spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကျရောက်မှုကြားက တောင်သူတွေ လယ်ယာစပါးရိတ်သိမ်းနေရ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ တောင်ယာ၊ လယ်ယာအတွင်းမှာပါ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး မကြာခဏကျရောက်မှုရှိနေတဲ့ကြားက တောင်သူတွေဟာ စိုက်ပျိုးထားတဲ့လယ်ယာစပါးတွေကို ရိတ်သိမ်းနေကြရပါတယ်။

လယ်ကွင်းမှာ မပေါက်ကွဲသေးတဲ့ကျည်တချို့လည်းရှိနေတာကြောင့် စပါးရိတ်သိမ်းတဲ့အခါ မမြင်မိဘဲ စက်နဲ့တက်ကြိတ်မိပြီး ထိခိုက်သွားမှာကို စိုးရိမ်မှုရှိသလို လက်နက်ကြီးကျရောက်တာကိုလည်း နားစွင့်နေရတယ်လို့ စပါးရိတ်စက်မောင်းသူတစ်ဦးက ပြောပါတယ်။

“တချို့ စိုက်ပြီးသား လယ်တွေဆိုလည်း လက်နက်ကြီးကျတယ်။တချို့နေရာတွေ ကျတဲ့နေရာတွေဆိုလည်း စပါးရိတ်သာရိတ်နေရတာပေါ့နော်။ မကွဲတဲ့ အလုံးသွားနင်းမိမှာ သွားပြီး စက်နဲ့ သွားပြီးရိုက်မိမှာဘာတွေ အဲ့လိုမျိုး ရင်တွေတထိပ်ထိပ်နဲ့ ရိတ်နေရတယ်ပေါ့။ အဲ့လိုမျိုး အခက်အခဲတွေ အများကြီး ရှိတယ်။ နောက်တခု ကျနော်တို့ ဒီမှာ စပါးလာရိတ်တာလည်း ရိတ်သာရိတ်နေရတာ ကျနော်တို့က ဒီ ရှင်းရှင်းပြောမယ်ဆို ကျနော်တို့က တောထဲတောင်ထဲတွေမှာ သွားအိပ်နေရတာပေါ့။ အိမ်မှာဆို မအိပ်ရဲဘူး။ ဘာလို့ဆိုလက်နက်ကြီးက အချိန်မရွေးလာနိုင်တယ်။ အခုဒီမှာ ရိတ်တာလည်း လက်နက်ကြီးလည်း အချိန်မရွေး လာနိုင်တယ်။ ဆိုတဲ့အခါကျတော့ နားစွင့်ပြီးမှ အလုပ်လုပ်နေရတယ်။ ဒီလိုမျိုး အခက်အခဲတွေ အများကြီး ရှိလာတယ်ပေါ့နော်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်။”လို့ သူက ပြောပါတယ်။

တောင်သူအချို့ကတော့ လက်နက်ကြီးကျထားတဲ့ နေရာတစ်ဝိုက်က လယ်ကွက်တွေကို မရိတ်သိမ်းတော့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေသလို ဓာတ်မြေဩဇာဖိုးမတတ်နိုင်တာကြောင့် တောင်သူတွေအနေနဲ့ ၁၀ဧကရှိတဲ့လယ်ကို ၅ဧကလောက်သာ စိုက်ပျိုးနိုင်ကြပြီး စပါးအထွက်နည်းတယ်လို့ ဆိုကြပါတယ်။ စစ်ဘေးရှောင်နေရတာတစ်ဖက် စိုက်ပျိုးထားတဲ့စပါးခင်းကို အချိန်ပြည့်မကြည့်နိုင်တာကြောင့် အထွက်နှုန်းနည်းနိုင်တယ်လို့ တောင်သူ ဦးငါးရယ်က ပြောပါတယ်။

“ပြီးခဲ့နှစ်တွေဆို ကျနော့်ဟာက အိတ် ၁၀၀ ရတယ်ဆို ဒီတစ်နှစ်ကတော့ လုံးဝ စိတ်မချရတော့ဘူး။ ဒီတစ်နှစ်ကတော့ ၅၀ ဒါမှမဟုတ် ၆၀ အဲ့လောက်ပဲရတော့မယ်။ အများကြီး ကျသွားတယ်။ ဘာလို့ကျတာလည်းဆိုရင် မြေဆီလွှာတွေ ကျနော်တို့ မကျွေးနိုင်တော့ မြေသြဇာတွေ ကျနော်တို့ မဝယ်နိုင်တော့ဘူး။ တကယ်လို့ ဝယ်မယ်ဆိုရင်လည်း ကျနော်တို့ စားဖို့သောက်ဖို့ ကွမ်းယာသော်လည်းကောင်း ဆီသော်လည်းကောင်း ဆား ငရုတ်သော်လည်းကောင်း ဝယ်ဖို့ မရှိတော့ဘူး။ တကယ်လို့ စားဖို့သောက်ဖို့ မဝယ်ပြန်ဘူးဆိုလည်း ခက်ပြန်တယ်။ တကယ်လို့ ဝယ်မယ်ဆိုရင်လည်း မြေသြဇာဖိုးလည်း ခက်ပြန်ရော။ အရမ်းကို အခက်အခဲ ဖြစ်တယ်။ မြေသြဇာကို မထည့်နိုင်တော့ အကုန်လုံးကတော့ ကျသွားတယ်ပေါ့။ ဒီနှစ်တော့ ပိုပိုလျှံလျှံ အရင်နှစ်တွေလိုမျိုးတော့ မရနိင်တော့ဘူး။ ကျဖို့ပဲ ရှိတယ်။”လို့ ဦးငါးရယ် ကပြောပါတယ်။

လက်နက်ကြီးကျရောက်မှာကို စိုးရိမ်ပူနေရတာကြောင့် စပါးရိတ်သိမ်းစက်ကိုသာ အသုံးပြုကြပြီး ယခင်က တစ်ဧကကို ၆သောင်းဝန်းကျင်သာပေးရပေမယ့် စက်သုံးဆီမြင့်တက်တာကြောင့် ဒီနှစ်မှာတော့ တစ်သိန်းကျပ်အထိ ပေးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပါးချွေစက်ကို တစ်အိတ်ကို တစ်ထောင်ကျပ်ပေးဆောင်ရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts