spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ် အဆင်း ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (စက်တင်ဘာလ ၃၀ရက်) နံနက်ပိုင်းမှာ ရန်ကုန်- လွိုင်ကော် ခရီးသည်တင်ဆောင်လာတဲ့ လေယာဉ်တစ်စီး လွိုင်ကော်လေဆိပ်အဆင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် ခရီးသည်အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ် XY-AML နဲ့ ခရီးသည် ၆၀ကျော်လိုက်ပါစီးနင်းလာပြီး နံနက် ၈နာရီ ၄၅မိနစ်မှာ လေဆိပ်အဆင်း အနိမ့်ပိုင်းပျံသန်းနေစဉ် ပစ်ခတ်ခံရတာဖြစ်ပါတယ်။

မြေပြင်ကနေ ပစ်ခတ်ခံရပြီးနောက် လေယာဉ်ဘယ်ဖက်ဝမ်းဗိုက်ဖက်မှာ ကျည်ဆန်ဖောက်ဝင်ခဲ့ပြီး ပြတင်းပေါက်ဖက်မှာ စီးနင်းလိုက်ပါလာတဲ့ လွိုင်ကော်မြို့နေ ခရီးသည်အမျိုးသားတစ်ဦးပါးကို ကျည်ထိမှန်ခဲ့ပြီး လက်ရှိမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ပြီးနောက် လွိုင်ကော်လေဆိပ်နဲ့ လမ်းမကြီးတစ်လျှောက် စစ်ကောင်စီလုံခြုံရေးအင်အားတိုးချဲ့ထားပြီး လမ်းသွားလမ်းလာကို စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းကတော့ ၈နာရီကျော်လောက်ဆိုရင် လေယာဉ်ဆင်းတယ်ပေါ့နော။ ဒီမနက်မှာ အဲ့ဖက်တစ်ဝိုက် လုံခြုံရေးအင်အားချထားတာတွေ့ရတယ် မေးမြန်းမှုတချို့ကိုလည်း တွေ့ရတယ်။ အကြောင်းရင်းဖြစ်စဉ်တော့မသိရဘူး။ အိမ်ရောက်မှပဲ လိုင်းပေါ် လေယာဉ်ပစ်ခံရတယ် ခရီးသည်တစ်ဦးထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ဓါတ်ပုံနဲ့ အကြောင်းအရာတွေ တွေ့ရတယ်ပေါ့နော။”

လွိုင်ကော်မြို့ပေါ်မှာ မနက်ပိုင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း လက်နက်ကြီး ပစ်ခတ်မှု အသံ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ နံနက် ၁၀နာရီကျော်အချိန်မှသာ လက်နက်ကြီးပစ်ခတ်ခံ စတင်ကြားရတယ်လို့ ဆိုပါတယ်။ နေ့လည်ပိုင်း ၁၂နာရီအထိ လေယာဥ်ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်တာကို မသိရှိရသေးသလို ထုတ်ပြန်ပြောဆိုတာလည်းမရှိသေးပါဘူး။

spot_img
spot_img