spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ စစ်ဆေးရေးလုပ်နေစဉ် မရပ်နားတဲ့ ယာဉ်တချို့ကို စစ်ကောင်စီပစ်ခတ်၊လူငယ်တစ်ဦးထိခိုက်

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့ နေ့လည်ပိုင်းက မိုင်းလုံးရပ်ကွက်မှာ လူငယ်သုံးဦး စီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တားဆီးရာမှ ရပ်မပေးတဲ့အတွက် သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ၃ဦးအနက် ၁၆နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ခြေသလုံးကို ကျည်ထိမှန်ခဲ့တာကြောင့် ဒေသခံတစ်ချို့က ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“အသက် အန္တာရာယ်တော့မစိုးရိမ်ရပါဘူး ဆေးရုံပို့ပြီးတော့ အဲ့မှာ ဆရာမတွေနားအပ်ပြီးတော့ ပြန်လာတာ နောက်ပိုင်းတော့မသိဘူး။ အသက်အန္တာရာယ်စိုးရိမ်လောက်တဲ့အထိတော့မဖြစ်ပါဘူး။” လို့ ကူညီပို့ဆောင်ပေးသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့အတွင်း၊ ရပ်ကွက်အတွင်းတွေမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို နေ့စဉ်စစ်ကောင်စီတပ်သားတွေ စစ်ဆေးမေးမြန်းလျက်ရှိပြီး မရပ်နားပေးတဲ့ ဆိုင်ကယ်၊ယာဉ်အချို့လည်း ပစ်ခတ်ခံရတာရှိနေပါတယ်။

နေ့စဉ် လွိုင်ကော်မြို့တွင်း၊ ရပ်ကွက်တွင်း လမ်းမကြီးထောင့်တွေမှာ စစ်ကောင်စီတပ်သား (၁၀)ဦးဝန်းကျင်က ရှောင်တခင် စစ်ဆေးတာ၊ ပုံမှန်စစ်ဆေးတာတွေရှိတယ်လို့ ကိုယ်တိုင်စစ်ဆေးခံရတဲ့ လွိုင်ကော်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က နှာဘူးထတယ် ။ မဆီမဆိုင်တွေမေးတယ် ဖုန်းနံပါတ်တွေတောင်းတယ် ။ phone gallery ထဲ ထိ ပုံတွေအားလုံးကိုမွှေပြီးလိုက်ကြည့်ကြတယ် ။ တော်ရုံဆိုင်ကယ်တွေကျ လွှတ်ပေးပြီး ကိုယ့်ကိုပဲဝိုင်းဖွန်ကြောင်နေကြတယ် ” လို့ အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကလည်း လွိုင်ကော်မြို့ နာနတ်တောရပ်ကွက် လမ်းထောင့်တစ်နေရာမှာ လူနှစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီး အမေးမြန်းမရှိဘဲ ပစ်ခတ်ခံရတဲ့အတွက် လူငယ်အမျိုးသားတစ်စီး ကျည်ထိမှန်သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသွားသူမှာ အသက် (၂၉)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။

“သူတို့ပြန်လာတယ်ပြောတယ်။ သူတို့ဘာသာသူတို့ သွားတယ်။ ပြန်လာတယ် အဲ့လိုမျိုးပေါ့။ နာနတ်တောရပ်ကွက်ကပဲ။ သူက ကျောင်းတကာတဲ့ သူ့ ဦးလေးက ဆေးရုံတက်ရတယ်။ ကျောင်းတကာကတော့ သေသွားတယ်ပေါ့။” လို့ နာနတ်တောဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလော လွိုင်ကော်မြို့တွင်းမှာလည်း ရပ်ကွက်အတွင်း ရှောင်တခင်စစ်ဆေးမေးမြန်းတာတွေ၊ လမ်းမကြီးမှာသွားလာတဲ့ပြည်သူအချို့ကို ခြိမ်းခြောက်ပစ်ခတ်တာတွေ ပြုလုပ်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောကြပါတယ်။

ယခင်က ညပိုင်းတွေမှာသာ ပစ်ခတ်မှုရှိပေမယ့် လက်ရှိ နေ့ခင်ပိုင်းတွေမှာပါ ခြိမ်းခြောက်ပစ်ခတ်မှုရှိလာတာဖြစ်ပါတယ်။

“အရင်ကတော့ ညတွေမှာ ပစ်တာ မာရှယ်လောနဲ့ရောပြီး စစ်တဲ့အခါ မရပ်ပေးလို့ဆိုပြီးတော့ပေါ့။ ခုကျတော့ နေ့ခင်းတွေပါပစ်လာတော့စိုးရိမ်စရာပဲ‘’ လို့ လွိုင်ကော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လွိုင်ကော်မြို့တွင်း၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးကြမ်းမှုကြောင့် ခရီးသွားလာတဲ့ပြည်သူတွေဟာ သတိထားကြီးစွာ သွားလာနေရတယ်လို့ ဆိုကြပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ (၂၄၁)ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img