လွိုင်ကော်မြို့ပေါ်တွင် ညပိုင်းမှစ ဗုံးပေါက်ကွဲသံ ဆက်တိုက်ကြားနေရ

0
3072

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ညပိုင်း ၇နာရီ ကျော်အချိန်မှာ ဗုံးပေါက်ကွဲသံလို ဆက်တိုက် ကြားနေရတယ်လို့ သတင်းရင်းမြစ်တွေပြောကြားချက်အရ သိရပါတယ်။

“ည ၇ ကျော် ၈နာရီထိုးခါနီးမှာ ပေါက်ကွဲသံလိုကြားရတယ် မြေကြီးတောင်တုန်တယ် အထက၄ ကျောင်းနားမှာထင်တယ် ကျောင်းပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း စစ်ကောင်စီတွေရှိတယ် ထွက်တော့မကြည့်ရဲဘူး” လို့ မိုင်းလုံးရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပေါက်ကွဲသံကြားရတာနဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။

မြို့တွင်းနေထိုင်သူတစ်ဦးကလည်း ” ပထမကြားရတာကတစ်ချက် ပြီးမှ နှစ်ချက်ဆက်ပေါက်တာ” လို့ ၎င်းကြားသိရတာကို ပြောပါတယ်။

မြို့နယ်ခန်းမတစ်ဝိုက်၊ လွိုင်ကော်ရဲစခန်းရှေ့ စတဲ့နေရာတွေမှာ ပေါက်ကွဲသံကြားရပြီး လူထိခိုက်မှုရှိမရှိကို အိမ်ပြင်မထွက်ရဲတဲ့အတွက် မသိရှိရသေးဘူးလို့ မြို့နေလူထုဆီက ကြားသိရပါတယ်။

လက်ရှိမှာလည်း ရပ်ကွက်အချို့ မီးပျက်နေပြီး လမ်းမကြီးတစ်လျှောက် ရပ်ကွက်တွေမှာ စစ်ကောင်စီအုပ်စုမှ လှည့်လည်သွားလာနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၁ရက်နေ့ ဒီမော့ဆိုမြို့မှာ စစ်ကောင်စီအုပ်စုမှ ရပ်ကွက်တွင်း ပစ်ခတ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ပြန်လည်ခုခံတိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်သေဆုံးမှုရှိခဲ့သလို PDF က ကျဆုံးသူမရှိခဲ့ပါဘူး။

ဒီမော့ဆိုမြို့မှာလည်း ညပိုင်းအချိန်ထိ စစ်ကောင်စီဖက်မှ လက်နက်တွေနဲ့ပစ်ခတ်နေပြီး လှည့်လှည်သွားနေတယ်လို့ ကြားသိရပါတယ်။

ဒီကနေ့ ညပိုင်းမှာ စစ်ကောင်စီအုပ်စုမှ မြို့နယ်အလိုက် အင်အားဖြည့်ဖို့ စစ်ကူတွေပို့နေတာရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။