သား၊ သမီးတွေ ကျောင်းတက်နိုင်ဖို့   နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ “မေမေ”

မူအက်စတာ

ခေါင်းကို ကယန်းရိုးရာပုဝါစ နဲ့ ပေါင်းထားပြီး ကျောနဲ့ အရှေ့မှာ ကယန်းစောင် နဲ့ နို့စို့အရွယ် ကလေး၂ယောက်ကို ရှေ့မှာတစ်ယောက် ကျောမှာတစ်ယောက်ပိုးရင်း လက်တစ်ဖက်မှာတော့ အဖြူရောင်အကျီင်္နဲ့ အပြာရောင်စကတ် ဝတ်ဆင်ထားတဲ့ ပါးမှာသနပ်ခါးအဖွေးသားနဲ့ မူကြိုအရွယ် ကလေးကို လက်တွဲထားတဲ့သူကတော့ ဒေါငံရောက်(ဒီမောဆိုမြို့နယ်) ရွာက အသက်၇ဝ အရွယ် ကယန်းအဖွားအို တစ်ယောက်ပါ။

သူက မြေး၂ယောက်ကို ရှေ့နဲ့နောက်မှာ ကျောပိုး ရင်း မူကြိုကျောင်းသူ မြေးကို လက်တစ်ဖက်ကဆွဲ ကျန်တဲ့လက်တစ်ဖက်မှာ ထမင်းချိုင့်ကိုင်ပြီး နေ့စဉ် သူ့နေအိမ်ကနေ ရွာကမူကြိုကျောင်းအထိ ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ကျောင်းပို့နေကြပါ။

သူလက်တွဲထားတဲ့ မူကြိုကလေးက သူ့မြေးမလေး ဖြစ်ပြီး ကလေးအမေက မိသားစုဝင်ငွေ နဲ့ ကလေးကျောင်းစရိတ် အတွက် စင်ကာပူမှာ အလုပ်သွားလုပ်နေတာကြောင့် မြေးကို အဖွားကပဲ စောင့်ရှောက်ပေးရပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ရှိနေတဲ့ ကယား၊ ကယန်း၊ ကယော စတဲ့ မျိုးနွယ်စု သုံးစု အများဆုံးနေထိုင်ကြတဲ့ ပန်​ပက်​၊ ​ဒေါတမကြီး၊ ​ထေခိုစတဲ့​ကျေးရွာ​တွေက အိမ်ရှင်မ  အများစုက ကလေးတွေကျောင်းတက်ဖို့၊ မိသားစုဝင်ငွေဖူလုံ ဖို့အတွက်စကာင်္ပူ၊ မလေးရှား နဲ့ ထိုင်းနိုင်ငံတို့မှာ အိမ်အကူ၊ စက်ရုံ၊ အလုပ်ရုံသွားရောက်လုပ်ကိုင်ကြရတာကြောင့် မိသားစုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အရက်ကိုအဖော်ပြုရတယ်

—————————

အိမ်ရှင်မတွေ အခုလို နိုင်ငံခြားထွက်အလုပ်အကိုင်ရှာပြီး မိသားစုအတွက် စားရိတ်ထောက်ပံ့နေတဲ့အချိန် အိမ်မှာကျန်ခဲ့တဲ့ အိမ်ထောင်ဦးစီးတွေက ဇနီးသည် နဲ့ ကင်းကွာပြီး တချို့က အိမ်ထောင်ရေးအဆင်မပြေတော့တာ၊အရက်၊ ဘီယာ စတဲ့အဖျော်ယမကာတွေနဲ့ မွေ့လျော်နေကြတာနဲ့ ကလေးတွေမိခင်မေတ္တာငတ်နေတာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ကိုယ်တိုင်လေ့လာ ကွင်းဆင်းချက် အရ တွေ့ရပါတယ်။

“သူတို့အမေက ကျွန်တော့်ကိုမချစ်ဘူး၊ သူမချစ်လို့ ကျွန်တော့်ကိုဒီလိုပစ်ထားတာ တကယ်တမ်းပြန်လာပြီး တူတူလုပ်ကိုင်စားသောက်လို့ရတာပဲ သူမှကျွန်တော့်ကို မချစ်တာ” ဆိုပြီး ဇနီးသည် နိုင်ငံခြားကို ရောက်သွားတာ သုံးနှစ်ကျော်နေပြီဖြစ်တဲ့ ဦးလေးတစ်ယောက်က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ဇနီးသည်နိုင်ငံခြားကို ရောက်ပြီး တနေ့တခြား အရက်တွေကို သူပိုသောက်ဖြစ်ခဲ့တယ်။ အစားအသောက်တွေကိုလည်း ဖြစ်သလိုနဲ့ စားလာတဲ့ရက်တွေ များလာတယ်လို့ အိမ်နီးချင်းတွေကပြောပါတယ်။ သူ့လိုပဲ ဇနီးက နိုင်ငံခြားကိုသွားပြီး အလုပ်သွားလုပ်လို့ ကျန်ခဲ့တဲ့ ယောကျာ်း ဆယ်ယောက်မှာ တစ်ယောက် က အရက်ကိုအဖော်ပြုနေကြတာကို ကိုယ်တိုင် လေ့လာစစ်တမ်းကောက်ယူမှုအရ တွေ့ရပါတယ်။ 

လွမ်းရေးထက် ဝမ်းရေးခက်တာမို့

—————————————-

ကယန်းဒေသ ပန်ပက်ကျေးရွာအုပ်စုတွင်းမှာ ရှိတဲ့အိမ်ခြေ ၁၆ဝမှာ အမျိုးသမီး ၁၄ဝလောက်က နိုင်ငံခြားမှာ ငွေရှာထွက်​​နေကြတာကို ​ကျေးရွာအထိ ကိုယ်​တိုင်​​လေ့လာစစ်​တမ်​း​ကောက်​ယူမှုအရ သိရပါတယ်​။ ဖရူဆိုမြို့နယ် နဲ့ ဒီမောဆို မှာ လူဦးရေ ၅၀ဝလောက်က နိုင်ငံခြားကို သွားပြီးအလုပ်အကိုင်ရှာဖွေ နေကြပါတယ်။

ဒီးမော့ဆိုမြို့နယ်ရဲ့ စုစုပေါင်းလူဦးရေမှာ ၇၉၁၇၄ဦး ရှိပြီး နိုင်ငံခြား ကိုသွားရောက် အလုပ်လုပ်ကိုင်သူဦးရေက လူဦးရေ ရဲ့ ဆယ်ပုံတစ်ပုံခန့် ရှိပါတယ်။ ဖရူဆိုမြို့နယ်ရဲ့ လူဦးရေမှာ သန်​း​ခေါင်​စာရင်​းအရ ၂၉၃၇၄ဦးဖြစ်ပါတယ်။

“ကျွန်တော်အားငယ်တယ်၊ ဝမ်းနည်းတယ်၊ တစ်ခါတလေ ကိုယ့်ဟာကိုခိုးငိုတယ်၊ ကိုယ့်မှာအမေရှိရက်နဲ့ တူတူမနေရဘူးဆိုပြီးတော့လေ၊ မိသားစုစုံစုံလင်လင် ပြန်နေချင်တယ် ငယ်ငယ်တုန်းကလိုပေါ့” လို့ ၉တန်းကတည်းက အမေနဲ့ ခွဲခွာနေရတဲ့ လွိုင်​​ကော်​ပညာ​ရေး​ကောလိပ်​​ကျောင်​းသား​လေးက မိသားစုသိုက်သိုက်ဝန်းဝန်းပြန်နေချင်ကြောင်း သူ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။

အမိုး(အမေ)နဲ့ အမတို့ ဖြစ်စေချင်တဲ့ လူမျိုးဖြစ်အောင် ကျွန်တော်ကြိုးစားပါ့မယ်ဆိုပြီး မိခင်နဲ့ အစ်မရဲ့ အဝေးကနေဆိုဆုံးမမှုကြောင့် သူ ဆယ်တန်းအောင်မြင်ပြီး အခုဆိုရင် လွိုင်ကော်ပညာရေးကောလိပ်မှာ ကျောင်းဆရာပညာ သင်ယူနေပါပြီ။ ဒီလိုအမေနိုင်ငံခြားထွက်ပြီး အလုပ်လုပ်တဲ့အတွက်ကြောင့် သားသမီးတွေ မိခင်နဲ့အတူမနေရတာ ပျမ်းမျှ တစ်ရွာမှာ ၅ဦးလောက် ရှိနေပါတယ်။

“အ​မေ့ရဲ့​မေတ္တာမရ​တော့ စိတ်​အားငယ်​ရမှာလည်​း စိုးရိမ်​တာပဲ မိဘအနားမှာမရှိလို့ သူတစ်ပါးအနိုင်​ယူခံရမှာကိုလည်​း စိုးရိမ်​တာပဲ အစစရာရာ​ပေါ့” လို့ ရွာမှာ သမီးလေးတစ်ယောက်ကို အဖွားတွေနဲ့အတူ ထားခဲ့ရတဲ့ စင်္ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်တည်းကနေ အခုထိ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်က သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

 

အဝေးရောက် မေမေ

———————–

ကလေးတွေ ငယ်ရွယ်သေးချိန်မှာ မိဘနဲ့ ဝေးရာကို နေနေရတဲ့ ကလေးတွေ ကြီးပြင်းလာချိန်မှာ အခြားကလေးတွေနည်းတူ ဉာဏ်ရည်မမီတာတွေ၊ သူများနည်းတူ လူတောမတိုးရဲတာတွေ ဖြစ်လာနိုင်တယ် လို့ သိရပါတယ်။အဆိုးဆုံးအခြေအနေတွေက ကလေးတွေနဲ့ နီးစပ်သူတွေက ကလေးတွေကို မဒိန်းကျင့်တာမျိုးတွေ ရှိနေတတ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးက အတွင်းရေးမှူး(၃) မော်ဖရေမြာက ပြောပါတယ်။

“ကလေးတစ်ယောက်ဟာ မိခင်နဲ့ အနီးဆုံးမှာပဲနေချင်မှာပဲ။ မိခင်ရင်ခွင်နဲ့ ဝေးနေမယ်ဆိုရင် စိတ်ချရတဲ့ခေတ်မဟုတ်တော့ဘူး။ တော်တော်များများလည်း ကျွန်မတို့မြင်တွေ့နေရတာက ကိုယ့်ကလေးအရေးပဲဖြစ်ဖြစ် နောက်ပြီးတော့မှ သူ့ဦးလေးတို့နဲ့ပဲဖြစ်ဖြစ် ထားခဲ့လို့ရှိရင် ကာမလိမ်လည်တာတွေ မဒိန်းကျင့်တာမျိုးတွေ တော်တော်များများရှိနေတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ အခုလို အမျိုးသမီးများက အဝေးမှာ အိမ်ထောင်ရေး အဆင်မပြေတော့တာ ၄ ပုံ ၂ ပုံလောက်ရှိနေတယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

အခုလို အမျိုးသမီးများ နိုင်ငံခြားကိုသွားရောက်ပြီး အလုပ်ရှာဖွေကြတဲ့အတွက်ကြောင့် ဒေသတွင်းမှာ လုပ်သားရှားပါးလာပြီး လုပ်အားခ ဈေးတက်တာမျိုးတွေလည်း ကယားပြည်နယ်ရဲ့ နေရာတိုင်းမှာ ဖြစ်ပေါ်နေပါတယ်။ အရင်ကစပါးစိုက်တောင်သူတစ်ဦးရဲ့ တစ်နေ့လုပ်ခမှာ ၂၀၀ဝ ၂၅၀ဝကျပ်ဖြစ်ပြီး အခု ၂၀၁ရခုနှစ်မှာ ၅၀၀ဝ လောက် အထိ ရရှိတဲ့ အလုပ်တချို့ရှိပြီး အခြားဒေသကလာရောက်လုပ်ကိုင်ဖို့ကိုပဲ အားထားနေရပါတယ်။ဖရူဆို နဲ့ ဒီမောဆို က ရွာတွေမှာ လူငယ်ပိုင်းကို မတွေ့ရတော့ပဲ သက်ကြီးအရွယ်အိုအပိုင်းတွေကိုသာ တွေ့မြင်ရပါတယ်

 

နိုင်ငံခြားမှာ ငွေပိုရတယ်

————————–

 မိသားစုငါးယောက်(ကျောင်းနေအရွယ်၃ယောက်)ရှိတဲ့ မိသားစုတစ်စုရဲ့ စားဝတ်နေရေးနဲ့ ကျောင်း စားရိတ် စုစုပေါင်းက ၄သိန်းကျော် ရှိနေပါတယ်။ သားသမီးတွေအားလုံးကိုလည်း ကျောင်းထားကြပါတယ်။စိုက်ပျိုးရေးကို ပဲ အားထားရတဲ့ရွာတွေ(ပန်​ပက်​၊ ​ဒေါတမကြီး၊ ​ထေခို)ဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အခါ

အသုံးစားရိတ်တွေကို နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်ကိုင်မှ မိသားစုဝင်ငွေ လုံလောက်ဖူလုံတာဖြစ်ပါတယ်။

အထက်တန်းကျောင်းသားတစ်ဦးရဲ့ ကျောင်းစားရိတ်က ၁လကို ၁သိန်းလောက်ရှိနေပါတယ်။ နိုင်ငံခြားကို အလုပ်ထွက်လုပ်တော့ ကလေးကိုမြို့ပေါ်(လွိုင်ကော်)ကျောင်းတွေမှာ ကျောင်းထားလာနိုင်ကြပါတယ်။ ရွာတွေမှာတော့ အထက်တန်းကျောင်းခွဲထိပဲ ရှိကြပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းကို ဆက်တက်နိုင်ဖို့အတွက်ဆိုရင်တော့ မြို့ပေါ်ထိတက်လာပြီး အဆောင်မှာငှါးနေတာ၊ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေပြီးကျောင်းတက်ကြပါတယ်။

“သူတို့ရဲ့ ပညာရေး၊ ဝမ်းစာဖူလုံရေး မိသားစုရှေ့ရေးအတွက်မျှော်ကိုးပြီးတော့သွားကြတယ် ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းက ဟိုဘက်က ပိုသာနေလို့ဟိုဘက်ကို သွားကြတာပေါ့။ ပြန်လာရင့် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုရှိမလဲ။ ချက်ချင်းလက်ငင်းအလုပ်အကိုင်မရတော့ အစိုးရအနေနဲ့ ဘာ လုပ်ပေးနိုင်မလဲဆိုပြီးပြောတဲ့သူတွေရှိတယ်” ဒေါတမကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြေပါတယ်။    

ရွာမှာဆိုရင် အမျိုးသမီးတွေက ကောက်စိုက်၊ ပေါင်းလိုက်၊ စပါးရိတ်စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် နွေရာသီမှာ လမ်းခင်း၊ သစ်ပင်စိုက် စတဲ့ ကျပန်းအလုပ်တွေပါ လုပ်ကိုင်ကြပါတယ်။ အဓိက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်တဲ့ မိသားစုတွေက ရွာမှာကျန်ခဲ့တဲ့ ်မိသားစုတွေထက် စားဝတ်နေရေးပိုချောင်လည်ပြီး အိမ်မှာကျန်ခဲ့တဲ့ မောင်လေး ညီမလေးတွေကို ပါ မြို့ပေါ်ကျောင်းတွေမှာ ထားပေးနိုင်ကြပါတယ်။ လူသုံးကုန်ပစ္စည်းတွေ (ပရိဘောဂ၊တီဗီ)အဆင့်မြင့်ပိုသုံးနိုင်တာတွေ စတာတွေ ရှိပါတယ်။

ရွာမှာရတဲ့ ဝင်ငွေ နဲ့ နိုင်ငံခြား သွားလို့ ရတဲ့ဝင်ငွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွာမှာ အလုပ်လုပ် ရင် တစ်နေ့ အများဆုံး ၅၀၀ဝကျပ်ဝန်းကျင် ရရှိ်ပါတယ်။အလုပ်ကနေ့တိုင်းမရှိဘဲ စိုက်ပျိုးရေးရာသီချိန်မှာ အလုပ်အကိုင်ရှိပါတယ်။ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ် ရင် စက်ရုံအလုပ်ရုံတွေမှာ တစ်လလုပ်ခက ပျမ်းမျှ အနည်းဆုံး ၃သိန်းထိ ရရှိကြပြီး သူဌေးတွေရဲ့ အိမ်အကူ ကလေးထိန်းစတာတွေ လုပ်ရင်တော့ တစ်လကို ပျမ်းမျှ အနည်းဆုံး ၅သိန်းထိ ရရှိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မိသားစုဝင်ငွေကြောင့် သွားရောက်လုပ်ကိုင်ကြပါတယ်။

“ဒီမှာနေတာက ပိုက်ဆံမရဘူး၊ ဟိုမှာနေတာက ပိုက်ဆံပိုရတယ်။ တနေ့ကို ဧည့်သည်တစ်ထောင်နှစ်ထောင်လောက်ဝင်တယ်။ ဒီမှာဆိုရင်တော့ ဧည့်သည်ကတစ်ရက်လုံးမှ ဆယ်ဂဏာန်းလောက်ပဲဝင်တယ်။ ဟိုမှာကဧည့်သည် တစ်ယောက်ကို ဝင်ကြေး ဘတ် ၅၀ဝ ကောက်တယ်။ ရွာအလယ်မှာဆိုရင်လည်း ရန်ပုံငွေပုံးတွေထားတယ်။ ဒီဖက်မှာဆိုရင်လည်း ဧည့်သည်တွေကို ဖျော်ဖြေပေးနေတယ်ပေါ့။ ဖျော်ဖြေပေးပြီးတော့ ဧည့်သည်တွေက အလှူငွေပေးတယ်ပေါ့” လို့ ပန်ပက်ရွာက ကြေးကွင်းပတ် မူဒါကပြောပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ကယန်းလူမျိုးယောကျာ်းလေးတွေက သူဌေးတွေရဲ့ ဆင်၊ နွား၊ ကျွဲ ထိန်းကျောင်းပေးတာနဲ့ ဥယျာဉ်ခြံတွေ ပြုစုစောင့်ရှောင့်ပေးခြင်း စတာတွေကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ကြေးပတ်တဲ့ မိန်းကလေးတွေမှာတော့ သူဌေးတွေရဲ့ နေအိမ်မှာနေပြီး ဂျပ်ခုပ်ထည်တွေရက်လုပ်တဲ့ အလုပ်ကို လုပ်နေကြပြီး ဧည့်သည်တွေရောက်လာချိန်မှာတော့ ရိုးရာအကတွေကို ကပြဖျော်ဖြေပေးရတယ်လို့ ပြန်လာသူတချို့က ပြောပါတယ်။

ရွာမှာရရှိတဲ့ တစ်လဝင်ငွေနဲ့ ပြည်ပမှာရရှိတဲ့ တစ်လဝင်ငွေ ကွာခြားမှုပြဇယား

ကယားပြည်နယ် မှာ ၂၀၀၅ ခုနှစ်လောက်ကနေစပြီး နိုင်ငံခြားကိုအမျိုးသားတွေ ထွက်ခွာအလုပ်လုပ်ကြပြီး ၂၀၁ဝ ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေကပါ အမျိုးသားတွေနည်းတူ နိုင်ငံခြားထွက်ပြီး ငွေရှာကြရပါတယ်။ ၂၀၁၅ခုနှစ်လောက်မှာတော့ အသက် ၁၇၊ ၁၈နှစ်နဲ့ ကျောင်းထွက်ပြီး နိုင်ငံခြားကို အစုလိုက် အပြုံလိုက်ထွက်သွားကြပါတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေက နိုင်ငံခြားမှာအလုပ်လုပ်တဲ့ ဝင်ငွေနဲ့ အဓိက ရပ်တည်ကြပါတယ်။

 

ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ် 

ကယားပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ကြည့်မယ်ဆိုရင် နဲ့ ကယား နဲ့ ချင်းပြည်နယ်က ရင်းနှီးမြုပ်နှံမှု အနည်းဆုံး နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တွေဖြစ်ပါတယ်။ဒေသတွင်း စီးပွားရေးကို ကြည့်မယ်ဆိုရင်လည်း ဒေသခံတွေက စိုက်ပျိုးရေးကိုပဲ အဓိက လုပ်ကိုင်ကြပြီး မိုင်းတူးဖော် တဲ့ စီးပွားရေး စီမံကိန်းတချို့သာ ရှိပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို စတင်ခေါ်ယူနေပြီလို့ ကယားပြည်နယ်အစိုးရဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအံ့မော်က ပြောပါတယ်။

“ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ အဓိကအသင့်တော်ဆုံးက စိုက်ရေးပျိုးရေးပေါ့၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ပေါ့ တို့တိုင်းပြည်လည်း စိုက်ပျိုးရေးနဲ့ အဓိက ရင်းနှီးမြုပ်နှံမှုလုပ်ရမယ့် တိုင်းပြည်ပဲလေ။ရင်းနှီးမြုပ်နှံမှုတွေရှိမှ တိုင်းပြည်တိုးတက်မယ်။ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါ ပြည်နယ်သူ ပြည်နယ်သားတွေ ကန့်ကွက်တဲ့ဟာတွေလည်း ဦးနှောက်သုံးပြီး ကန့်ကွက်ကြပါလို့ ပြောချင်တယ်”လို့ ဦးအံ့မော်က ဆက်ပြောပါတယ်။

အခုလို မိသားစုတကွဲတပြားနဲ့ သွားရောက်လုပ်ကိုင်နေကြတာက အလုပ်အကိုင်အခွင့်အလမ်း နဲ့ လုပ်ခလုပ်စာကြောင့် အဓိက ဖြစ်ပါတယ်။အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရှားပါးတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်ကြရပါတယ်။

“မြန်​မာနိုင်​ငံမှာအလုပ်​မရှိလို့  မြန်​မာနိုင်​ငံလစာက မိသားစု​ထောက်​ပံဖို့ မလုံ​လောက်​ဘူး​လေး

အလုပ်​ရှိရင်​ အိမ်​မှာ​နေတာပို​ပျော်​တ​ာပေါ့” လို့ လက်ရှိ ဒေါငံရောက်ရွာကနေ စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အိမ်ထောင်ရှင်မ တစ်ဦးက ပြောပါတယ်။

 

ဥမကွဲသိုက်မပျက် နေရဖို့ အလုပ်အကိုင်အခွင့်အလမ်းလိုတယ်

———————————————————–

ပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေရဲ့ ပညာရေး အားကောင်အောင် နဲ့  အလုပ်အကိုင်ရှာဖွေပေးနိုင်ရင် ပြည်သူများအတွက် ပိုကောင်းပါမယ် လို့ ဒေါတမကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ် က ပြောပါတယ်။

“မြန်မာပြည်မှာနေတာက ဝင်ငွေနည်းတယ်ဆိုတာထက် အလုပ်ကိုင်အခွင့်အလမ်းမရှိလို့ပါ။ ပြည်နယ်အစိုးရတွေကို ဒီတစ်ခုဖြည့်ဆည်းပေးနိုင်ရင် ကောင်းတာပေါ့နော။ ပြီးတော့ ပညာအရည်အချင်းမရှိတဲ့သူတွေအတွက်ကော သင့်တော်တဲ့ လက်လှမ်းမီတဲ့ အရည်အချင်းနဲ့ သင့်တော်တဲ့ အလုပ်အကိုင်ရှာပေးနိုင်ရင်တော့ ပြည်နယ်အတွက်ပိုပြီး ကောင်းမယ်ပေါ့နော။ သူတို့တွေကလည်း အရည်အချင်းရှိလို့ ဒေါ်လာတွေရနေတာမဟုတ်ဘူး၊ အောက်ခြေသိမ်းအလုပ်ကစပြီးတော့ သူတို့သင့်တော်ရာအလုပ်တွေကို လုပ်နေတာ” လို့ ဦးအံ့မော် က ဆိုပါတယ်။

ကယားပြည်နယ်က နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့ ကြေးကွင်းပတ် လူမျိုးတွေလည်း ရှိတာကြောင့် အစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာလို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင်လုပ်နိုင်မယ် ဆိုရင်လည်း ဒေသခံတွေအနေနဲ့ အလုပ်အကိုင် ရရှိလာမှာဖြစ်ပါတယ်။

အစိုးရ အနေနဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စီမံချက် တွေ နဲ့ လုပ်ဆောင်ပြီး ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်စရာ မလိုတော့ဘဲ မိသားစုတွေ ဥမကွဲသိုက်မပျက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံခြားသို့ သွားရောက် လုပ်ကိုင်သူဦးရေပြဇယား (ကွင်းဆင်းကောက်ခံရရှိသည့် လူဦးရေဖြစ်သည်)

Comments

comments

Next Post

ဘောလခဲ၌ဖမ်းမိ အထောက်အထားမဲ့ လူ ၈ ဦးကို လဝကအက်ဥပဒေဖြင့် အရေးယူ

Wed Sep 20 , 2017
ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသော အထောက်အထားမဲ့ လူ ၈ ဦးကို နိုင်ငံသားသက်သေခံအထောက်အထားမပါရှိခြင်းကြောင့် လ.ဝ.ကအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖမ်းဆီးရရှိထားသော လူ ၉ ဦးအနက် ၈ ဦးသည် လူမျိုး(စုံစမ်းဆဲ)/အစ္စလမ်ဘာသာဝင်ဖြစ်ကာ ၁ ဦးမှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သိရသည်။ ဘောလခဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီခွဲ အချိန်ခန့်တွင် လွိုင်ကော်မှ မော်ချီးကျေးရွာသို့ စိုးတင့်(ခ) အငယ်ကောင်၊(၂၂)နှစ် (ဘ)ဦးစိုးမြင့် ရွှေညောင်မြို့ နေသူမောင်းနှင်သော ထ/xxxxဟိုင်းလပ် မော်တော်ယာဉ်ကို စစ်ဆေးရာ လူမျိုး(စုံစမ်းဆဲ)/ အစ္စလာမ်ဘာသာဝင် (၈)ဦးနှင့် ဗမာလူမျိုး/ဗုဒ္ဓဘာသာဝင် (၁)ဦးအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါသူများကို စစ်မေးရာ ရွှေညောင်မြို့၊ ရွှေဘုံသာ (၁)ရပ်ကွက်၊ […]