spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံစိုက် တောင်သူတွေ စိုက်ပျိုးရေးဆက်မလုပ်နိုင်ဘဲ လုပ်ငန်းအရှုံးပေါ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်း ပန်ကန်း၊ ရွာတန်းရှည်၊ ဒေါဆန်းဘွန်း စတဲ့ စိုက်ကွင်းရပ်ကွက် က ခြံစိုက်တောင်သူတွေဟာ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်မလုပ်ကိုင်နိုင်ကြတာတွေကြောင့် လုပ်ငန်းတွေအရှုံးပေါ်နေတယ်လို့ ပြောပါတယ်။

‘’မြေသြဇာတွေ အကြွေး နဲ့ ဝယ်ထားတာ ခုတော့ ဘယ်လိုဆပ်ရမလဲမသိတော့ဘူး ။ ခြံတွေနားမှာတပ်စွဲထားတာတွေ ရှိတော့ အခြေနေ တွေလည်းသွားမကြည့်ရဲသေးဘူး ။ ခြံတွေမှာ ဆောက်ထားတဲ့ တဲ တွေလည်း မီးရှို့ ခံလိုက်ရတယ် လေး၊ အပင်တွေကလည်း နှစ်လလောက်ပစ်ထားရတာဆိုတော့ သေကုန်ရောပေ့ါ ’’ လို့ တောင်သူတစ်ဦးကပြောပါတယ်။

ဇန်နဝါရီ လ ကစပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ မိုင်းလုံး၊ ရွာတန်းရှည် ၊ ပန်ကန်း ၊ ဒေါဆန်းဘွန်း ၊ ထူဒူငံသ အစရှိတဲ့ ရပ်ကွက် ကျေးရွာက ပြည်သူတွေ စစ်ရှောင်ခဲ့ကြရပါတယ်။

အဲဒီနေရာတွေက ပြည်သူတွေတွေဟာ ဥယာဉ်ခြံထွက်ဖြစ်တဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေအများစုဖြစ်ပြီး စစ်ရှောင်နေခဲ့ကြရတာကြောင့် အပင်တွေကို ဂရုမစိုက်နိုင်ခဲ့ဘဲ ရင်းနှီးထားတာတွေ ဆုံးရှုံးသွားတယ်လို့ ဆိုကြပါတယ်။ ထပ်မံစိုက်ပျိုးတာတွေလည်း မလုပ်နိုင်သေးတဲ့အတွက် တချို့တောင်သူတွေက ကိုယ်ပိုင်စားသောက်ဖို့အတွက် အိမ်ခြံဝန်းထဲမှာသာ ပြန်စိုက်ပျိုးတာတွေ လုပ်ကိုင်နေကြရပါတယ်။

လက်ရှိလွိုင်ကော်မြို့တွင်းမှာတော့ သွားလာလှုပ်ရှားတဲ့သူတွေရှိနေပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့ပြင် ရပ်ကွက်တွေမှာ ပြန်လာနေထိုင်သူတချို့ရှိနေပေမယ့် အသွားအလာနည်းပြီး တိတ်ဆိတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

‘’ မြို့ထဲ တော့ ဝေးဝေး တစ်ခါပဲ သွားဖြစ်တယ် ။ ပိုက်ဆံတွေလည်း အပိုမကုန်ချင်လို့ ။ ခုတော့ အိမ်မှာပဲ တစ်ပိုင်တစ်နိုင်လေးပဲ အပင်လေးတွေပြန်စိုက်ထားတယ် ။ မဝယ်စားရရင် သက်သာ အောင်ပေ့ါ ။ ဒါပေမဲ့ ဘယ်အချိန် ပြန်ပြေးရဦးမယ်ကမသိသေးဘူး ‘’ လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို စစ်ဘေးရှောင်နေတဲ့ သူ ဦးရေက တော့ ခန့်မှန်းခြေအရ နှစ် သောင်းဝန်းကျင်ရှိနေပါတယ်။

spot_img
spot_img