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စုမှာရှိတဲ့ လဲချားကျေးရွာ ဒေသခံကျေးရွာသားတွေကိုလည်း ဧပြီလ ၂၅ရက်နေ့တုန်းက စစ်ကောင်စီကနေ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကို KNDF ဖယ်ခုံတပ်ရင်းက ဒရုန်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာတွေ ရှိပါတယ်။ ကျေးရွာသားတစ်ဦးကို နှိပ်စက် သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတစ်ခုကိုလည်း
ပူးပေါင်းတပ်ဖွဲ့တွေက တွေ့ရှိခဲ့ပါတယ်။

ဖယ်ခုံ-ပင်လောင်းနယ်စပ်က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
KNDFတပ်ရင်း (၁၁)၊ တပ်ရင်း(၂၂) ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊
ရှမ်းတောင်ပိုင်း တော်လှန်ရေးအင်အားစုနဲ့ တခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts