သီရိမင်္ဂလာစျေးကို အဆင့်မြှင့်တင်မယ့်အစီအစဉ် ဈေးသူ/သားများ သဘောမတူတဲ့အတွက် ပြန်ရုတ်သိမ်း

0
810
လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီနှင့် စျေးသူစျေးသားများ တွေ့ဆုံဆွေးနွေးနေကြစဥ်။

ကန္တာရဝတီတိုင်း(မ်)

လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီနှင့် စျေးသူစျေးသားများ တွေ့ဆုံဆွေးနွေးနေကြစဥ်။

သီရိမင်္ဂလာစျေး (တောင်ဈေး)ကို အဆင့်မြှင့် တိုးချဲ့ဆောက်လုပ်သွားနိုင်ဖို့ကို လွှတ်တော်မှာ အဆိုတင်သွင်းမယ့် အစီအစဉ်ကို စျေးသူ၊စျေးသားတွေ သဘောမတူတာကြောင့် အစီအစဉ်ကိုပြန်ရုတ်သိမ်း သွားတယ်လို့ ဈေးကော်မတီဥက္ကဌဦးတင်အောင်မိုးက ပြောပါတယ်။

“လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ လူဦးရေအရလည်း ဈေးများနေပြီ။ နောင်ယာဈေး၊ နှစ်ထပ်ဈေး၊ ဗဟိုဈေး၊ တောင်ဈေးလို့ခေါ်တဲ့ သီရိမင်္ဂလာဈေး၊ ဈေး ၄ဈေးရှိတယ်။ ဒီမြို့လေး လူဦးရေ ၈သောင်းလောက်ရှိတောင်မှ ဈေး ၄ ဈေးလုံးရှိနေတာပဲ လုံလောက်နေပါပြီ ဆောက်စရာမလိုပါဘူး မလိုတဲ့အကြောင်းကို ပြန်တင်ပြတယ် တင်ပြတော့ လွှတ်တော်မှာအဆိုတင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ်ကလည်း သူ့အဆိုကို မတင်တော့ပါဘူး ပြန်ရုတ်သိမ်းမယ်လို့ ကျတော်တို့ဈေးသူဈေးသားနဲ့ ဈေးကော်မတီကို ကတိပေးသွားပါတယ်”လို့ ဈေးကော်မတီဥက္ကဌ ဦးတင်အောင်မိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက သီရိမင်္ဂလာတောင်ဈေးရဲ့ ဈေးကော်မတီရုံးခန်းမှာ ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် လွှတ်တော်ထဲအဆိုတင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်ကော်မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဈေးကော်မတီအဖွဲ့နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဆင့်မြင့်တင်ဆောက်သွားမယ့်စျေးမှာ ၉ ပေပတ်လည် ဆိုင်ခန်းတခန်းအတွက် ဆိုင်ခန်းပိုင်ရှင်က သိန်း ၂၄၀ ပေးသွင်းရမှာ ဖြစ်တယ်လို့ စျေးသူစျေးသားတွေက ဆိုပါတယ်။

“ပြောချင်တာက ကျတော်တို့ ဈေးသူဈေးသားတွေဆိုတာက စားဝတ်နေရေးအတွက် တကယ့်ကို ခက်ခက်ခဲခဲနဲ့ လုပ်ကိုင်နေတာ။ ဒါကို ဒီဈေးဆောက်မယ်ဆိုတော့ တစ်ခန်း ၂၄၀ဆိုရင် တွက်ကြည့် ကျတော်ဆို ၄ခန်းရှိတယ်။ ကျတော်တို့မသုံးနိုင်ဘူး။ ဆိုလိုတဲ့သဘောက ကိုယ်တောင်မှရင်းနှီးစားသောက်ဖို့ကို အမျိုးမျိုးကြံဖန်ပြီးတော့ လုပ်ကိုင်နေရတဲ့အချိန်မှာ အသစ်တည်ဆောက်မယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဈေးကလည်း ဟောင်းသေးတာလည်းမဟုတ်ဘူး။” လို့ ဈေးကော်မတီဥက္ကဌ ဦးတင်အောင်မိုးက ပြောပါတယ်။

လက်ရှိ သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း (၁၀၆၂)ခန်း၊ ပျံကျ ၄၀၀ ကျော်နဲ့ ဈေးသူ/သား ၅၀၀ကျော်ရှိနေတာပါ။

တွေ့ဆုံပွဲမှာ စျေးသူ၊စျေးသားတွေ သဘောမတူတာကြောင့် ဈေးအဆင့်မြှင့်တိုးချဲ့ဆောင်ရွက်မယ့်အဆိုကို ပြန်ရုတ်သိမ်းသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦးက ကတိပေးခဲ့တာပါ။

တောင်ဈေးအဆင့်မြှင့်တည်ဆောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အခက်အခဲကို ဦးတင်အောင်မိုးက
“ ဒီဈေးက ကြီးတဲ့အတွက် တည်ဆောက်ပြီဆိုလို့ရှိရင် ၃နှစ်ကနေ ၅နှစ်ကြမယ်။ ဒီ ၃နှစ်ကနေ ၅နှစ်အတွင်းမှာ ဒီလူတွေရဲ့စားဝတ်နေရေးက ဘယ်သူမှအာမ မခံနိုင်ဘူး အားလုံး ဒုက္ခရောက်သွားနိုင်တယ် ။ ဆိုလိုတဲ့သဘောက ကျတော်တို့ဈေးသူဈေးသားအနေနဲ့က ဈေးအသစ်တည်ဆောက်ခြင်းက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်သင့်ဘူး။ ပြည်သူတွေရဲ့စားဝတ်နေရေးပြေလည်ဖို့နဲ့ ဈေးသူဈေးသားတွေ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ကိုင်စားသောက်ဖို့အတွက်က မွမ်းမံတဲ့အပိုင်းတွေ ပြင်ဆင်တဲ့အပိုင်းတော့ လက်ခံတယ် အဲ့ဒီအကြောင်းကို ကျတော်တို့က တင်ပြလိုက်တယ်”လို့ ဆက်ပြောပါတယ်။
လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက
“ကျတော်တို့အပိုင်းက ဈေးသစ်တည်ဆောက်ခြင်း မတည်ဆောက်ခြင်းက အားလုံးရဲ့သဘောတူချက်ရရင် ဌာနဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ ဆောက်ရမှာပေါ့နော။ ဘတ်ဂျက်လည်းကျမယ် ဈေးသူဈေးသားလည်း သဘောတူမယ်ဆိုရင် ကျတော်တို့တည်ဆောက်ပေးမယ်ပေါ့။ အဲ့တော့ ကျတော်တို့အပိုင်းအနေနဲ့ကတော့ တည်ဆောက်ခြင်းမတည်ဆောက်ခြင်းထက် ဈေးရဲ့တိုးတက်ရာ ဈေးရဲ့တည်ဆောက်ခြင်းလုပ်ငန်းတွေကိုတော့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတော့ ကျတော်တို့ဆီမှာတော့ နှစ်စဉ်ရှိတယ်”လို့ ဆိုပါတယ်။

သီရိမင်္ဂတောင်ဈေးမှာ ဒေသခံတိုင်းရင်းသားတွေ အများစုလာရောင်းနေတဲ့ ဈေးဖြစ်ပြီး နှစ်ပေါင်း ၂၀ကျော် ကြာမြှင့်ပြီလို့ သိရပါတယ်။