spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ဟောင်းကို အဂတိတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားထား

Author

Date

Category

နော်ဒွေးအယ်ခူ

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တိုင်ကြားထားပြီးဖြစ်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသဲရယ်က ပြောပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့ ရက်စွဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌထံ ပေးပို့ထားပြီးဖြစ်ပါတယ်။ သို့ပေမယ့်လို့ စက်တင်ဘာလ ၁၄ရက်နေ့အထိ အကြောင်းပြန်ခြင်းမရှိသေး
ဘူးလို့ဆိုပါတယ်။

“လက်ရှိဖြစ်နေတဲ့အပေါ်မှာတော့ အဂတိအနေနဲ့ အရေးယူလို့ရမရဆိုတာကလည်း ကျနော်တို့ကိုရှင်းရှင်းလင်းလင်းအကြောင်းပြန်သင့်တယ်လို့ ကျနော်ပြောချင်တယ်။ အခုဟာလည်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့တစ်ပတ်မှာပဲ အဂတိကိုတင်ခဲ့တယ် အဲဒါအဂတိကလည်း ကျနော်ဆီ ဘာမှအကြောင်းမပြန်ဘူးပေါ့။အကြောင်းမပြန်ဘူး ဘားမှဖြေရှင်းချက်မပေးတဲ့အပေါ်မှာကတော့ အဂတိကလည်း ဒီဖက်ပါနေသလားပေါ့ ဒီလိုအလွဲသုံးတဲ့အပေါ် ထောက်ခံနေသလားပေါ့နော ကျတော်အဲလိုပဲပြောချင်ပါတယ်” လို့ ဦးသဲရယ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်တဲ့အကြောင်းအရာအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားဌားရမ်းငွေကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သုံးစွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အဂတိလိုက်စားဆောင်ရွက်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌဖြစ်သလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသဲရယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားတာပဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအနေနဲ့ ၎င်းကိစ္စနဲ့ပတ်သက်လို့ ဥပဒေအတိုင်း ဖြေရှင်းသွားမယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က ရာထူးလွှဲအပ်ပေးခဲ့တဲ့နေ့မှာ မီဒီယာတွေကိုပြောဆိုထားတာရှိပါတယ်။
၎င်းက “ဥပဒေနဲ့အညီစီမံ ဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်း အဆင်သင့် ပဲလို့ပြောချင်တယ်။” လို့ ပြောခဲ့ပါတယ်။

၂၀၁၅-၁၆ခုနှစ်မှာ စက်ယန္တရားတွေကို ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေနဲ့ဝယ်ယူထားပြီး ၂၀၁၆-၁၇ဘဏ္ဍာရေးနှစ်မှစ စက်ယန္တရားစာရင်းကို ၂နှစ်ဆက်တိုက်ဖျောက်ပစ်ခဲ့ပြီး လွှတ်တော်ကနေ မေးခွန်း၊ အဆို ပြန်တင်သွင်းမှ စာရင်းပြန်သွင်းတာဖြစ်တာကြောင့် စာရင်းစစ်ချုပ်အစီရင်ခံကို ၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ရရှိခဲ့တာဖြစ်ပါတယ်လို့တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီအဖွဲ့ထံမှသိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းအပါအဝင် ပါဝင်ပတ်သက်သူတွေအားလုံးကို ဖော်ထုတ်အရေးယူမှသာ သန့်ရှင်းတဲ့အစိုးရ ပြည်သူတွေလိုလားတဲ့အစိုးရဖြစ်လာသလို အဂတိကင်းတဲ့အစိုးရဖြစ်လာမယ်လို့ ကယားပြည်နယ်လွှတ်တော်တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှုး ဦးမြင့်မောင်မောင်က ပြောပါတယ်။

“ဒီအဖြစ်မှန်ကိုပေါ်ပေါက်ဖို့အတွက် တကယ့်ကိုလက်တစ်ဆုံးနှိုက်နိုင်တဲ့ အဂတိက စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့လိုပါတယ်။ ကျနော်တို့လွှတ်တော်ကတိုင်စာဆိုပေမယ့် လုပ်ငန်းသဘောအရ လက်တဆုံးနှိုက်ဖော်ထုတ်လို့မရပါဘူး။ ဒီဖြစ်စဉ်ကြီးအားလုံးပေါ်ပေါက်ဖို့က ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့သူအားလုံးကို လက်တဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်က အဂတိကဆောင်ရွက်မှရမှာပါ” လို့ ပြောပါတယ်။

၎င်းကော်မတီအနေနဲ့ ၂၀၁၈ ခုနှစ်ကလည်း ကြားနာစစ်ဆေးခဲ့ပြီး အဂတိလိုက်စားမှုနဲ့တိုက်ဖျက်ရေးကော်မရှင်ထံ တစ်ကြိမ်တိုင်ခဲ့ဖူးပြီဖြစ်ပါတယ်။ ၎င်းကော်မတီအပြင် ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးကော်မတီကလည်း တစ်ကြိမ်တိုင်ခဲ့ဖူးပါတယ်။

ထိုအချိန် အဂတိကော်မရှင်ကနေ အခင်းဖြစ်ကာလမှာ စတုတ္တအကြိမ်ပြင်ဆင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မပြဌာန်းမှီကိစ္စ ဖြစ်တဲ့ကိစ္စကြောင့်မို့လို့ အရေးယူဆောင်ရွက်လို့မရတဲ့အကြောင်းကိုသာ ပြန်လည်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

ယခု တိုင်ကြားစာနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုနဲ့တိုက်ဖျက်ရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးကျော်စိုးက “တိုင်ကြားစာနဲ့ပတ်သက်လို့ ရောက်ချင်းမရောက်ချင်းကို ကျနော်တို့က သတ်မှတ်ထားတဲ့ဥပဒေအရ တိုင်ကြားထားသူကဆက်သွယ်လာမှဖြေခွင့်ရှိတယ်။” လို့ ပြောပါတယ်။

၂၀၁၈ခုနှစ်ရဲ့စာရင်းစစ်ချုပ်အစီရင်ခံစာအရ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ စက်ယန္တရားဝယ်ယူမှု၊ ဌားရမ်းမှုနဲ့ ပြင်ဆင်စရိတ်သုံးစွဲမှု အသုံးစရိတ်တွေကို ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုမှ ကျပ်သိန်းပေါင်း ၄၀၀၀ကျော်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts