လူမျိုးအမည်မှားယွင်းမှတ်ပုံတင်များကို ကယန်းအမည်မှန်ပြောင်းလဲမည်ဟု အနိုင်ရကယန်းဝန်ကြီးပြော

0
4011
ကယန်းလထာမျိုးနွယ်စုဝင်တွေကို ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲ၌ မြင်တွေ့ရစဥ်

ခွန်းကလိုင်းဖရီး

ရှမ်း/တောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာနေထိုင်တဲ့ ကယန်းတိုင်းရင်းသား လူဦးရေ ၁၀၀၀ ကျော်ရဲ့ မှတ်ပုံတင်ရှိ လူမျိုးအမည်နေရာမှာ အခြားသောလူမျိုးတွေနဲ့ မှားယွင်းဖော်ပြထား တဲ့အတွက် ကယန်းလူမျိုးအမည်မှန်အဖြစ် ပြန်လည်ပြောင်းလဲဖို့ ၅ နှစ်အတွင်း လုပ်ဆောင်သွားမယ်လို့ အနိုင်ရ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းတင်နု(ခ)တင်ဒုက ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

“ပင်လောင်းမြို့နယ်မှာရှိတဲ့ ကယန်းတွေရဲ့ လွှဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စ အတတ်နိုင်ဆုံး ဒီလဝကတွေနဲ့ ကျနော် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့မှ ကျနော်လုပ်သွားဖို့တော့ ရှိတာပေါ့။ ပြီးဖို့တော့ ရာနှုန်းများတာပေါ့နော်။ ငါးနှစ်လုံးလုံးအတိုင်းအတာကတော့ ပြီးနိုင်မယ်လို့တော့ ထင်တာပေါ့နော်။ တကယ်လို့ အဆင်ပြေ သွားရင်ပေါ့ နော်။ မကြာလောက်ပါဘူး”လို့ ၎င်းက ပြောပါတယ်။

ကယန်းလထာမျိုးနွယ်စုဝင်တွေကို ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲ၌ မြင်တွေ့ရစဥ်

ပင်လောင်းမြို့နယ်မှာ ကယန်းတိုင်းရင်းသားလူဦးရေ ၇၀၀၀ ဝန်းကျင်ခန့်ရှိတဲ့အနက် လူဦးရေ ၁၀၀၀ ကျော်ရဲ့ မှတ်ပုံတင်နာမည်တွေမှာ ကရင်၊ ပအိုဝ်း၊ ရှမ်းစတဲ့ လူမျိုးအမည်တွေနဲ့ အများဆုံးမှားယွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။

အခုလို မှတ်ပုံတင်မှာ ကယန်းလူမျိုးအမည်မှန်ပြောင်းလဲလိုတဲ့ လူဦးရေ ၁၀၀၀ ကျော်ဟာ ပင်လောင်းမြို့နယ်၊ ဘန်းဘာကျေးရွာအုပ်စုရှိ စင်းဆင်း၊ ထီးပေါင်း၊ လုံးကဲ(ဟောင်း)၊ ဆောင်ခဲ၊ သပြေကုန်းကျေးရွာအုပ်စုရှိ ကံလှ၊ လုံးကဲ၊ တလိုင်းမ၊ ဘန်းရင၈်း၊ ထိန်ပင်ကျေးရွာအုပ်စုရှိ ကသောင်း၊ လုံးထို၊ လက်ဆွဲ၊ ကိုးကွေ့၊ ကလတီ၊ လုံးပျဉ်ကျေးရွာအုပ်စုရှိ တောင်စလုံး၊ မြောက်စလုံးကျေးရွာတွေမှာနေထိုင်တဲ့ ကယန်းလူမျိုးတွေဖြစ်ပြီး ကယန်းလထာမျိုးနွယ်စုဝင်တွေ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကယန်းတိုင်းရင်းသား အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၎င်းက ဆိုပါတယ်။

အမည်မှားယွင်းမှတ်ပုံတင်တွေကို ပြောင်းလဲနိုင်ဖို့အတွက် ကယန်းလထာမျိုးနွယ်စု ဗဟိုကော်မတီက ၂၀၁၇ ခုနှစ်မှာ ပင်လောင်းမြို့နယ်မှာရှိတဲ့ ကယန်းကျေးရွာ (၁၅) ရွာမှာ အချက်အလက်တွေကို ကောက်ယူထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ကယန်းလထာမျိုးနွယ်စုဗဟိုကော်မတီအနေနဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လက်ရှိကယန်းတိုင်းရင်းသား ရေးရာဝန်ကြီး ခွန်းအေးမောင်ကို တင်ပြထားပြီးဖြစ်သလို ပင်လောင်းမြို့နယ်၊ လဝကဦးစီဌာနကိုလည်း ၄ ကြိမ်တိုင် သွားရောက်တွေ့ဆုံညှိနှိုင်းထားပြီးဖြစ်ပေမယ့် မှတ်ပုံတင်ပြောင်းလဲနိုင်ရေးအတွက် အခက်အခဲဖြစ် နေဆဲလို့ ဆိုပါတယ်။

ကယန်းလထာမျိုးနွယ်စုဗဟိုကော်မတီ ဥက္ကဌ ခွန်းလှရွှေက “ကျနော်တို့ နောက်ဆုံးတစ်ခေါက် လဝက ဦးစီးမှူးကို သွားတွေ့တဲ့အချိန်မှာ သူကတော့မှတ်ပုံတင်နဲ့ အိမ်ထောင်စာရင်းမှာက ပြောင်းဖို့ဆိုရင်တော့ အဓိကကတော့ နိုင်ငံသားကိုယ်ရေးအကျဉ်းမှာ ပြောင်းဖို့လိုအပ်တယ်ဆိုတာတော့ သူကပြောလိုက် တယ်ပေါ့နော်။ နိုင်ငံသား ကိုယ်ရေးအကျဉ်းပြောင်းဖို့ကလည်း ဌာနဆိုင်ရာ ၅ ခုရဲ့ အတည်ပြုချက်နဲ့သွား ရမယ်ဆိုတဲ့ဟာမျိုးတွေရှိ တယ်ပေါ့နော်။ အဲ့လိုလမ်းကြောင်းမျိုးနဲ့ ပြောင်းလို့ရတယ်လို့တော့ ဥပဒေလမ်း ကြောင်းအရ သူတော့ပြောတာရှိတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင်အမည်မှန်ပြောင်းလဲနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းပြီး လုပ်ဆောင်နိုင်မှသာ ပြင်ဆင်နိုင်မှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်ရှိ ကယန်းတိုင်းရင်းသားတွေရဲ့ လူမျိုးအမည်မှားယွင်းနေတာကို ပြောင်းလဲလုပ်ဆောင်သွားမယ့် အပြင် ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေမှာရှိနေတဲ့ ကယန်းလူမျိုးတချို့လည်း မှတ်ပုံတင်မှာ လူမျိုးအမည်မှားယွင်းမှုတွေရှိနေတဲ့အတွက် တိုက်ရိုက်လုပ်ပိုင်ခွင့်မရှိပေမယ့် တခြားပုံစံနဲ့ လုပ်ဆောင်သွား ဖို့ရှိတယ်လို့သိရပါတယ်။