spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သားသမီးတွေကို ပညာတတ်စေချင်တဲ့ မိခင်တွေရဲ့ ဆန္ဒ

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပညာသင်ကြားနေသော ကလေးများ (photo: KT)

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ ဇွန်လဟာ အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်တဲ့ ကာလဖြစ်ပါတယ်။ ကျောင်းတက်ချိန် ရောက်လာပြီဖြစ်ပေမယ့် ပညာသင်ကြားဖို့ မစဉ်းစားနိုင်သေးဘဲ အသက်ရှင်ဖို့ ဘေးလွတ်ရာ ပြေးလွှားနေထိုင် နေရတဲ့ ကရင်နီပြည်သူတွေ ရှိနေသလို တခြားမြို့တွေမှာစစ်ရှောင်ပြီး သားသမီး ပညာသင်ကြားဖို့ အရေး စိတ်ပူပန်နေရတဲ့ မိဘတွေလည်း အများအပြားရှိနေပါတယ်။

ကိုဗစ်ကာလအပြင် စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ၂ နှစ်ကနေ ၃ နှစ်အထိ ကျောင်းမတက်ခဲ့ရတဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် မိခင်တွေက စိုးရိမ်နေကြရတာပါ။ တချို့က တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ရှိတဲ့ ဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံကြပြီး ကလေးတွေရဲ့ ပညာရေးကို သင်ကြားပေးတာတွေ ရှိပါတယ်။

ဒီမော့ဆိုမှာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် ဒေါ်ဇူလျားနာတို့ မိသားစုဟာ အများနဲ့အတူစစ်ရှောင်နေရပါတယ်။ သူမတို့မိသားစုဟာ စစ်ရှောင်စခန်းတစ်နေရာမှာ သွားရောက်နေထိုင်နေတာ ဖြစ်ပြီး ကျောင်းနေအရွယ် သမီးနှစ်ယောက်ရှိပါတယ်။
သူတို့ဟာ ကိုဗစ်ကာလအပြင် စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ကျောင်းနှစ်နှစ် မတက်ခဲ့ရပါဘူး။

“တောထဲတောင်ထဲမှာသွားပုန်းရတာ သူတို့ကျောင်းမတက်ရတော့ ကျမစိတ်ဆင်းရရတယ်။ သူတို့လည်း စိတ်ဆင်းရဲတယ်ပေါ့။ အခုက ကျမတို့ စစ်ဘေးရှောင်စခန်းမှာ သွားနေတယ်။ အဲ့မှာက သူတို့အတွက်‌ ကျောင်းဖွင့်ပေးမယ်ဆိုတော့ သူတို့ကျောင်းပြန်တက်ရတဲ့အတွက် ကျမလည်းပျော်တယ်။ သူတို့လည်း ပျော်တာပေါ့။ သူတို့ကိုကျောင်းတက်စေချင်တယ်။ မိခင်တယောက်အနေနဲ့ သားသမီးတွေကျောင်းတက်ရတော့ ပျော်တာပေါ့ ကလေးတွေကို စာတတ်ပေတတ် ဖြစ်စေချင်တယ်။ အဲဒါမှ သူတို့ လမ်းသူတို့လျှောက်တဲ့အခါ သူတို့နဲ့သူတို့ လျှောက်နိုင်မယ်။ လူကြီးတွေဖြစ်လာတဲ့အခါ သူတို့ဘာသာသူတို့ရပ်တည်နိုင်မယ်။ အဲလိုပေါ့ ။ ဘယ်ပဲရောက်ရောက် စားရတယ် အဲလိုတွေးတယ်။ အဲ့ကြောင့် သူတို့ကို ကျောင်းတတ်စေချင်တယ်” လို့ ဒေါ်ဇူလျားနာက ဆိုပါတယ်။

လက်ရှိမှာ ဒေါ်ဇူလျားနာတို့မိသားစုဟာ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းတစ်ခုမှာ သွားရောက်နေထိုင်တာဖြစ်ပြီး စားရေးသောက်ရေးအတွက် ပူပန်ရသလို ကလေးတွေပညာရေးအတွက်လည်း စိတ်မအေးရပါဘူး။ ဒီနှစ်မှာ‌တော့ စစ်ရှောင်စခန်းမှာ ကျောင်းဖွင့်ပေးမှာဖြစ်တဲ့အတွက် စိတ်သက်သာရာရတယ်လို့ သူမက ဆက်ပြောပါတယ်။

“အရင်ကသူတို့ကျောင်းမတက်ရတော့သူတို့ဘာမှမတတ်တော့ဘူးလေ။ အခုကကျောင်းပြန်တတ်ရမယ်။စစ်ဘေးရှောင်စခန်းမှာပေါ့ (၆) လပိုင်းစဖွင့်မယ်ပြောတယ်။ တခြားစစ်ရှောင်စခန်းမှာလည်း ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ကြတယ်လို့ သိရတယ်။ ဆရာဆရာမတွေ သင်တန်းပြန်တက်ကြပြီလို့ သတင်းကြားရတယ်။ အကြီးမက (၈) တန်းတက်ရမယ်။ အငယ်မက (၃) တန်းတက်ရမယ် (၁၀) နှစ်ရှိသွားပြီ ။ ကိုဗစ်နဲ့ တိုက်ပွဲတွေ မဖြစ်ရင် အကြီးမက (၁၀) တန်းတက်ရမယ်။ အငယ်မက (၅) တန်းတက်ရမယ် သူတို့နှစ်နှစ် နှစ်နာသွားတာ‌ပေါ့ ဒီနှစ်က ကျောင်းတကယ် ပြည့်ပြည့်၀၀ တက်ရမယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲ မသိဘူးလေ” လို့ သူကဆက်ပြောပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင်စခန်းတခုတွင် ကလေးငယ်များ ကျောင်းပညာရေး ဆက်လက်သင်ကြားနေ (Photo: KT)

ဒေါ်ဇူလျားနာဟာ တောထဲတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ အတွက် အွန်လိုင်းကနေ ကလေးတွေရဲ့ ပညာရေးကို ဆက်လက်သင်ကြားပေးဖို့ မဖြစ်နိုင်ပါဘူး။ စစ်ဘေးရှောင်စခန်းမှာ လာရောက်ဖွင့်လှစ်မယ့် စာသင်ကျောင်းတွေကို မျှော်လင့်နေရတာဖြစ်ပါတယ်။

လွိုင်ကော်မြို့မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကူးစက်လာတဲ့မြို့ပြတိုက်ပွဲကြောင့် တစ်ခြားပြည်နယ်က မြို့တစ်ခုမှာ စစ်ရှောင်ရတဲ့ မနှင်းတစ်ယောက်လည်း သူ့သမီးတွေရဲ့ ပညာရေးအတွက် ဒေါ်ဇူလျားနာလိုပဲ စိုးရိမ်နေရတာပါ။

“အဓိက အတန်းတက်တယ်ဆိုတဲ့စနစ်ထက် သူတို့ အသိပညာအတတ်ပညာရှိနေဖို့ကိုပဲ ကိုယ်က ဦးစားပေးတယ်ပေါ့နော်။ ဒါကြောင့်မလို့ ကြားကာလထဲမှာ အတန်းတော့မတက်ရဘူး။ ဒါပေမယ့် သူတို့သိသင့်သိထိုက် တဲ့ အခြေခံပညာရေးတွေ၊ နောက်ပြီးတော့ စောစောကပြောတဲ့ဟာအပြင် ဗဟုသုတလေးတွေကိုတော့ ကိုယ်ကအိမ်မှာ အချိန်ရတာတော့ သူတို့ကို လေ့လာခိုင်းတယ်။ ကိုယ်လည်းတတ်နိုင်သမျှ ပြောပြပြီးတော့မှ သင်ပေးတယ်“လို့ သူမက ပြောပါတယ်။

မနှင်းကတော့ အစိုးရ ကျောင်းကိုထားမှာမဟုတ်ဘဲ ပုဂ္ဂလိကကျောင်း၊ အင်တာနင်ရှင်နယ်ကျောင်းတွေကို ထားချင်ပေမယ့် ငွေရေးကြေးရေးအဆင်မပြေဘူးလို့ ပြောပါတယ်။ လောလောဆယ်မှာ သူတို့ စစ်ရှောင်တဲ့မြို့မှာ အင်တာနက်ရတာကြောင့် Online မှာပဲ သူမရဲ့ သမီးနှစ်ယောက်ကို ကျောင်းထားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စစ်ရှောင်ရတာ တစ်နှစ်ရှိပြီဖြစ်တဲ့ ဒေါ်သျားမြာဟာလည်း ကျောင်းနေအရွယ် သူ့သားသမီးသုံးယောက်အတွက် စိတ်ပူနေရတာပါ။ သူမတို့မိသားစုဟာ စစ်ရှောင်စခန်းမှာမဟုတ်တဲ့အတွက် ကလေးပညာသင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

“ကျမတို့နေရတဲ့နေရက စစ်ရှောင်ခန်းလည်းမဟုတ်ဘူး သီးသန့်တစ်နေရာဖြစ်နေတော့ ကလေးပညာရေးအတွက် အဆင်မပြေဘူးပေါ့။ အခုသမီးကြီးက (၁၇)နှစ် ပြည့်တော့မယ် ကိုဗစ်နဲ့ စစ်မဖြစ်ရင် ၁၀ တန်း တက်ရမယ်။ အလတ်က (၁၂) နှစ် အငယ်ဆုံးက (၇) နှစ် အကုန်လုံးက ကျောင်းနေအရွယ်တွေပဲ။ တစ်နေ့တစ်နေ့ သူတို့ ပညာရေး အတွက်ပဲ စိတ်ပူနေရတယ်။ အစိုးရကျောင်းတော့ထားမှာမဟုတ်ဘူး” လို့ဆိုပါတယ်။

စစ်ရှောင်ကလေးတွေပညာရေးအတွက် အဓိက က အတန်းတက်ဖို့မဟုတ်ဘဲ သူတို့ရဲ့ သိသင့်တတ်သင့်တဲ့ လူမှုရေး စာရိတ္တပိုင်းတွေကို အနည်းဆုံး သင်ကြားပေးနိုင်ဖို့ မနှင်းတစ်ယောက် သူနဲ့ဘ၀တူ မိခင်တွေကို အကြံပြုထားပါတယ်။

လက်ရှိ ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၂၀၀ ဝန်းကျင်ရှိနေပြီး CDM ကျောင်းဆရာဆရာမတွေနဲ့ သင်ကြားပေးနေတာရှိပါတယ်။ ဒေသခံတွေတချို့ အဆိုအရ စာသင်ကြားပေးတဲ့ ဆရာဆရာမ မလုံလောက်သလို သင်ထောက်ကူပစ္စည်းတွေ နဲ့ ဆရာဆရာမတွေကို ထောက်ပံ့ပေးနိုင်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

spot_img
spot_img