spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သံလွင်မြစ်တလျှောက် ခရီးသွားလုပ်ငန်း ဖြစ်လာဖို့ အလားအလာ လုံခြုံရေးအရ မသေချာ

Author

Date

Category

မီမြာ ၊ အန်ထောနီ

သံလွင်မြစ်တစ်လျှောက် ခရီးသွားလုပ်ငန်းဆောင်ရွက်ဖို့ အစိုးရကနေ စီမံကိန်းရေးဆွဲဖို့ စတင်စီစဉ်ထားရှိတဲ့အပေါ်မှာ နယ်မြေလုံခြုံရေးအရ အဆင်ပြေနိုင်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဘက်က ပြောဆိုလိုက်ပါတယ်။

စီမံကိန်းဖော်ဆောင်မယ့်ရှားတောမြို့နယ်က အစိုးအနေနဲ့ အညိုရောင်နယ်မြေအဖြစ်သတ်မှတ်ထားဆဲ ဒေသလည်း ဖြစ်သလို KNPPကလည်း ပြီးခဲ့တဲ့ ၂၀၂၀ မေလအတွင်းက တပ်ပိုင်းဆိုင်ရာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ကြပြီး မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားလျက်ရှိနေသေးတဲ့ ဒေသဖြစ်နေသေးတာကြောင့် လုံခြုံရေးအရ အဆင်မပြေနိုင်သေးတာဖြစ်တယ်လို့ ရှားတောမြို့ KNPP မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမဲရယ်က ဆိုပါတယ်။

“ ဒီဖက်အစိုးရပြောတာကအညိုရာင်နယ်မြေ ပြီးတော့ ကျနော်တို့ဖက်ကလည်းကန့်သတ်နယ်မြေကျနော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေအဲလိုပေါ့နော နည်းနည်းတော့ပင်ပန်းမယ်ပေါ့။ ပြီးတော့ အဓိကဘာပင်ပန်းမလဲဆိုတော့ ဥပမာ – ကျနော်တို့လှုပ်ရှားမှုနဲ့ ဗမာတပ်လှုပ်ရှားမှုကအချင်းချင်းအပြန်အလှန်လှုပ်ရှားတော့ ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်ပေါ့။ ကျနော်တို့နဲ့ ပြီးခဲ့တဲ့ ၅ လပိုင်းတုန်းက ဖြစ်ခဲ့ပြီးပြီပေါ့။ ကျနော်တို့ဖက် တပ်ကမထိန်းဘူးဆိုရင် ပြသာနာတွေ ပိုဖြစ်လာမယ် ။ ကျနော်တို့ ကြိုးစားပြီးအကောင်းဖက်မြင်ပြီးတော့ ရှောင်လိုက်တာပေါ့။ ဒီရှားတောဖက်မှာခဏခဏဖြစ်တယ် ဒါပေမယ့် ကျနော်တို့ သည်းခံတယ်။ ဒီခရီးသွားလုပ်ငန်းအနေနဲ့ပြောမယ်ဆိုလိုရှိရင် လုံခြုံစိတ်ချတယ်ဆိုတာကျနော်တစ်ယောက်အနေနဲ့ အခက်ခဲရှိမယ်လို့ ထင်တယ်။”

ပြီးခဲ့တဲ့ လကတည်းက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေသွားရောက်လည်ပတ်နိုင်ဖို့ ရှားတောမြို့နယ်ထဲက သံလွင်မြစ်နဲ့ ရွာသစ်မြို့က လည်ပတ်စရာနေရာတွေကို ကွင်းဆင်းပြီး စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ လျာထားတာပဲရှိသေးတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးမင်းဇော်ထွန်းက ပြောပါတယ်။

“ ဒေသခံခရီးသွားကော်မတီဝင်တွေ၊ ဒီက ခရီးသွား (DMO) အဖွဲ့တွေ၊ လုပ်ငန်းစဉ်အသင်းတွေ ပူးပေါင်းပြီးတော့ အကိုတို့ခရီးစဉ်တွေဖော်ထုတ်တယ်။ ဖော်ထုတ်ဖို့ခါကျတော့ ကယားပြည်နယ်မှာလွိုင်ကော်မှာတင်မဟုတ်ဘဲနဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ ရွာသစ်၊ ရှားတော၊ မယ်စဲ့ ဒါတွေအားလုံးကို ခရီးစဉ်နေရာတိုင်းရှိရမယ်ဆိုပြီးအကိုတို့တွေက ဖော်ထုတ်တဲ့အတွက်ကြောင့် အခုဆိုရင် ရွာသစ်မှာရှိတဲ့ရေတံခွန်ရယ်၊ နှစ်ပေါင်း ၁၅၀ကျော်လောက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေရယ်။ နောက်ရှားတောကိုကွင်းဆင်းတယ် ရှားတောမှာလဲ ရေပူစမ်းနဲ့ သံလွင်မြစ်ပေါ့နော် ဒီမှာဖြစ်နိုင်ခြေရှိတာတွေကို သွားပြီးသုံးသပ်တာရှိပါတယ်။”

ရှားတောမှာရှိတဲ့ ကယားလူမျိုးတွေရဲ့ ရိုးရာနေထိုင်မှု၊ သဘာဝရေပူစမ်းချောင်း၊ ဘုရားဖူး ခရီးစဉ် နဲ့ သံလွင်မြစ်တစ်လျောက် စက်လှေအပန်းဖြေခရီး ဖော်ဆောင်ဖို့ လျာထားတာဖြစ်ပါတယ်။

ဒီလိုစီမံကိန်းကို ပြီးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တုန်းကလည်း စီစဉ်ထားပြီးဖြစ်လို့ အဲဒီကတည်းက လုပ်ခွင့်မပြုဘူးလို့ KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီယာယ်က ပြောပါတယ်။

“ အဲ့ဒါကတော့ ခွင့်မပြုသေးပါဘူး အရင်ကတည်းကလဲ သူတို့ ပြီးခဲ့တဲ့အရင်အစိုးရတစ်ထမ်းကတည်းက သူတို့ခွင့်တောင်းတယ်။ သူတို့တောင်းဆိုတယ်လေး။ ဒါပေမယ့် ကျနော်တို့က KNPP အနေနဲ့ကတော့ ခွင့်မပြုပေးဘူး။ ခွင့်ပြုအုံးမှာ မဟုတ်သေးဘူး။”

ခွင့်ပြုချက်ရမရဆိုတာကလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူပေါ်လစီကို ပြန်ကြည့်ရမှာဖြစ်ပြီး ရှားတောမြို့နယ်အတွင်းနဲ့ ရွာသစ်မြိုနယ်ခွဲအတွင်း ဘယ်လောက်သွားလို့ရနိုင်သလဲဆိုတဲ့အပေါ်မှာ မေးမြန်းသွားမယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှု ဦးစီးဌာနက ဦးစီးမှူး ဦးအောင်ကျော်သူက ပြောပါတယ်။

အခုလိုစီမံကိန်းတွေဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်နယ်အစိုးရတို့နဲ့ ညှိပြီး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

“ ရှိပါတယ်။ ပြီးရင်တော့ သူတို့တွေနဲ့ ညှိမှာပါ။ ညှိပြီးတော့မှ ပြည်နယ်အစိုးနဲ့သူတို့ အဖွဲ့အစည်းအားလုံးနဲ့ညှိပြီးတော့ လုပ်မာပါ။” ဦးအောင်ကျော်သူက ပြောပါတယ်။

ရှားတောမှာ ခရီးသွားလုပ်ငန်းဖော်ဆောင်ဖို့ကို ဒေသခံတွေ အနေနဲ့ မသိရှိကြသေးပါဘူး။ အခုအခြေအနေအရလည်း လုပ်ငန်းဖော်ဆောင်ဖို့ မသင့်တော်သေးဘူးလို့ လည်း ဆိုကြပါတယ်။ ရှားတောမြို့နယ် ဒေသခံ မော်မဲဲဲဲမို ကတော့ လုံခြုံရေးအရလည်း လုံခြုံမှုမရှိနိုင်သေးဘူးလို့ ဆိုပါတယ်။


“ ဘာဖြစ်လို့ လုံခြုံရေးပိုင်းမှာ မရှိသေးဘူးလဲဆိုတော့ ဒီဘက်မှာဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေးပဲရှိသေးတယ်။ ဘာမှ ငြိမ်းချမ်းရေးရသေးတဲ့ အဆင့်မဟုတ်သေးတဲ့ အခါကျတော့ နှစ်ဦး နှစ်ဖက်က ဘယ်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ မသိနိုင်ဘူး မသိနိုင်တဲ့အတွက် ကြောင့် ဒီလိုမျိုး ကိစ္စတွေဆိုလို့ရှိရင် ကျမတို့က လုံခြုံမှုမရှိသေးဘူးပေါ့နော။ ”

အစိုးရဘက်အခု ခရီးသွားလုပ်ငန်းဖော်ဆောင်မည့် ကယားပြည်နယ်အတွင်းရှိ သံလွင်မြစ်က တလျှောက်မှာတော့ မြန်မာစစ်တပ် ရှေ့တန်းတပ်စခန်းတွေ၊ ရွာသစ်မှာဆိုရင်တော့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်ဌာနချုပ် နဲ့ ဖာဆောင်းမြို့နယ်ထဲမှာဆိုရင် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ရှေ့တန်းတပ်စခန်းတွေက သံလွင်မြစ်နံဘေးပတ်ဝန်းကျင်မှာ ရှိနေကြပါတယ်။

အစိုးရဘက်ကနေ ရှားတောမှာရှိတဲ့ ကယားလူမျိုးတွေရဲ့ ရိုးရာနေထိုင်မှု၊ သဘာဝရေပူစမ်းချောင်း၊ ဘုရားဖူး ခရီးစဉ်နဲ့ သံလွင်မြစ်တစ်လျောက် စက်လှေအပန်းဖြေခရီး ဖော်ဆောင်ဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းအနေနဲ့ ကယားပြည်နယ်အတွင်း ယခင်နှစ်တွင်းမှာ လာရောက်လည်ပတ်သူ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာကုန်အထိ ပြည်တွင်းခရီးသွားသူစုစုပေါင်း ၆၇၄၉၃ ဦး ရှိခဲ့ပြီး ပြည်ပခရီးသွား ၁၁၄၅၉ဦးတို့ လာရောက်လည်ပတ်ခဲ့ကြတယ်လို့သိရပါတယ်။

၎င်းနှစ်အတွင်းမှာပဲ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှရငွေ ပြည်တွင်းခရီးသွားထံကနေရငွေက ကျပ်သန်း ၁၆၀၀ကျော်နဲ့ ပြည်ပမှ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေထံမှရငွေ ဒေါ်လာ ၇သောင်းကျော်အထိရရှိခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

spot_img
spot_img

Recent posts