ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် တောင်ပေါ် ကျေးလက်ဒေသတွေဘက်က ကျေးလက်ဆေးပေးခန်းဌာနခွဲတွေမှာ ဖွဲ့စည်းပုံမကျလို့ ဆိုပြီး ဆေးခန်းထိုင် ဆရာဆရာမတွေ မထားပေးတာဟာ ဒေသခံပြည်သူတွေ ကျန်းမာရေးအရ လျစ်လျူရှုခံနေရတာဖြစ်တယ်လို့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

CHDN အဖွဲ့ဟာဆိုရင် ကရင်နီပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရလက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေဘက်မှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

“မြို့မှာကတော့ လူနေစိပ်လို့ လူဦးရေ အရဆေးခန်းတွေအများကြီးရှိပြီးတော့မှ တောင်ပေါ်မှာက လူနေကျဲပေမယ့်လို့ သူတို့ကို လူဦးရေများမပြည့်လို့ချန်ထားလိုက်မယ်ဆိုရင် တစ်ရွာနဲ့တရွာ ဆက်သွယ်ရအရမ်းခက်ခဲမယ်ဆိုရင် ဒါဆိုလို့ရှိရင် ကျန်းမာရေး အရက ဒီတောင်ပေါ်မှာနေတဲ့သူတွေက ကျန်းမာရေးအရ လျစ်လျူရှုခံရတာတို့ သို့မဟုတ်ရင် ချန်ထားခံရတာတို့အဲလိုမျိုး တွေးစရာဖြစ်လာတာပေါ့။”လို့ ခွန်းဖိလစ်က ပြောပါတယ်။

ဖွဲ့စည်းပုံအရ လိုအပ်ချက်တွေရှိနေသေးတဲ့ ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှ ကျေးလက်ဆေးပေးခန်းဖြစ်ပါတယ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

အဆောက်အဦးရှိနေပြီး လိုအပ်တဲ့ ဝန်ထမ်းအင်အားတွေ၊ ဆေးပစ္စည်းကိရိယာ နဲ့ ဆေးဝါးရှိမနေခြင်း၊ ဝန်ထမ်းတွေမှာ ဒေသခံမဟုတ်တဲ့အတွက် ဒေသခံနဲ့ဘာသာစကားဆက်သွယ်ရအခက်အခဲတွေရှိနေခြင်း၊ ဒေသခံဖြစ်သော်လည်း အထက်မှ ပံ့ပိုးမှု မရှိတဲ့အတွက် ဘာမှ မလုပ်ပေးနိုင်ခြင်း စတဲ့အကြောင်းအမျိုးမျိုးတွေ့နေရတယ်လို့ဆိုပါတယ်။

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဒေါခူလီကျေးရွာတို့မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကတည်းက ကျေးလက်ကျန်းမာရေးဌာနခွဲတွေ တည်ဆောက်ထားခဲ့ပြီး ဖွဲ့စည်းပုံအရ ဆေးခန်းတွေမဖွင့်လှစ်နိုင်သေးပါဘူး။

ဆိုလျားကူးကျေးရွာရှိ ကျေးလက်ဆေးပေးခန်းမှာတော့၂၀၁၉ခုနှစ် နှစ်ဝက်ကျော်ကျော်မှာတော့ ဆရာမတစ်ဦး စပြီးခန့်ထားပေမယ့်လို့ လိုအပ်ချက်တွေရှိနေသေးတဲ့အကြောင်း ဆိုလျားကူးကျေးရွာနေ ဒေသခံတွေက အခုလို ပြောဆိုထားကြပါတယ်။

ဆိုလျားကူးရွာနေ မအားကာသာက “အဲဒီဆေးခန်းဖွင့်တာတော့ကြာပြီ ဒါပေမယ့်ဆရာမကတော့ မရှိတော့ နည်းနည်းအခက်အခဲဖြစ်တယ်ပေါ့နော်။ပြီးတော့ အခုလက်ရှိဆရာမတော့လာတော့လာတယ် ပုံမှန်မလာပေးနိုင်ဘူးပေါ့။” လို့ ပြောပါတယ်။

ဆိုလျားကူးရွာမှ ဒေါ်ပိုးမူက “တစ်ခါတစ်လေကျတော့လည်း ဆေးမလုံလောက်ဘူးတဲ့ တစ်ခါတစ်လေကျတော့ ဆရာမ အမြဲတမ်းမလာပေးဘူးလေး။ သင်တန်းတက်တယ်။ တခါတလေကျတော့လည်း သင်တန်းတက်တယ်ဆိုတော့ တခါတလေကျတော့လည်း ဟိုး ထီးပေါ်ဆိုကျောင်းဘက်မှာကလေးက သွားတောင်းတယ်လေး။ အဲဒီဆေးက ချောင်းဆိုး၊ နေမကောင်း၊ ကျန်းမမာဘူးဆိုရင်အဲဒီ ထီးပေါ်ဆိုကျောင်းဘက်မှာပဲသွားတောင်းရတယ်။”လို့ပြောပါတယ်။

ဆိုးလျားကူးကျေးရွာ အတွင်းရေးမှူး ဂျိုးစက်က “ဆရာ/မ တစ်ယောက် နှစ်ယောက်လောက်ပေါ့ ဖြစ်နိုင်ရင်လည်း လူလွှတ်တွေလိုမျိုးပေါ့ အချိန်ပြည့်ပြန်လာနေနိုင်မည့်သူပေါ့နောက်ဒီဆေးဝါးအပိုင်းတွေမှာဆိုရင်လည်း လုံလုံလောက်လောက်မရှိတော့ အခက်အခဲရှိတယ်။” လို့ပြောပါတယ်။

ဒီလိုကျေးလက်နေဒေသဘက်မှာရှိတဲ့ ဆေးပေးခန်းတည်ဆောက်မှုတွေက ဖွဲ့စည်းပုံအရ တာဝန်ကျဆရာမတွေ ဆေးဝါးတွေမရှိသေးတဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာကျတယ်လို့ ဖရူဆိုမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။

“ဒီဆေးခန်းဆောက်ပီးတော့မှ အခုထိ ဒီ Section မကျသေးဘူး။ ဒီဆရာမတွေမထားပေးနိုင်သေးဘူးပေါ့နော် ဆိုတော့ဒီအဆောက်အဦးတွေလဲ အလဟသဖြစ်တယ်၊ ပြည်သူငွေကိုလဲ ဖြုန်းတီးရာရောက်တယ်ပေ့ါနော် နောက်ပီးတော့မှ ဒီအဆောက်အဦးတွေကလဲ အခုဆို ၅နှစ်လောက်ရှိပီပေါ့ ၅နှစ်လောက်ရှိလာတဲ့အခါမှာလဲ ဒီအဆောက်အဦးတွေ ဘယ်သူမှမထိန်းဘူး၊ ဘယ်သူ့မှမကြည့်ဘူးဆိုလို့ရှိရင်လဲ သူ့ဟာသူပျက်သွားမှာပဲ ဆိုတော့ ဒီဟာတွေလဲ တကယ်မဖြစ်သင့်တဲ့ ကိစ္စတွေ” လို့ ဦးသဲရယ်က ပြောပါတယ်။

ကျေးလက်ဆေးပေးခန်းတွေက ဖွဲ့စည်းပုံ အရတည်ဆောက်ထားတာမဟုတ်လို့ တာဝန်ကျဆေးဆရာ/မတွေကို ဖွဲ့စည်းပုံအရ လုံလုံလောက်လောက် အစိုးရကနေ ချပေးဖို့ လိုအပ်နေတယ်လို့ ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်းက ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးသွားတာဖြစ်ပါတယ်။

ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်းက

“၂၀၁၈ခုနှစ် စစ်ဆေးတဲ့ ၆လအတွင်းစစ်ဆေးတဲ့အချိန်ထိမှာ အဲဒီအဆောက်အဦး ၃ ခုလုံးက Sanction မကျသေးပါဘူး။ ဝန်ထမ်းရဲ့ဖွဲ့စည်းပုံနဲ့ ဆေးခန်းအတွက် Sanction မကျသေးတဲ့အတွက် အဆောက်အဦးက အလာကားဖြစ်နေမှာဖြစ်တဲ့အတွက် အဲဒီအဆောက်အဦးနဲ့ပတ်သက်ပြီး အဲဒီ Sanction ကျဖို့အတွက်လိုအပ်တယ်လို့ ကျနော်တို့ဖော်ပြခဲ့ပါတယ်။”

၎င်းကျေးရွာရှိ ကျေးလက်ဆေးပေးခန်းဌာနခွဲကို၂၀၁၈ ဧပြီလကနေ စက်တင်ဘာလအထိ စားရင်းစစ်ချုပ်ကနေ စစ်ဆေးတဲ့အချိန်မှာ ဖွဲ့စည်းပုံနဲ့ဖွင့်လှစ်ဖို့ Sanction ခွင့်ပြုချက် မရသေးတဲ့အတွက် ပြည့်မှီဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ စာရင်းစစ်ချုပ်က တင်ပြဆွေးနွေးသွားခဲ့ပါတယ်။

Comments

comments