spot_img
Monday, November 28, 2022
spot_img

ဝါးပင်​​အောက်က ရွာ​လေး“ဒေါကလော်လဲ”

spot_imgspot_imgspot_imgspot_img

Simple (LMT)ရေးသားသည်။

​ဒေသထွက်ကုန်အတွက် ဒေသလမ်းက ခက်ခဲမှတော့ ဒေသဖွံ့ဖြိုးရေးဆိုတာက ရုံးစာပွဲပေါ်ကနေ ဥုံဖွ ဟချလောင်ဆိုပြီးတိုးတက်လာပါလိမ့်မယ်။ ဒီရွာလေးကိုရောက်ဖြစ်တာ ဒီအခါနဲ့ဆို လေးခါမြောက်ပေါ့။
နွေနဲ့ဆောင်းမှာဆို ဖုန်းထောင်းထောင်းထပြီ မိုးတွင်းမှာတော့ လူမပြောနဲ့ ဖိနပ်တောင် သူ့ဟာသူချောနေရလောက်အောင် ချော်တဲ့ မြေသားလမ်းလေးကိုပဲ အားပြုသွားလာကြရတာပေါ့။

နွေနဲ့ဆောင်းမှာ သောက်သုံးရေဆိုတာ ရွှေထက်ရှားတဲ့နေရာလေးတစ်ခုပေါ့။ အိမ်ခြေ (၃၁) အိမ်လောက်သာရှိတဲ့ ဒီရွာလေးဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ရဲ့အနိဌာရုံတွေအောက်​မှာ 
ကြံ့ကြံ့ခံရင်းနဲ့ အခုဒီချိန်ထိအောင် အေးချမ်းစွာနဲ့ မိရိုးဖလာတောင်သူ အလုပ်တွေနဲ့ပဲ အသက်ဆက်နေခဲ့ကြရတာပေါ့။သူတို့ရွာလေးနာမည်က ဒေါကလော်လဲ (ညောင်ပင်အောက်ရွာ)ပေါ့။

အခုခါမှာတော့ အဲ့ရွာလေးကို ဝါးပင်အောက်ကရွာလို့ ချစ်စနိုးလေးခေါ်ချင်မိတယ်ဗျ။
မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့ ဒီဝါးလေးတွေဟာ ဖြစ်ထွန်းနေလိုက်တာများ လော်ဂျာရွာအောက်က ဝါးပင်လေးတွေကို စစ်ယာဉ်တန်းလေးဖြတ်သွားတော့ စစ်သားတွေဝိုင်းခုတ်နေတဲ့ ဟိုးလွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်တွေကို ပြန်တွေးမိလိုက်တယ်ဗျာ။

ဒီဝါးပင်လေးတွေကို ဘိုးဘွားတွေဟာနောင်တချိန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ကြပေမယ်​့ ဖြစ်ထွန်းအောင်မြင်လာတဲ့အခါမှာ ဒီမြေဒီအပင်တွေဟာ သစ်တောမြေ မြေလွတ်မြေလပ် အလေ့ကျဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တရားရုံးရောက်ကုန်ကြရောဗျာ။

ဒီမိုကရေစီရဲ့ တရားဥပဒေစိုးမိုးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါတို့မြေ၊ ငါတို့ရေ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ရဲ့နေထိုင်မှုတွေက ဥပဒေမဲ့ ဖြစ်ကုန်ကြရော။ ခေါင်ရည်ဆိုတာ ဒီမိုကရေစီအသက်ဝင်လာရင် ဥပဒေမဲ့ဖြစ်သွားမှာပဲဆိုတာကို 
ပြည်မကဝန်ထမ်းက ပြောတော့ ကိုယ်တွေ ဝမ်းနည်းမိတယ်။ တူမီးသေနတ်တွေဟာလည်း ဥပဒေမဲ့ပဲတဲ့။ ဒီလိုဆိုရင် ငါတို့ရွာလေးတွေက ကြပ်ခိုးစင်တွေပေါ်မှာရှိတဲ့ ဒီတောလိုက်တဲ့သေနတ်တွေက ငါတို့ကို အချိန်မရွေးလက်နက်မှုနဲ့ ထောင်ထဲရောက်စေနိုင်မှာပေါ့။

ငါတို့မြေဟာ ငါတို့ဒေသထွက်ကုန်တွေဟာ ငါတို့အတွက် ဘယ်တော့များမှအကျိုးဖြစ်နိုင်မှာလည်း တခြားမပြောနဲ့။ ငါတို့ဒေသရဲ့ထွက်ကုန်လျှပ်စစ်မီးဟာ ငါတို့ရွာလေးတွေကိုတောင် ဓားပြတိုက်သလိုပဲ။

မီးရဖို့ တစ်အိမ်ထောင်ဘယ်လောက်ဆိုပြီး လာနေမှတော့လမ်းတို့ရေတို့ဆိုရင်တော့ မတွေးရဲတော့လောက်အောင်ပါပဲ။မြို့ကြီးပြည်ကြီးတွေမှာ အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေ အဆင်မပြေလို့အော်နေကြတဲ့အချိန်မှာ ငါတို့ဒေသကတော့ ဒီလက်လုပ်လမ်းတွေပေါ်မှာ တရုတ်လုပ်ထော်လာဂျီစက်လေးတွေနဲ့ ဖျားနာသူတွေကို ဆေးရုံအရောက် ပို့နေရတယ်။ ဒေသကထွက်တဲ့ ပြောင်းပဲတွေကိုထုတ်နေရတယ်။ 

ဒီလိုမိုးတွင်းအချိန်ကို ဒီလိုလမ်း ဒီလိုယာဉ်တွေနဲ့ ငါတို့အသက်ဆက်နေရတယ်။ ငါတို့အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ငါတို့ဒေသထွက်ကုန်တွေ ပျက်စီးခဲ့ရတယ်။ငါတို့ဒေသဟာ အမျိုးမျိုးသော ပြောင်းလဲခြင်းတွေနဲ့ ဥပဒေခေါင်းစဉ်တွေ အောက်မှာ ပြားပြားဝပ်နေရဆဲပါပဲ။

အသိပညာအတတ်ပညာတွေအတွက် မိဘတွေရဲ့အသိကအနီးနားက ရွာလေးတွေမှာ ကျောင်းထားနိုင်ရင်ရပြီပေါ့။သူတို့မသိတာက ဒီဒေသက အတန်းကျောင်းပညာရေးဟာ သူတို့သားသမီးတွေက ိုအမှန်တကယ် မပံ့ပိုးပေးနိုင်ဘူးဆိုတာပေါ့။

သူတို့ရဲ့သီးနှံလေးတွေဟာ ရာသီဥတုလမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်သည်ပွဲစားတွေကြောင့် ရသင့်သလောက် အကျိုးအမြတ် မရနိုင်ကြပေမယ်​့ သူတို့သားသမီးလေးတွေကိုတော့ မြို့ကျောင်းဘော်ဒါ၊ ကျူရှင်ပို့နိုင်ဖို့
​မျော်လင့်ချက်လေးတွေကိုတော့ မြို့မှာသိန်းဆုထီပေါက်နိုင်ဖို့ထက် ပိုမျေ​ှာ်လင့်တတ်ကြတယ်။

ဒီဒေသ ဒီရေမြေ ဒီလူတွေအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ ပညာရေးဟာ အမှန်တကယ် အမြန်လိုနေတယ်လေ။ဒီရွာလေးရဲ့အေးချမ်းမှုနဲ့ ဒီရွာလေးရဲ့ အလှတရားကို   မှတ်တမ်းတင်ရင်း ခံစားမိသမျှ ချရေးလိုက်တာပါဗျာ။

 

 

Related Stories