spot_img
Thursday, February 29, 2024
spot_imgspot_imgspot_imgspot_img

လူငယ်တွေ အကြွေစောသွားရတဲ့ မိုင်းတွင်း

Author

Date

Category

နော်ဒွေးအယ်ခူ၊ မူအက်စတာ

ကျင်းဆိုတဲ့အတိုင်း မှောင်မဲနေပြီး အလင်းရောင်ရဖို့အတွက် ခေါင်းမှာစွပ်ထားတဲ့ ဓတ်မီးရဲ့ အလင်းကို ယူပြီး ဖောက်လျက်စ ကျင်းထဲမှာ အခြား ဘဝတူ သူငယ်ချင်းတစ်ယောက်နဲ့ တူရွှင်းကို ကိုင်ပြီး အားသွန်ခွန်စိုက် ကျင်းဖောက်နေတဲ့ ကယန်းအမျိုးသား အသက် နှစ်ဆယ်ကျော်ကျော်သာရှိသေးတဲ့ စိန်ဘန်း။

သူဖောက်နေတဲ့ ကျင်းကတော့ မောချီးဒေသ (၁၃)ကုန်းလို့ ခေါ်ကြတဲ့ ယူကော်ခိုရွာရဲ့ KV1 ခဲလုပ်ကွက်တွေရှိတဲ့ နေရာထဲက တစ်နေရာပဲ ဖြစ်ပါတယ်။

“ဒီကို လာတာ သိပ်မကြာသေးဘူး သုံးပတ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်။ ဒီမှာ အလုပ်လုပ်တာ အဆင်ပြေတယ်။ ရွာမှာ အလုပ်သိပ်မရှိဘူး။ အချို့ဆို ခြံပဲ ကာတယ်။ ရွာကလူတွေ တော်တော်များများ ဒီမှာ အလုပ်လာလုပ်ကြတယ်။ ပိုက်ဆံလိုချင်လို့ လာကြတယ်။ ဒီနေရာ အလုပ် ပိုပေါ့တယ်။ ကျင်းလည်း ကောင်းတယ် ကျယ်တယ်။”လို့ စိန်ဘန်းက ပြောပါတယ်။

သူကတော့ ကယားပြည်နယ်ရဲ့ အနောက်ဖက်ခြမ်းဒေသက ခူးပရာ ကျေးရွာကပဲ ဖြစ်ပါတယ်။ မော်ချီးကို ရောက်လာတာ ရက်ပိုင်းပဲရှိသေးသလို ခဲကျင်းဖောက်တဲ့ လုပ်ငန်းမှာ လာရောက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

 အခုရာသီမှာဆိုရင် ရွာမှာက အလုပ်လုံးဝမရှိတာကြောင့် အလုပ်လာလုပ်ရတာလို့ သူကပြောပါတယ်။ ခဲကျင်းပိုင်ရှင်ဖြစ်သူရဲ့ တဲမှာပဲ နေထိုင်ရတာကြောင့် နေရထိုင်ရ အဆင်ပြေတယ်လို့ ပြောပါတယ်။ သူအပါအဝင် သူ့ရွာက

အလုပ်သမား ဆယ်ယောက်ကျော်ဟာဆိုရင် ခဲကျင်းမှာ အလုပ်လာလုပ်ကြတာပါ။

ခဲကျင်းနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို အများကြီး နားမလည်ပေမယ့် ခဲကျင်းဖောက်ရတာက ထင်သလောက် မခက်ဘဲ လုပ်ရတာ အဆင်ပြေတယ်လို့ သူက ပြောပါတယ်။

မော်ချီးဒေသဟာ ခဲသတ္တုများစွာ ထွက်တဲ့ ဒေသဖြစ်သလို ခဲနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ကြတဲ့သူတွေ များစွာရှိကြပါတယ်။ ခဲကျင်းဖောက်တာတွေ၊ ပုံနေတဲ့ ကျောက်တွေကြားမှာ ခဲသေးသေးတွေ ရှာပြီး ခဲကိုယူတာတွေ၊  ရလာတဲ့ ခဲတွေကို ရေနဲ့ ဆေးရတဲ့ ခဲဆေးတာတွေ စတဲ့ အရာတွေကို လုပ်နေကြတဲ့သူတွေ တစ်ပုံပါပဲ။

မော်ချီးဒေသမှာ နေထိုင်ကြတဲ့ ဒေသခံအများစုကလည်း ဒီ ခဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းကိုသာ လုပ်ကိုင်နေကြတဲ့သူတွေ အများအပြားပါ။ ရာသီ သီးနှံတွေ စိုက်ပျိုးမရတဲ့ ဒေသ ဖြစ်တာကြောင့် စိုက်ပျိုးရေး လုပ်ကိုင်ခြင်းမရှိပါဘူး။

မော်ချီးမိုင်းတွင်းမှာ ယမ်းဖောက်၊ ဂန်းထိုးစတဲ့အလုပ်တွေ လုပ်နေကြတဲ့ အလုပ်သမားတွေအများစု နေမကောင်းလို့ အိမ်ပြန်ရောက်လာရင် ဆေးရုံတက်ဆေးကုသမှုခံယူပြီး ရက်မကြာခင် သေဆုံးသွားရတဲ့သူတွေ အများကြီးရှိနေပါတယ်။

ဆေးရုံတက်ရင် တီဘီရောဂါလို့ပြောပြီး တီဘီဆေးတွေနဲ့ ကုပေးပါတယ်။ တကယ်တမ်း မိုင်းတွင်းမှာ ယမ်းဖောက်၊ ဂန်းထိုးတာကြာတော့ အဆုတ်တွေမှာ ဇကာပေါက်တွေဖြစ်ပြီး ချောင်းတွေဆိုးလာပါတယ်။ ချောင်းဆိုးတာတွေကြောင့်မို့ ဆေးရုံတက်ရင် တီဘီရောဂါဆေးတွေနဲ့ပဲ ကုသပေးကြတယ်လို့ဆိုပါတယ်။

သို့ပေမယ့် တီဘီဆေးတွေပေးပြီး ၆လလောက်သာခံပါတယ်၊ နောက်ဒီလူနာတွေ အသက်သေသွားကြပါတယ် လို့ အငြိမ်းစားကျန်းမာရေးဆရာမဖြစ်တဲ့ ဆရာဒေါ်မားဂရက်စိန်က ပြောပြချက်အရ သိရပါတယ်။

ဆရာမဒေါ်မားရက်စိန်ဟာဆိုရင် မောချီး ၁၃ ကုန်းမှာ ဆေးခန်းဖွင့်ထားတာဖြစ်ပြီး မရှိဆင်းရဲသားများကို အခမဲ့လိုက်ကုသပေးနေတဲ့ သူဖြစ်ပါတယ်။ ၎င်းဆေးခန်းအတွင်းမှာ ဆေးခန်းလာပြကြတဲ့ မောချီးက အလုပ်သမားတွေအကြောင်းနဲ့ပတ်သက်ပြီး အခုလို ထပ်မံရှင်းပြသွားပါတယ်။

“ခဲဆိပ်သင့်တဲ့သူ ၅ ယောက်လောက်တော့ ကုပီးသွားပီ စာရင်းရှိတယ် လူနာ အမည်၊ ကျင်းအုံနာ ထိခိုက်ခဲ့တဲ့နေရာတွေရဲ့ စာရင်းရှိတယ်။ ခဲဆိပ်သင့်လူနာက နေပြည်တော်က ဆရာဝန်ကြီးသတ်မှတ်ထားတာ တစ်ယောက်ပဲရှိတယ် ဒါပေမယ့် စက်ဖောက်ယမ်းခွဲလူနာကတော့ မရေတွက်နိင်ဘူး ဒီနှစ်ထဲမှာတော့ သေဆုံးတဲ့သူမရှိဘူး အရင်နှစ်ကတော့ ၅ယောက်လောက်ဆုံးတယ်။”

ကျေးရွာဒေသခံလူငယ်တွေအများစုလည်း မော်ချီးခဲကျင်းတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာ များပါတယ်။ ဒီလိုပဲ လူငယ်တွေဟာ နေမကောင်းလို့ပြန်လာကုကြတာ ဆေးရုံတွေက လက်မြောက်ခဲ့ရပြီး သေဆုံးသွားခဲ့ရတဲ့ လူငယ်တွေရှိနေပါတယ်။

မော်ချီးဒေသက ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ နေ့စဉ်ဆေးလာကုသူတွေ မနည်းပါဘူး။ အထူးသဖြင့်ချောင်းဆိုးတာတွေ အထွေထွေရောဂါတွေကို လာကုကြပါတယ်။ တစ်လတစ်လမှာ စက်ဖောက်ယမ်းခွဲနဲ့ အဲယားဂမ်း လူနာတွေတော့ အနည်းဆုံး ၁၂ယောက် ၁၃ယောက် လောက်ရှိတယ် ၁၅ယောက်လောက် အများဆုံးရှိတယ်။

မော်ချီးဒေသ ၁၃ကုန်းမှာလည်း ခဲလုပ်ရင်း ခဲဆိပ်သင့်နေတဲ့ လူနာတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် ဒီလူနာကတော့ သူ့ကိုစောင့်ရှောက်သူ မရှိတဲ့အတွက် အားတင်းပြီး အလုပ်ဆင်းနေရတယ်လို့ ဆိုပါတယ်။

အိမ်မှာလည်း ဘာမှမလှုပ်ရှားနိုင်တော့ဘဲ ဆေးကိုပဲ မှီဝဲနေရတဲ့ အဆင့်ပါ။ အချို့လူနာတွေကတော့ သဘာဝအတိုင်း အသက်ရှူရင် မဝလို့ အောက်စီဂျင်တွေကို စဉ်ဆက်မပြတ်ပေးနေရတဲ့ သူတွေလည်း ရှိပါတယ်။ နောက်ဆုံး အသက်ကယ်ဖို့အတွက် မြေကွက်တွေကို ခွဲရောင်းပြီး ဆေးကုနေကြပေမယ့် ငွေသာကုန်ပြီး အသက်ကိုတော့ မကယ်နိုင်ကြပါဘူး။ ဒီလိုအဖြစ်အပျက်ကြုံတွေ့ခဲ့ရတဲ့  သားတစ်ယောက်ဆုံးရှုံးသွားတဲ့ မိခင်တစ်ယောက်က ရင်ဖွင့်လို့ သိခဲ့ရတာပါ။

̏ဒီလိုဖြစ်မယ်မှန်းသိရင် သူ့ကိုမလွှတ်ပါဘူး၊ ဆေးမျိုးစုံကုပြီး အသက်ရှင်တယ်ဆိုရင်တစ်မျိုးပေါ့၊ အခုတော့ ပိုက်ဆံလည်းကုန် လူလည်းမရှိတာ့ဘူး˝ လို့ မိခင်ဖြစ်သူက ပြောပါတယ်။

̏ ဒီနေရာမှာ ကျင်းက ပြိုတော့မယ့်လက္ခဏာရှိနေတယ်ဆိုရင် ကိုယ့်ဘာကို ရှောင်ပြီးဂန်းထိုးပါ၊ တစ်ခုခုဖြစ်ရင် မသိဘူးနော ကိုယ့်ကျင်းအုံနာက အဲ့တိုင်းပြောတယ်၊ ကိုယ်လည်း ကြည့်ကြပ်ပြီးပဲ ထိုးရတယ်။˝လို့ မော်ချီးမိုင်းတွင်းမှာ မကြာခဏဂန်းထိုးအလုပ်သွားလုပ်နေတဲ့ မောင်သီဟနိုင်က ပြောပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ဘာမှမရရှိကြပါဘူး။

ဒီလိုလုပ်ငန်းခွင်ထိခိုက်မှုဘယ်လိုလျောကြေးတောင်းရမလဲ

ကယားပြည်နယ်မှာရှိနေကြတဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံအလုပ်သမားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုံခြုံရေးအခွင့်အရေးနဲ့ လုပ်ငန်းခွင်အတွင်းမှာ လုံခြုံစိတ်ချစွာလုပ်ကိုင်းနိုင်ဖို့ အန္တရာယ်ကြုံလာခဲ့မယ်ဆိုရင် ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့ အကြောင်းအရာတွေကို သိရှိဖို့လိုအပ်လာပါပြီ။

အလုပ်သမား လျော်ကြေးခံစားခွင့်တွေဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနပြည်နယ်ရုံးက ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့် ကပြောပါတယ်။

၁၉၂၃ခုနှစ်အလုပ်သမားလျော်ကြေး အက်ဥပဒေအရ အလုပ်သမားတစ်ဦးက ဥပဒေနှင့်အညီ အလုပ်ခွင်မှာမတော်တဆ ထိခိုက်ဒဏ်ရာရပြီးသေဆုံးသွားပါက် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးတဲ့သူ ဒါမှမဟုတ် အလုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိသူဆိုရင် အလုပ်သမားကိုယ်တိုင်သူ့ရဲ့ စားဝတ်နေရေး သက်သာချောင်ချိစေဖို့အတွက် အထောက်အပံ့ရရှိစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဒေါ်ခင်အေးမြင့်က ဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာရောဂါရရှိတယ်ဆိုရင်  သူသည်အလုပ်သမားလျော်ကြေးခံစားခွင့် ရှိ်တဲ့အတွက် အလုပ်သမားညွန်ကြားရေးဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သို့သော် ထိုသူသည် လူမှုဖူလုံရေးဥပဒေနှင့် အကြုံးမဝင်မှသာ အလုပ်သမားညွန်ကြားရေးဦးစီးဌာနနှင့် လျော်ကြေးဥပဒေနဲ့အကြုံးဝင်တာဖြစ်တယ်လို့သိရပါတယ်။

လူမှုဖူလုံရေးဥပဒေနဲ့ အကြုံးဝင်တယ်ဆိုရင် လူမှုဖူလုံရေးဥပဒေနဲ့သွားမှာဖြစ်ပြီး အကြုံးမဝင်ဘူးဆိုမှ အလုပ်သမားလျော်ကြေးဥပဒေအတိုင်းသွားမှာဖြစ်ပါတယ်။

 “အဲ့တာကလည်းထိခိုက်ဒဏ်ရာရပြီးတော့ သေဆုံးပြီးတော့ တစ်နှစ်အတွင်း လျောက်ထားရမယ်ပေါ့နော်” လို့ ဒေါ်ခင်အေးမြင့်က ပြောပါတယ်။

လျောက်ထားမည်ဆိုပါက အလုပ်သမားလျော်ကြေးစီစစ်ရေးကော်မတီဆိုတာက မြို့နယ်(၇)မြို့နယ်လုံးမှာ ဖွဲ့စည်းထားပါတယ် ဥပမာ ဥက္ကဌသည် အထွေထွေ အုပ်ချုပ်ရေးမှူး အလုပ်သမားညွန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိဒါမှမဟုတ် ဒုဦးစီး၊ အတွင်းရေးမှူးက မြို့နယ်ဆရာဝန် စတာတွေနဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

လက်ရှိဥပဒေ လက်ရှိနှုန်းထားကတော့ သေဆုံးတယ်ဆိုရင်အနည်းဆုံး  တစ်သိန်းခွဲကနေလေးသိန်းခွဲလျော်ကြေး သတ်မှတ်ထားပြီး အမြဲတမ်းမသန်စွမ်းမှုဖြစ်တယ်ဆိုရင် နှစ်သိန်းကနေခြောက်သိန်းအထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 သို့သော် လူတစ်ဦးတစ်ယောက်ရဲ့အသက်တန်ဖိုး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတန်ဖိုးက ဒီထက်မက တန်ဖိုးရှိတဲ့အတွက်ကြောင့် ဂရုဏာကြေးရရှိစေဖို့  ဆောင်ရွက်ပေးတယ်ပါတယ်လို့ ဒေါ်ခင်အေးမြင့်ကပြောပါတယ်။ ဥပဒေကလက်ရှိနဲ့က မကိုက်ညီတဲ့အတွက်လည်း ပြင်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့သိုရပါတယ်။

spot_img
spot_img

Recent posts