spot_imgspot_imgspot_imgspot_img
Saturday, June 22, 2024
spot_imgspot_imgspot_imgspot_img

သားသမီးကျောင်းတက်ရဖို့ ဈေးရောင်းထွက်တဲ့ စစ်ရှောင်မိခင်

ကန္တာရဝတီတိုင်း(မ်)


နေ့စားအလုပ်တွေ မခေါ်တဲ့ နေ့တွေဆို ဒေါ်နန်းမူတစ်ယောက် နေ့စဉ်လိုလို သူ့ကလေးတွေရဲ့ ကျောင်းစာရိတ်ရဖို့အတွက် ရွာထဲလှည့်ပြီး ဈေးရောင်းထွက်ရပါတယ်။

လေဖြတ်ထားတဲ့ အမျိုးသားကလည်း ဘာအလုပ်မှ ထွက်မလုပ်နိုင်တာကြောင့် မိသားစု ဝင်ငွေမရှိလို့ ကလေး သုံးယောက်အတွက် ကျောင်းစာရိတ်ရဖို့က ဒေါ်နန်းမူတစ်ယောက်တည်းရဲ့ တာဝန်ဖြစ်လာပါတယ်။

“ကျမတစ်ယောက်ထဲပဲရောင်းတော့ အမှန်ဆို အမြဲတမ်းအဆင်ပြေတယ်ဆိုရင် ကောင်းတာပေါ့။ အမြဲတမ်း ကုန်တော့ ကောင်းတာပေါ့။ အခု ကျောင်းလခလည်း ဆရာမကောက်ပြီ။ နောက်ပေးလည်း မပေးနိုင်ဘူး။ နောက်စာအုပ်ဖိုးရော” လို့ ဒေါ်နန်းမူကပြောပါတယ်။

ဒေါ်နန်းမူဟာ အသက် ၄၄ အရွယ် ရှမ်းတိုင်းရင်းသူတစ်ယောက်ဖြစ်ပေမယ့် သူ့အမျိုးသားနဲ့ သူ့သားသမီးတွေလို ကယန်းတိုင်းရင်းသားဘာသာစကားကိုပဲ အပြောများပါတယ်။

ကျောင်းပိတ်ရက်တွေမှာတော့ ဒေါ်နန်းမူရဲ့ အငယ်ဆုံးသားဟာ သူ့အမေနဲ့အတူ ဈေးရောင်းဖော်အဖြစ် ရွာထဲကို လိုက်ပေးတတ်ပါတယ်။

ဒီလို ဈေးရောင်းထွက်နိုင်ဖို့အတွက် ဒေသခံတစ်ယောက်နဲ့ တခြားစစ်ရှောင်တစ်ယောက်က အရင်း အနှီးစိုက်ထုတ်ပြီး ကြော်ထားတဲ့ မုန့်ကြော်တွေနဲ့ သူ့လို စစ်ရှောင်တွေထဲကလာပို့တဲ့ ဒေသထွက်ဟင်းသီး၊ ဟင်းရွက်တွေကို ယူရောင်းရတာပါ။

“သူများက အရင်းကုန်တာပေါ့။ ကျမက ရောင်းခပဲ။ ဆယ်ထုတ် နှစ်ထုတ်၊ နှစ်ထုတ်စားရတယ်။ ဆယ်ထုတ်ဆို နှစ်ထောင်ပေါ့။ တစ်ထောင်တန်ပဲ လုပ်တာကော။ နောက်များများရောင်းကုန်ဆို များများရတယ်။ နည်းနည်းရောင်းကုန်ဆို နည်းနည်းပဲရတယ်။” လို့ ဒေါ်နန်းမူကပြောပါတယ်။

နေ့စဉ်ရောင်းရငွေတွေထဲကနေ ကိုယ်ထူကိုယ်ထကျောင်းတစ်ခုမှာ ၆ တန်းတက်နေတဲ့ သားကြီးတစ်ယောက်၊ ၄ တန်းတက်နေတဲ့ သမီးတစ် ယောက်နဲ့ ၃ တန်းတက်နေတဲ့ သားငယ်တစ်ယောက်အတွက် ကျောင်းစာရိတ်ကို ကြည့်ပေး နေရတာဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့ မိုးကာတဲအိမ်လေးဟာ မိုးယိုနေပေမယ့် လှည့်မကြည့်နိုင်ပဲ မိသားစုစားဝတ်နေရေးနဲ့ ကလေးပညာရေးအတွက်ကိုပဲ ဦးစားပေးနေရတာပါ။

“ဆီတခါတလေဝယ်တယ်။ တစ်ရက်လုပ်တစ်ရက်စားပဲလေ။ လေးငါးထောင်ရတာကော၊ လေးငါးထောင်ရဆို ဆားတစ်ရက်၊ ဖယောင်းတိုင်၊ ဘုရားပန်း၊ နောက် ဆပ်ပြာ အဲ့ဒါပဲ ဘာမှ မရဘူး။ ကလေးဖိနပ်နဲ့ လွယ်အိတ်တော့ ရတယ်လေ။ လွယ်အိတ်တော့ ဝယ်ပေးပြီ။ ထီးတစ်ယောက်တခု၊ လွယ်အိတ်တစ်ယောက် တစ်လုံး ဝယ်ပေးတယ်။ ဘာမှ မရေတာ့ဘူး။ အပိုမရှိတော့ဘူး။” လို့ ဒေါ်နန်းမူကပြောပါတယ်။

စစ်ရှောင်တွေအတွက် ရိက္ခာကူညီပံ့ပေးတဲ့ အသင်းအဖွဲ့တွေရှိနေလို့လည်း သူတို့ မိသားစု စားဝတ်နေရေး အခက်တွေ့တဲ့ အခြေအနေကို သက်သာရာရစေပါတယ်။

အဒေါ်တို့ မိသားစုဟာ ဒီးမော့ဆိုမြို့နယ်ကနေ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေကို စစ်ဘေးရှောင်လာတာ ခုဆို ၇ လ ကြာသွားပါပြီ။

ရွာမှာ ကျန်ခဲ့တဲ့ နေအိမ်လည်း မီးရှို့ခံရတဲ့ထဲ ပါသွားတာကြောင့် ဘာမှမရှိတော့လို့ အိမ်လည်း ပြန်လို့ မရတော့ဘူးလို့ သူကဆိုပါတယ်။

“မီးရှို့တာကြာပြီ။ မရှိတော့ဘူး၊ ဘာမှ မရှိတော့ဘူး။ ကျမယောကျ်ားပြန်ကြည့်တော့ ငိုတယ်တဲ့။ ဘာမှ မကျန်တော့ဘူး၊ အိမ်သာအဟောင်းတစ်လုံးပဲ ကျန်တယ်။ နောက်ဝက်ခြံ အရင်က ဝက်မွေးတယ်ကောနော်။ ဝက်နှစ်ကောင်မွေးထားတယ်။ နောက်အိမ်တိုင်၊ တိုက်ပုပေါ့နော်၊ အိမ်လုပ်ဖို့ပေါ့နော်။ နှစ်စုံရှိတယ်လေ မီးလောင်ကုန်ပြီရော။” လို့ ဒေါ်နန်းမူကပြောပါတယ်။

ပြန်နေစရာအိမ်လည်း မရှိတော့သလို အခြေအနေလည်း မကောင်းသေးတဲ့အတွက် စစ်ရှောင်စခန်းမှာပဲ နေထိုင်ပြီး သူ့ကလေးတွေအတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ငွေကြေးပိုင်းခက်ခဲနေတာကြောင့် တခါတလေမှာ ကလေးတွေအတွက် ကျောင်းမှာ ကုန်တဲ့ ကုန်ကျစရိတ်တချို့ကို တောင်မပေးနိုင်တဲ့ အခါမျိုးတွေရှိနေပါတယ်။

ဒေါ်နန်းမူဟာ သူ့သားသမီးတွေကို ပညာတတ်တွေ ဖြစ်လာစေချင်ပေမယ့် သူဈေးရောင်းကောင်းမှသာ သူ့သားသမီးတွေ ကျောင်းဆက်တက်နိုင်မယ့် အခြေအနေဖြစ်နေပါတယ်။

spot_img
spot_img