spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လမ်းလျှောက်ရင်း လမ်းပျောက်နေသူ

Author

Date

Category

ဘိုထီး (ငွေတောင်ပြည်)

ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တယ် မနိုင်ဘူးဆိုတာ ကြိုတင်မသိရှိရပဲ ဖြေရှင်းပေးနိုင်တယ်လို့ လွယ်လွယ်နှင့် ကတိပေးတတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုအထင်ကြီး တတ်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူ ဘယ်သူမဆို များသောအားဖြင့် သူတို့ရဲ့ ဘဝခရီးလမ်းဟာ ဖြောင့်ဖြူးတယ်ဆိုတာ မရှိပါဘူး။

ဘာကြောင့်လဲဆိုရင် ဆူးငြှောင့်ခလုတ်တွေ ထူထပ်ပေါများတဲ့ တောလမ်းတစ်ခုကို ကတ္တီပါဖိနပ်စီးပြီး လျှောက်လှမ်းနေလို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနှင့် ပတ်သက်ရင် တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကို တာဝန်အရှိဆုံးအဖွဲ့လို့ ဘာကြောင့်ပြောရလဲဆိုရင် “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးပါဆိုပြီး ပြည်သူကို ကတိပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

သူတို့အဖွဲ့တာဝန်ယူတာ အခုဆိုရင် သုံးနှစ်ကျော်နေပြီ။ အမှန်တကယ်ပြောင်းလဲ နေပြီလား။ မပြောင်းလဲသေးဘူးလားဆိုရင် လူမှာကတိ၊ မင်းမှာသစ္စာ ဆိုတဲ့စကားအတိုင်း သူတို့မှာ တာဝန်အပြည့်အဝ ရှိသေးတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူတဲ့ သုံးနှစ်ကျော်ကာလမှာ ၂၀၀၈ အခြေခံဥပဒေအပေါ် ဝေဖန်ပြောဆိုတာတွေ၊ ပြီးခဲ့တဲ့ အစိုးရအပေါ် ဘော်လီဘောပုတ်တာတွေဟာ ပေးတဲ့ကတိနှင့် အစားထိုးဖို့ ကြိုးစားနေတာသာ ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်ထားသလို ဖြစ်မလာတာနှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ဝင်းထွဋ်ဇော်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ လွှတ်တော်အတွေ့အကြုံရှိတဲ့သူက အနည်းစုပါ။ ကျန်လွှတ်တော်အများစုကတော့ ဘာလွှတ်တော် အတွေ့အကြုံမှ မရှိကြသူတွေပါ။ သူတို့ထဲမှာ နေပြည်တော်လွှတ်တော်ဝင်းထဲကို ရောက်ဖူးသူတွေတောင် အလွန်နည်းပါတယ်’’ ဆိုပြီး သူ့ရဲ့အမြင်ကို ရေးသားထားတာ ဖတ်ရှုလိုက်ရပါတယ်။

ဆောင်းပါးရှင်ရဲ့အမြင်နှင့် ဆောင်းပါးရှင်ရဲ့ရေးသားချက်တွေဟာ ပြည်သူတွေမျှော်လင့်သလို ဖြစ်မလာရခြင်းရဲ့ အဓိကအကြောင်းရင်း (သော့ချက်)ဖြစ်ပါတယ်။ အဲ့ဒီရေးသားချက်ဟာ ၂၀၂ဝ အတွက် သင်ခန်းစာများစွာ ရစေတဲ့ရေးသားချက်ပဲဖြစ်ပါတယ်။

လက်ရှိအရပ်သားအစိုးရအနေနဲ့ မနိုင်တဲ့ဝန်ကို ထမ်းနေရတယ်ဆိုရင် ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ပတ်သက်ပြီး ပြည်သူရဲ့အခန်းကဏ္ဍကို လေ့လာကြည့်တဲ့အခါ “သမီးတို့ဒေသမှာ စစ်ပွဲဖြစ်လို့ ပညာရေးနောက်ကျရပါတယ်ရှင့် “ ဆိုတာထက် မပိုတာကို တွေ့ရပါတယ်။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး “အမှန်တကယ် ပြောင်းလဲလုပ်ဆောင်မည်ဆိုပါက အစိုးရအဖွဲ့၏ ထိပ်ပိုင်းနေရာများတွင် တာဝန်ယူထားသူများသည် စီမံခန့်ခွဲမှုကို သေချာလုပ်ဆောင်ရန် လိုအပ်ကြောင်း” နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသွားပါတယ်။

ပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ပြည်သူ့အကျိုးထက် အဖွဲ့အစည်းအကျိုးကိုသာ ဦးစားပေးတဲ့ အချက်ပဲဖြစ်ပါတယ်။ ပြည်သူ့အကျိုးထက် အဖွဲ့အစည်းအကျိုးကိုသာ ဦးစားပေးနေသရွေ့ ရွေးကောက်ပွဲ နီးလာတဲ့အခါတိုင်း ပြည်သူကို ကတိအမျိုးမျိုးပေးတာထက် ပိုပြီးထူးခြားတဲ့ တိုးတက်မှုရှိလာမှာ မဟုတ်ပါဘူး။

ပြည်သူအကျိုးထက် အဖွဲ့အစည်းအကျိုးကို ဦးစားပေးတဲ့သူဟာ ရောက်လာမည့် ရွေးကောက်ပွဲကိုသာကြည့်ပြီး၊ အဖွဲ့အစည်းထက် ပြည်သူ့အကျိုးကို ဦးစားပေးတဲ့သူဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကြည့်တဲ့သူဖြစ်ပါတယ်။

တနည်းအားဖြင့် အဖွဲ့အစည်းအကျိုးကို လုပ်ဆောင်တဲ့သူဟာ မျက်တောင်မွှေးတစ်ဆုံးသာ ကြည့်သူဖြစ်ပြီး ပြည်သူအကျိုးကို လုပ်ဆောင်တဲ့သူဟာ တိုင်းပြည်၏ ရေရှည်အကျိုးကို အမြဲကြည့်တတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ ပြည်သူအကျိုးကို အမှန်တကယ်လုပ်ဆောင်တဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမဆို သူတို့ရဲ့ ဘဝခရီးလမ်းဟာ ဘယ်တော့အခါမှ ပျောက်ဆုံးမှာမဟုတ်ပါဘူး။

တစ်ဦးတစ်ယောက်အကျိုး၊ တစ်ဖွဲ့တစ်စည်းအကျိုးအတွက် ပြည်သူနှင့်မကြာခဏ ဆက်ဆံရေးပြတ်တောက်နေတဲ့ သူကသာ သူတို့လျှောက်နေတဲ့ ခရီးလမ်းက ပျောက်ဆုံးသွားမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ မှန်ကန်သည့် စေတနာစိတ်ထားကို ပိုင်ဆိုင်သူတွေအားလုံး ဘဝခရီးလမ်း ဖြောင့်ဖြူးနိုင်ပါစေ။

spot_img
spot_img

Recent posts